ကိုဗစ်နဲ့ ပက်သက်လို့ သတိထားသင့်တဲ့ သွေးတွင်း အောက်ဆီဂျင်ကျဆင်းခြင်း ပြဿနာ
ကိုဗစ်နဲ့ ပက်သက်လို့ သတိထားသင့်တဲ့ သွေးတွင်း အောက်ဆီဂျင်ကျဆင်းခြင်း..
အခု မြန်မာနိုင်ငံက ကိုဗစ်မှာ သတိထားမိလာတဲ့ အချက်တစ်ခုက လူနာတွေဟာ brought dead လို့ခေါ်တဲ့ ဆေးရုံကို အသက်သေဆုံးပြီးမှ ရောက်ရှိခြင်း ၊ ဒါမှမဟုတ် ဆေးရုံရောက်ပြီး ခဏအတွင်း ဆုံးပါးခြင်းတွေ သာမန်ထက် နည်းနည်းပိုများနေတာကို တွေ့ရပါတယ်။
လူနာက အိမ်မှာ အကောင်းကြီးကနေ ချက်ချင်းမောလာ၊ ဆေးရုံပြေး၊ ဆေးရုံရောက်လို့ မကြာခင် ဆုံးပါးတယ် ဆိုတာမျိုးတွေ ကြုံနေရတာပါ။ ဒီလို ဖြစ်တာဟာ အချက်အလက်များစွာပေါ် မူတည်နိုင်ပေမယ့် ကိုဗစ်ရဲ့ ထူးခြားတဲ့ သတိထားစရာ အရေးကြီးတဲ့ အချက်တစ်ခုကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲ့တာကတော့ silent hypoxia လို့ခေါ်တဲ့ ပြဿနာ တစ်ခုကို ကိုဗစ်မှာ တွေ့နေရတာပါ။
Hypoxia ဆိုတာ ကိုယ်တွင်း အောက်ဆီဂျင် ကျတာကို ခေါ်တာပါ။ ကိုဗစ်မှာက silent hypoxia လို့ခေါ်ပါတယ်။ ဘာလို့ silent လို့ ခေါ်လဲဆို ကိုဗစ်ပိုးရှိသူမှာ အောက်ဆီဂျင် ကျနေပေမယ့် လူနာက ပထမပိုင်းမှာ မောလဲမမော၊ ဘာမှလဲ မဖြစ်ဘဲ အေးဆေးဖြစ်နေတတ်လို့ပါ။ အဲ့တာကြောင့် silent hypoxia လို့ခေါ်တာပါ။
ပိုးရှိသူက လှေခါးတက်တာ၊ လမ်းလျောက်တာ အစရှိတဲ့ အားစိုက်ထုတ်ရတဲ့ အလုပ်လုပ်မှ တဲတဲလေးရှိနေတဲ့ အောက်ဆီဂျင်က ပြုတ်ကျ၊ လူနာကမော၊ ဆေးရုံရောက်တော့ဆုံး ဆိုတာမျိုး မကြာခဏ ကြုံတွေ့နေရတာပါ။
ဘာလို့ hypoxia (ဟိုင်ပေါက်စီးယား) ရှိလျှက်နဲ့ ပထမပိုင်းမှာ မမောတာလဲ ဆိုတော့ ကိုဗစ်ကြောင့် အဆုတ်ကို ထိခိုက်ပြီး အောက်ဆီဂျင် ကျနေပေမယ့် CO2 လို့ခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို အဆုတ်က စွန့်ထုတ်နိုင်သေးလို့ပါ။
Silent Hypoxia ကို သိဖို့ဆိုရင် pulse oximeter လို့ခေါ်တဲ့ လက်ထိပ်မှာ အောက်ဆီဂျင်တိုင်းတဲ့ စက်ကလေး လိုပါတယ်။ smart phone တွေကနေ application ကို download လုပ်ပြီး သုံနိုင်တယ်လို့လဲ ပြောပါတယ်။
SPO2 လို့ခေါ်တဲ့ အောက်ဆီဂျင်ဓါတ်က သာမန် လူတယောက်မှာ ၉၅ ကနေ ၁၀၀ အတွင်းရှိရပါမယ်။ ၉၁ အောက်ရောက်လာရင် အတော်အရေးကြီးနေပါပြီ။
ဒီကိုဗစ်ကာလမှာ နေထိုင်မကောင်းများ ဖြစ်ခဲ့ရင် အဲ့ဒီ SpO2 လေးကို တိုင်းတိုင်းကြည့်ပြီး ဂရုစိုက်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။ စက်မရှိရင်လဲ အရမ်းကြီး ပျာယာခတ် စိတ်မပူပါနဲ့။ လှုပ်ရှားလို့ မောတယ်၊ အရင်နဲ့ မတူဘူးဆိုရင် ကျန်းမာရေးဌာနကို ဆက်သွယ်ပါလို့။
မှတ်ချက်။ စက်တွေလဲ လုမဝယ်ကြနဲ့အုန်းနော်။ စက်က ခန့်မှန်းစျေး ၂ သောင်းကျော်ပဲရှိတယ်။ ဂျင်းတွေလဲ မိကုန်ကျအုန်းမယ်။ စက်ကြော်ငြာတာလဲ မဟုတ်ပါ။
Dr. Myo Thet Aung