၄ လအတွင်း မပြောင်းလဲရင် ပိုဆိုးမယ့်အခြေအနေ (ကျပ်ငွေတန်ဖိုးကျမှု သတင်းကောင်းနဲ့ သတင်းဆိုး)

လက်ရှိ မြန်မာငွေတန်ဖိုးကျတာတွေက ငွေလွန်ကဲဖောင်းပွမှု (hyperinflation) အထိ ဖြစ်သွားနိုင်သလား စဉ်းစားစရာဖြစ်တယ်။ ငွေဖောင်းပွနှုန်း ၁ လအတွင်း ၅၀ ရာခိုင်နှုန်းရှိလာပြီဆိုရင် ဒါကို ငွေလွန်ကဲဖောင်းပွမှု သို့မဟုတ် ဟိုက်ပါအင်ဖလေးရှင်းလို့ ခေါ်တယ်။

ဘာကြောင့်ဖြစ်တာလဲ။ ပုံမှန်မှာတော့ ငွေတန်ဖိုးဆိုတာ အမြဲတမ်းကျနေတဲ့သဘောရှိတယ်။ နိုင်ငံတနိုင်ငံ စီးပွားရေး သွက်လာရင် စျေးကွက်ထဲငွေ(ပို) လှည့်ပတ်ဖို့လိုလာတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံစီးပွားရေးကောင်းဖို့ဆိုတာ ငွေမဖောင်းပွ (ငွေပိုမတိုးလာ) လို့ မဖြစ်ဘူးလို့ ဆိုကြတာ။ ဒါပေမယ့် လိုအပ်တာထက်ငွေပိုထုတ်လိုက်ရင် ငွေဖောင်းပွတာပဲ။

စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ပုံမှန်ဆို ငွေဖောင်းပွနှုန်းက တနှစ်ကို ၁.၅ ရာခိုင်နှုန်း ပတ်ဝန်းကျင် သို့မဟုတ် အဲဒီသာသာလောက်မှာရှိကြတယ်။ ဒါကြောင့် ငွေဖောင်းပွနှုန်းကို ၂ ရာခိုင်နှုန်း ကျော်လာပြီဆိုရင် ဒါမကောင်းတဲ့သဘောလို့ သတ်မှတ်တယ်။ ကိုယ့်စီးပွားရေးအင်အားထက် ပိုပြီး စျေးကွက်ထဲ ကိုယ့်ငွေကိုထပ်တိုး (ငွေထပ်ရိုက်) တဲ့အခါ ငွေဖောင်းပွတယ်။ အလွန်အကျွံထပ်တိုးလိုက်ရင် ငွေဟာ အလွန်အကျွံဖောင်းပွလာတယ်။

ရှေ့မှာ ငွေလွန်ကဲဖောင်းပွနှုန်း ဘယ်နိုင်ငံတွေမှာရှိခဲ့လဲ၊ ကမ္ဘာမှာ ငွေဖောင်းပွနှုန်းအမြင့်ဆုံးဖြစ်ခဲ့တဲ့ နိုင်ငံဟာ ဟန်ဂေရီဖြစ်တယ်။ ၁၉၄၅ – ၄၆၊ ဒုတိယကမ္ဘာစစ်ပြီးကာလ။ မြန်မာခုပုံစံက ရှေ့မှာ ဂျာမန်တွေဖြစ်ခဲ့ပုံနဲ့ အနည်းငယ်ဆင်တယ်။ ဂျာမနီမှာ ၁၉၂၃က ငွေလွန်ကဲဖောင်းပွခဲ့တယ်။ ပြဿနာက ၁၉၂၁ ကစတာ။ ပထမကမ္ဘာစစ် စစ်ရှုံးတော့ ဗာဆိုင်းစာချုပ်အရ စစ်လျှော်ကြေးပေးဖို့ လိုတာကစတယ်။ ဒီတော့ အစိုးရက ဂျာမန်မတ်ငွေတွေ ရိုက်ထုတ်ပြီး အဲဒီငွေနဲ့ ရွှေနဲ့ နိုင်ငံခြားငွေကို စစ်လျှော်ကြေးပေးဖို့ လိုက်ဝယ်တယ်။ အဲဒီမှာ သူ့ငွေတန်ဖိုး စကျတယ်။

