တဒေါ်လာ ၅၀၀၀ ဖြစ်ရန် ၂၄ နာရီအလိုနဲ့ ပြိုလဲရပ်တန့်သွားတော့မယ့် မြန်မာ့စီးပွားရေး
လက်ရှိအချိန်မှာ ဒေါ်လာဈေး အနေနဲ့ ၃၉၀၀ သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပြီး မနက်ဖြန် ဈေးကွက်ဖွင့်တဲ့အချိန်မှာ ထပ်မံတက်နိုင်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲမှာ အရောင်းအဝယ် လုံးဝရပ်တန့်သွားပြီး ကြိုက်ရောင်းကြိုက်ဝယ်အခြေအနေသို့ ရောက်ရှိသွားပြီလို့ ဒေါ်လာဈေးကွက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဈေးကွက်အတွင်းမှာ ဒေါ်လာ မရှိသလောက် ရှားသွားပြီး လိုအပ်တဲ့သူတွေအနေနဲ့ လိုက်လံ ရှာဖွေတာတောင် မရောင်းတော့တဲ့ အနေအထားမျိုးတွေ တွေ့ကြုံနေရပါတယ်။
မြန်မာငွေတန်ဖိုးဟာ နေ့ချင်းညချင်း ကျဆင်းသွားပြီး အလွန်အမင်းငွေကြေး ဖောင်းပွမှုနှုန်း (Hyper inflation) သို့ ဦးတည်နေတယ်လို့ စီးပွားရေး ပညာရှင်များက သုံးသပ်ထားကြပါတယ်။ မြန်မာ့စီးပွားရေးကို လေ့လာနေတဲ့ စီးပွားရေးသမား တဦးရဲ့ အမြင်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-
ကိုယ်နဲ့ အမြဲချိတ်ဆက်ပြီး စီးပွားရေး အခြေအနေ သတင်းတွေပေးနေတဲ့ ရန်ကုန်စီးပွားရေးသမားတစ်ဦးရှိတယ်။ သူက တပ်ထဲလည်းပေါက်ရောက်သလို စီးပွားရေးအပိုင်းမှာလည်း အတော်ကြီးကို လူသိတယ်။
သူမှန်းခဲ့တဲ့ စကားတွေ ခေတ်သစ်မှာပြောခဲ့တာတွေ အကုန်လုံးက ကွက်တိ တွေပဲ။ တစ်ဒေါ်လာ ၃၀၀၀ ကျော်လိမ့်မယ်လို့ ကြိုပြောခဲ့တယ်။ ကျော်တာပဲ။ သူက ခန့်မှန်းတယ်ဆိုတာထက် သူ့မှာ တပ်တွင်း အခြေအနေ ၊ အပြင်စီးပွား ရေး အခြေအနေကို တွက်ချက်နိုင်တဲ့ အချက်အလက်တွေရှိနေတယ်။ အဲဒါကြောင့် အချက်အလက်တွေနဲ့တွက်ချက်ပြီး သူပြောတာ။ ဘလိုင်းကြီး ဗေဒင်ဟောနေတာတော့မဟုတ်ဘူး။
မနေ့ တနင်္လာနေ့က စျေးကွက်က အခြေအနေ ခဏစောင့်ကြည့်နေတာမို့ အင်္ဂါနေ့မှာ ၃၅၀၀ နဲ့ ၄၀၀၀ ရောက်လိမ့်မယ် ဒေါ်လာစျေးလို့ သတင်းမှာ ပြောခဲ့တယ်။ ဒီနေ့ ၃၇၀၀ အထိ တက်လာတယ် ဒေါ်လာစျေးက။ သူက ခန့်မှန်းထားတာက သိပ်မကြာခင် တစ်ဒေါ်လာ ၅၀၀၀ ဖြစ်မယ်တဲ့။ ၅၀၀၀ ဖြစ်ပြီးရင်တော့ ခဏလေး ငြိမ်လိမ့်မယ်တဲ့။
စီးပွားရေးက ပြိုရုံမက ပျက်မှာမို့ ခဏ ငြိမ်ပြီးတာနဲ့ ဝုန်းခနဲ အကုန်ပြိုသွားမယ်တဲ့။ အဲဒီကျရင် ခန့်မှန်းစရာမလိုတော့ပဲ အားလုံး ရပ်တန့်သွားလိမ့်မယ်တဲ့။ သာလွန်ဇောင်းထက် (ခေတ်သစ်အယ်/ချုပ်)