ပိုက်ဆံအတုနဲ့ ငွေလွှဲပြီး တနေရာက ပြန်ထုတ်တဲ့ လိမ်နည်း (ငွေလွှဲငွေထုတ်ဆိုင်များ ဂရုစိုက်ကြပါ)

ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့တွင် ဧပြီ ၂၃ ရက်မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က တစ်သောင်းကျပ်တန်ငွေစက္ကူအတုများဖြင့် ငွေလွှဲငွေထုတ်ပြုလုပ်သူ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ကန်ကြီးထောင့်မြို့၊ (၁)ရပ်ကွက်ရှိ စျေးဆိုင်တစ်ဆိုင်တွင် အသက်(၂၇)နှစ်အရွယ်ခန့်ရှိ အမျိုးသမီး ၁ ဦးမှ ခရိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆင်ကူကျေးရွာနေသူထံ ဝေ့မန်းနီးဖြင့် ငွေကျပ် ၁ သိန်းလွှဲပေးရန်လာရောက်ခဲ့သဖြင့် ဆိုင်ပိုင်ရှင်မှ လွှဲပြောင်းပေးခဲ့ပါတယ်။

ထိုသို့ လွှဲပြောင်းပေးပြီးနောက် အမျိုးသမီးပေးအပ်သည့် ငွေကျပ် ၁ သိန်းအားလက်ခံ၍စစ်ဆေးရာ တစ်သောင်းကျပ်တန် ၁၀ ရွက်အနက် ၆ ရွက်မှာ နံပါတ်များတူနေသည်ကို တွေ့ရှိရသဖြင့် ဆိုင်ပိုင်ရှင်မှ တာဝန်ရှိသူများထံဆက်သွယ်သတင်း ပေးပို့ခဲ့ကြောင်း သိရပါတယ်။

တာဝန်ရှိသူများကလာရောက်စစ်ဆေးရာ လွှဲ ပြောင်းပေးထားသည့် ငွေကျပ် ၁ သိန်းအား ငွေလွှဲသူအမျိုးသမီး၏ အမျိုးသားဖြစ်သူမှ ကန်ကြီးထောင့်မြို့၊(၄)ရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်တွင်လာရောက်ထုတ်ယူသွားကြောင်း စစ်ဆေးသိရှိခဲ့ရပါတယ်။

ထို့ကြောင့် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများဖြင့် ငွေလွှဲသူအမျိုးသမီးနှင့်ငွေထုတ်ယူသူ အမျိုးသား(လင်မယား)တို့အား ဖမ်းဆီးအမှုဖွင့်ကာ ဆက်စပ်ငွေစက္ကူအတုပြုလုပ်သုံးစွဲသူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

ငွေစက္ကူနံပါတ်တူ ဖြစ်ရပ်များ လွန်ခဲ့တဲ့ ၂ လပိုင်းလောက်က အများအပြား တွေ့ရှိခဲ့ပြီးနောက် ယခုတကြိမ် ပြန်လည် ခေါင်းထောင်လာခြင်း ဖြစ်ပါတယ်။

ငွေတုလုပ်သူများက နည်းလမ်းအမျိုးမျိုးနဲ့ ငွေတုများကို ဖြန့်ဝေလျက် ရှိတာကြောင့် ငွေလွှဲငွေထုတ်လုပ်ငန်း ပြုလုပ်သူများ အထူးဂရုစိုက်သင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page