ငွေတန်ဖိုးကျလွန်းတော့ ငွေတွေအပြင်ထွက်ပြေး (Capital Flight) တယ်။ တတ်နိုင်တဲ့ ဂျာမန်တွေက ငွေတွေအပြင်ပို့ကျတာပေါ့။ ဆိုလိုတာ ကိုယ့်ငွေကို နိုင်ငံခြား‌ငွေပြောင်းပြီး နိုင်ငံခြားမှာ သွားထားကြတာ ဖြစ်တယ်။ ယူဂိုဆလပ်မှာ ၁၉၉၄ ဖြစ်ခဲ့တာက ဒီထက်ဆိုးတယ်။ စစ်ဖြစ်နေတဲ့အချိန်၊ နိုင်ငံကလည်း ကွဲထွက်ပြီးအနေအထား၊ အစိုးရက စီးပွားရေးမလုပ်တတ် စီးပွားရေးပေါ်လစီ နားမလည်။ အဆင်မပြေတော့ ငွေတွေရိုက်ထုတ်တယ်။ ငွေတန်ဖိုးကျတော့ စျေးတွေတက်၊ အစိုးရကစျေးတွေလိုက်ထိန်းတော့ စီးပွားရေးတွေက ရပ်ပစ်လိုက်ရတယ်။ အစားအစာတွေ၊ ပစ္စည်းတွေက လိုပေမယ့် ရောင်းမယ့်သူက မရှိတော့ဘူး။ (supply – demand အကြီးအကျယ်ကွာဟသွားတယ်)

လူသိများတာကတော့ ဇင်ဘာဘွေပဲ။ ငွေလွန်ကဲဖောင်းပွတာက ၂၀၀၈ မှာဖြစ်ပေမယ့် တကယ့် ပြဿနာတွေရဲ့ အစက မူဂါဘီအာဏာရတဲ့ ၁၉၉၀ ပြည့်နှစ်တွေကစတယ်။ မြေယာပြုပြင်ပြောင်းလဲရေး ကစတယ်။ ဒါပေမယ့် ငွေတွေစပြီး ဂမူးရူးထိုးရိုက်ဖြစ်တာက ၂၀၀၆ မှာစတယ်။ ၂၀၀၈ မှာ ငွေကို အထုပ်လိုက်ထမ်းပြီး စျေးဝယ်ရတော့တယ်။ အစိုးရခြစားတာနဲ့ စီးပွားရေးကိုထင်သလိုလုပ်လို့ နိုင်ငံမွဲသွားတာကို နမူနာပြပါဆို ဇင်ဘာဘွေကို ပြနိုင်တယ်။

ဘာဆက်ဖြစ်မလဲ။ တကယ်တော့ လစ်ဘရယ်ဒီမိုကရေစီကော ‌‌‌စျေးကွက်စီးပွားရေးကော ၂ ခုစလုံးက မြန်မာတွေအတွက် အသစ်တွေပါ။ အရင်းစနစ်က အလွယ်ပြောရရင် နိုင်ငံရေးကော စီးပွားရေးကော ဖွင့်ကစားရတာ ဖြစ်တယ်။ ဆိုလိုတာက လူထုရဲ့ နိုင်ငံရေးမှာ ပါဝင်မှုကိုဖွင့်ပေးထားရသလို စီးပွားရေးမှာ စျေးကွက်ကို လွတ်လပ်ခွင့် ပေးထားရတာကို အခြေခံတယ်။ တခုပိတ်ပြီး တခုဖွင့်ကစားချင်လို့မရဘူး။ နိုင်ငံရေးကိုပိတ်လိုက်တာနဲ့ စီးပွားရေးဟာ အာဏာရှင်ကိုယ်ကျိုးရှာဖို့သက်သက်သာဖြစ်စေလိမ့်မယ်။ ပြီးရင် စျေးကွက်လည်း အလိုလို ပိတ်သွားလိမ့်မယ်။

