ဒေါ်လာ သန်း ၂၀၀ အသုံးခံမယ့်အချိန်နဲ့ အကြံကုန်နေတဲ့ စကစရဲ့ အိုးနင်းခွက်နင်း အခြေအနေ
ဗဟိုဘဏ်က ရှိထားတဲ့ အရန် (Reserve) ထဲက ရွှေနဲ့ အမေရိကန်ဒေါ်လာ တချို့ကို ချရောင်းပြီး ဈေးကွက်ဝင်ထိန်းဖို့ ကြိုးစားပြီးတဲ့နောက် ငွေကြေးဖောင်းပွမှု (Inflation) ကို နည်းနည်း ပြန်ထိန်းခဲ့ပါတယ်။ အဲဒီတော့ အမေရိကန်ဒေါ်လာဈေး လုံးဝ ပြန်ကျသွားမှာလား။
အချိန်အတိုင်းတာတခုထိ အရန် (Reserve) ထားထားတဲ့ ငွေက အလုပ်လုပ်ဦးမှာပါ။ ဒါပေမယ့် ထို အရန် (Reserve) ငွေ ဘယ်လောက်ကျန်အုန်းမှာလဲ ဘယ်လောက်ထိအသုံးခံမှာလဲ။ တိုင်းပြည်ဝင်ငွေ ထွက်ငွေ မျှခြေရောက်တဲ့ထိ ငွေရှာနိုင်မှာလား ဒါကအဓိက မေးခွန်းပါ။
စစ်စရိတ်တွေ လျှော့ချနိုင်ဖို့က လက်ရှိမှာ ဖြစ်နိုင်ချေမရှိသေးတော့ ထွက်ငွေတွေက များနေမှာပဲ။ လျှော့နိုင်စရာဆိုလို့ ပြည်သူလူထု သုံးရမယ့် သွင်းကုန် (Import) ပစ္စည်းတွေပေါ် အခွန် (Tax) တွေ မြှင့်ပြီး သွင်းကုန် (Import) ပိတ်ချတာမျိုးနဲ့ဘဲ လျှော့ချရမှာပါ။
ဆေးနဲ့ဆီ ကမဖြစ်မနေမို့ ထို နှစ်ခု ဝယ်ပြီး ဘာမှမဝယ်နဲ့ သဘောမျိုးပြန်သွားရပါလိမ့်မယ်။ ကားဈေးကတော့ ကျဖို့ မရှိတော့ပါဘူး။ အိမ်ခြံမြေဈေးလည်း ငွေလက်ထဲမထားချင်တာကြောင့် လိုက်တက်ဦးမှာပါ။ အကယ်၍ အသုံးစရိတ်တွေက စစ်ရယ် ဆီရယ် ဆေးရယ် က အဝင်စရိတ်နဲ့ မကာမိရင်တော့ ခုလို အရန် (Reserve) ငွေတွေ ထုတ်ရောင်းရင်း အဆုံးမှာ သီရိလင်္ကာလို အရန်ငွေ (Reserve currency) မရှိဖြစ်ရင် စီးပွားရေး ပြိုလဲမှု (Economic Crisis) ဖြစ်မှာပါ။
အချုပ်အားဖြင့်ဆိုသော် စစ်ပွဲတွေ အဆုံးမသတ်သ၍ နိုင်ငံဟာ နလံမထူနိုင်ဖြစ်နေဦးမှာဆို ငွေကြေးဖောင်းပွမှု (Inflation) ကလည်း အဆုံးမသတ်သေးပါကြောင်း။ (Travelwithminwai)