စားအုန်းဆီ တပိဿာ ကျပ် ၉၀၀၀ သို့ရောက်ရှိ (မြန်မာ့သမိုင်းတွင် အမြင့်ဆုံးအဖြစ် စံချိန်ချိုး)

ရန်ကုန်စားအုန်းဆီလက်လီစျေးကွက်အတွင်း ဇွန် ၁ ရက်တွင် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၉၀၀၀ နီးပါးအထိ မြင့်တက်လာ‌ကြောင်း စားအုန်းဆီလက်လီရောင်းချသူများထံမှသိရပါတယ်။

စားအုန်းဆီ‌ရောင်းချသည့် လက်ကားဒိုင်များတွင် တစ်ပိဿာလျှင် ကျပ် ၈၀၀၀ ဝန်းကျင်ဖြင့် လက်ကားဖြန့်ဖြူးနေခြင်းကြောင့် လက်လီစျေးကွက်အတွင်း တစ်ပိဿာလျှင် ကျပ် ၁၀၀၀ စီကွာ၍ ရောင်းချရခြင်းဖြစ်ကြောင်းလည်း လက်လီအ‌ရောင်းဆိုင်များကပြောပါတယ်။

“လက်ကားဒိုင်မှာ ဝယ်စျေးက ၈၀၀၀ လောက်ရှိတယ်။ ပြန်ရောင်းတော့ ၉၀၀၀ နဲ့ပြန်ရောင်းတယ်။ ထိန်းရောင်းပေးနေရတဲ့အခြေအနေမှာရှိပါတယ်။ မနေ့ကနဲ့ဒီနေ့ကို တစ်ပိဿာ ၇၀၀ လောက်စျေးတက်သွားတာ” ဟု စားအုန်းဆီလက်လီအရောင်းဆိုင်ရှင်တစ်ဦးကပြောပါတယ်။

ပြည်တွင်းစားအုန်းဆီစျေးကွက်သည် ပြီးခဲ့သည့်လကတည်းက မငြိမ်မသက်ဖြစ်‌ပေါ်နေပြီး နိုင်ငံတော်အနေဖြင့်စားအုန်းဆီတင်သွင်းမှုကို လျှော့ချထားရာ ပြည်တွင်းစားသုံးမှုအတွက် လိုအပ်ချက်ရှိနေကြောင်းလည်း စားအုန်းဆီတင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းရှင်များက ပြောပါတယ်။

စားအုန်းဆီတင်းသွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပုံမှန်အားဖြင့်တနင်္လာနေ့တွင် စားအုန်းဆီရည်ညွှန်းစျေးကိုသတ်မှတ်သော်လည်း မေလ ၁၆ ရက်မှ ၂၂ အထိသာ ရည်ညွှန်းစျေးထုတ်ပြန်ခဲ့ပြီး မေလ ၂၃ ရက် နှင့် ၃၀ ရက်အတွက် ရည်ညွှန်းဈေးမထုတ်ပြန်ခဲ့ကြောင်း၊ ဇွန် ၁ ရက် လအစတွင်လည်း စျေးဖွင့်နိုင်ခြင်းမရှိကြောင်း ကော်မတီ၏ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့သည့်မေလအတွင်း စားအုန်းဆီပြတ်လပ်တော့မည်ဟုဆိုသော ကောလာဟလသတင်းများ ထွက်‌ပေါ်လာခဲ့ပြီးနောက် စားအုန်းဆီစျေးများ ဆက်တိုက်မြင့်တက်လာပြီး ယခုအခါ အမြင့်ဆုံးစျေးသို့ ရောက်ရှိနေခြင်းဖြစ်ပါတယ်။

မေလ ၂၂ ရက်တွင် စားအုန်းဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီရည်ညွှန်းစျေးကိုထုတ်ပြန်ထားရာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၅၇၅ ရှိပြီး လက်ကားရည်ညွှန်းစျေးမှာ ၅၆၈၅ ကျပ်ရှိပါတယ်။

စားအုန်းဆီ အဓိက တင်ပို့တဲ့ အင်ဒိုနီးရှားနိုင်ငံက မေလအတွင်းက တင်ပို့မှု ရပ်ဆိုင်းထားခဲ့ပေမယ့်လည်း ယခုအချိန်မှာ ပြန်လည်တင်ပို့နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် စကစရဲ့ ဒေါ်လာ အသုံးမပြုရေး ရည်မှန်းချက်ကြောင့် သွင်းကုန် လိုင်စင်များ အားလုံးကို ထိန်းချုပ်ထားသဖြင့် ဈေးကွက်အတွင်းမှာ စားအုန်းဆီတွေ ပြတ်လပ်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ စားအုန်းဆီ တပိဿာကို တသောင်းအထိ ရောက်သွားမယ့် အခြေအနေ ဖြစ်နေပြီး မြန်မာ့သမိုင်းမှာ အမြင့်ဆုံး ဈေးသို့ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ မြင့်သထက် မြင့်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကို ရင်စည်းခံရမှာပဲ ဖြစ်ပါတယ်။ (ပုံကတော့ ၂၀၂၂ ခုနှစ် မတ်လတုန်းက အင်းစိန်မြို့နယ်မှာ စားအုန်းဆီတွေ ရေနုတ်မြောင်းထဲ ရုတ်တရက် စီးဆင်းလာလို့ ပြည်သူတွေ ဝိုင်းဝန်း ခပ်ယူနေတဲ့ သနားစဖွယ်ပုံတွေပဲ ဖြစ်ပါတယ်)။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page