အသိမရှိတဲ့ အလှူရှင်နဲ့ ပန်းရံဆရာကြောင့် ပျောက်ဆုံးသွားရတဲ့ ပုဂံရှေးဟောင်းလက်ရာတခု

မြန်မာပြည်မှာ အသိမဲ့တဲ့ အလှူရှင်တွေနဲ့ လက်စွမ်းပြချင်တဲ့ ပန်းရံဆရာတွေကြောင့် ရှေးဟောင်း အမွေအနှစ် လက်ရာများ တခုပြီး တခု ဆက်တိုက် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ထဲက ပုဂံနဲ့ ခေတ်ပြိုင် ဂူဘုရားကြီးပေါ်မှာ မှန်အမိုးတင်ထားတဲ့ ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာကြောင့် ဝေဖန်မှု အများအပြားနဲ့ ကြုံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ စကစ လက်အောက်ခံ ရှေးဟောင်းသုတေသန ဦးစီးဌာနရဲ့ လစ်ဟာမှုတွေ ပေါ်ပေါက်ခဲ့ပြီး အဆိုပါ မှန်အမိုးကို ပြန်လည် ဖြုတ်ချမယ်လို့ သိရပါတယ်။

ပုဂံဘုရား အများအပြားကိုလည်း ပီဗီစီပိုက်များနဲ့ အစားထိုးပြုပြင်ခဲ့ကြောင်းကို ငလျင်လှုပ်မှသာ သိခဲ့ရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ရှေးဟောင်းစေတီပုထိုးနဲ့ အဆောက်အဦးတွေကို ပြုပြင်တဲ့အခါမှာ ပညာရှင်တွေရဲ့ စံချိန်စံညွှန်းအတိုင်း မလုပ်ဘဲ အလှူရှင် စိတ်တိုင်းကျ ပြုပြင်ခဲ့မှုကြောင့် တန်ဖိုး ရှိလှတဲ့ ရှေးဟောင်း အမွေအနှစ် အများအပြား ပျက်စီး ဆုံးရှုံးခဲ့ ရပြီး ဖြစ်ပါတယ်။

လက်ရှိမှာလည်း ပုဂံခေတ်လက်ရာ ရုပ်ပွားတော် တဆူကို အသိဉာဏ်မဲ့ အလှူရှင်နဲ့ လက်စွမ်းပြချင်တဲ့ ပန်းရံဆရာတို့ ပြုပြင်မှုကြောင့် ရှေးဟောင်းအမွေအနှစ် ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့အကြောင်း ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ မျက်မြင်တွေ့ရှိခဲ့သူ ရေးသားထားမှုနဲ့အတူ မူလရှေးဟောင်းလက်ရာနဲ့ ပြုပြင်ပြီး လက်ရာပုံတို့ကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-

“ပုဂံက ဘုရားတဆူ ပြုပြင်ခံလိုက်ရတဲ့ပုံလေးတက်လာတော့ ရင်ထဲမှာ တော်တော်လေးကို ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ် သဒ္ဒါအားထက် ပညာအား နည်းပါးတဲ့အရပ်ဒေသမှာ ပုဂံဆိုတာ နောက်နှစ် ၅၀ ကြာရင် အခုလိုတောင် ဟောင်းနွမ်းတဲ့ နံရံအုပ်ချပ်တွေ ရှိပါတော့မလား ကြားဖူးတဲ့ သီချင်းတစ်ပုဒ်လိုပြောရရင် ဓမ္မရံကြီးကိုဝအောင်ဖူးထား အာနန္ဒာကိုဝအောင်ကြည့်ထား နောက်ဆို သဗ္ဗေညုလည်းမသေချာဘူး ရွှေစည်းခုံလည်းမြင်ချင်မှမြင်ရမှာ ပုဂံရေ အားနာလွန်းလှပါတယ် (Backpacker’s Notes)” ဓာတ်ပုံ – ဇော်ဇော် ပုဂံ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page