၁၉၆၂ – ၈၈ (ဗဟိုဦးစီးစနစ်၊ စျေးကွက်မရှိ) နဲ့ ၁၉၈၈ – ၂၀၁၀ (စစ်အာဏာရှင်စနစ်၊ ခရိုနီစျေးကွက်) တွေကနေ ၂၀၁၀ – ၂၀ (ဒီမိုကရေစီတပိုင်း၊ စျေးကွက်တပိုင်း) မှာ ပြီးခဲ့တဲ့ ၁၀စုနှစ်ဟာ မြန်မာစီးပွာ‌ရေးကို ပြန်တည့်မတ်ဖို့ အခွင့်အရေးတချို့ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုမှာ ပျက်စီးခဲ့တယ်။

မြန်မာ ငွေဖောင်းပွနှုန်းဟာ ၂၀၂၂ ဧပြီမှာ ၁၈ ရာခိုင်နှုန်းနီးပါးရှိတယ်။ ပြည်တွင်းကိန်းဂဏ္ဍန်းတွေကို အခြေခံလို့မို့ ဒီထက်ပိုများနိုင်တယ်။ ငွေဖောင်းပွနှုန်းဟာ သြဂုတ်လမှာ အမြင့်ဆုံးဖြစ်ခဲ့တာမို့ လက်ရှိအနေအထားဟာ ၂၅ ရာခိုင်နှုန်းပတ်ဝန်းကျင်လောက်မှာ ရှိနေနိုင်တယ်။ များကောင်းလည်းများ နိုင်တယ်။ ငွေဖောင်းပွနှုန်းဟာ ကုန်‌‌‌စျေးနှုန်းနဲ့ လူထုစားသုံးဝယ်ယူနိုင်စွမ်းပေါ် မူတည်တွက်တာဖြစ်တယ်။ ဒေါ်လာနဲ့ ငွေလဲနှုန်းသက်သက်ပေါ်မှာသာ တွက်ရင် ကျပ်ငွေဖောင်းပွနှုန်းက ဟိုက်ပါအင်ဖလေးရှင်း နှုတ်ခမ်းဝကို မကြာခင် ရောက်ကောင်းရောက်လာနိုင်တယ်။

ဘတ်ဂျက်လိုငွေကြီးလာ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမရှိ၊ ငွေကြေးပေါ်လစီညံ့ဖျင်း၊ အခွန်မဲ့ စတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးနှင်တံတွေအားလုံး မရှိတော့တဲ့အခါ ပိုက်ဆံဆက်ရိုက်ထုတ်တဲ့နည်းတခုသာ ကျန်တော့တယ်။ ငွေတွေ ဆက်တိုက်ရိုက်ထုတ်တော့ အခြေအနေတခုမှာ ငွေဟာ တန်ဖိုးကျရုံထက်မကဘူး။ အဓိပ္ပါယ်ပါ မရှိတော့ဘူးဖြစ်လာတယ်။ ဒါဟာ ငွေလွန်ကဲဖောင်းပွမှုရဲ့ နောက်ဆုံးအခြေအနေပဲ။ ငွေမှာ အဓိပ္ပါယ် မရှိတော့ဘူး။

ဒီ၄ လမှာ အပြောင်းအလဲ တခုဝင်မလာရင် ၂၀၂၃ စီးပွားရေးအကျပ်အတည်းဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ပြင်းထန်နိုင်တယ်။ အဲဒီအတွက် သတင်းကောင်းတခုနဲ့ သတင်းဆိုးတခုရှိတယ်။ သတင်းဆိုးက ငွေတန်ဖိုးကျတယ်၊ ငွေမှာအဓိပ္ပါယ်မဲ့လာတယ်ဆိုတာက -ုံးကွဲသလိုမဟုတ်ဘူး။ -ုံးပေါက်တယ်ဆိုတာက -ုံးနဲ့ နီးစပ်ရာမှာသာ အန္တရာယ်ရှိတာ။ ငွေပျက်တယ်ဆိုတာက ငွေနဲ့ ဆက်စပ်နေတဲ့လူတိုင်းပေါ် ထိမှန်ဒါဏ်ရာရစေတယ်။ သတင်းကောင်းက အဲဒီအကျပ်အတည်းဟာ စစ်အာဏာရှင်စနစ်ဆိုးကိုပါ ဆွဲလှဲချသွားတဲ့ အဓိက အကြောင်းအရင်းတခုဖြစ်လာနိုင်တယ် ဆိုတာပဲဖြစ်တယ်။ လွတ်လပ်စွာကူးယူနိုင်တယ်။ (
Kyaw Zaaw Khine)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page