အာရှကျားတွေရဲ့ သမိုင်းဝင်အောင်ပွဲနဲ့အတူ အရှေ့က နေဝန်းထွက်ပေါ်လာခဲ့ပြီ
ယနေ့ည ကစားသွားတဲ့ ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ အာရှတိုက်ရဲ့ အမာခံ အသင်းတသင်းဖြစ်တဲ့ တောင်ကိုရီးယား အသင်းက ဘောလုံး ဘီလူးကြီး ပေါ်တူဂီအသင်းကို နောက်က လိုက်ကစားပြီး ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
အရန်လူ အများစုနဲ့ နာမည်ကျော် ရော်နယ်ဒိုတို့ကို ပွဲထွက်လာတဲ့ ပေါ်တူဂီအသင်းဟာ ပွဲအစမှာပဲ တောင်ကိုရီးယားကို တဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အာရှကျားတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်၊ မာကျောတဲ့ ကစားဟန်တွေကြောင့် နောက်ဆုံးမှာ ၂-၁ ဂိုးနဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
တိုက်ဆိုင်တာကတော့ ယမန်နေ့က ဂျပန်အသင်းက စပိန်ကို မယုံနိုင်လောက်ဖွယ် နိုင်သွားတဲ့ နိုင်ပွဲပုံစံမျိုးပဲ တောင်ကိုရီးယားက တထေရာတည်း ပြုလုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အာရှတိုက်မှ အသင်း (၃) သင်းဖြစ်တဲ့ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားတို့ဟာ ရှုံးထွက် အဆင့်ကို ထိုက်ထိုက်တန်တန် တက်လှမ်းသွားပြီ ဖြစ်ပါတယ်။
အဆိုပါစံချိန်ဟာ နှစ် (၂၀) အတွင်း အာရှအသင်း အရေအတွက် အများဆုံး ရှုံးထွက်အဆင့်ကို တက်လှမ်း သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ မထင်မှတ်တာတွေကို အများဆုံး လုပ်ပြသွားနိုင်ခဲ့တာလည်း အာရှအသင်းတွေပဲ ဖြစ်နေပါတယ်။
အာရှမြေမှာ ဒုတိယအကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှအသင်းတွေဟာ အရှေ့ကနေဝန်း ထွက်သည့်ပမာ အာရှဂုဏ်ရောင်ကို ဆက်လက် ထွန်းပြောင်စေနိုင်ဦးမလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။