ယနေ့ခေတ်မှာ တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့စကားလုံးတခု (သို့) နောက်ဖယ်တွင်း

နောက်ဖယ်တွင်း၊ တနေ့တုန်းကပေါ့။ မိတ်ဆွေတစ်ယောက်အိမ်ကို ကိစ္စတစ်ခုနဲ့ ရောက်သွားဖြစ်ခဲ့တယ်။ မီးကပျက်နေတော့ အိမ်ထဲမှာ အိုက်တာနဲ့ သူ့အိမ်ရှေ့က ကွပ်ပျစ်မှာပဲ ထိုင်ကြတယ်။ အဲဒီနောက်တော့ အိမ်ရှင်မိတ်ဆွေလည်း အိမ်ထဲ ခဏဝင်သွားပြီး စားစရာတစ်ခုခုသွားလုပ်နေတုန်း ကျွန်တော်ကလည်း ဟိုငေးဒီငေးပေါ့။

အဲ့ဒီမှာ ဘေးအိမ်က အဘိုးကြီးကို သူ့မြေးဖြစ်တဲ့သူက ဇက်ကြောဆွဲပေးနေတာ တွေ့မိတယ်။ မြေးဖြစ်သူကလည်း ပခုံးတွေ၊ ဇက်တွေ၊ ကုပ်ပိုးတွေကို သေချာနှိပ်နှယ်ပေးနေတာပေါ့။ ကုပ်ပိုးကို နှိပ်နေတုန်း အဘိုးကြီးက “ငါ့မြေးရေ၊ နောက်ဖယ်တွင်း ကို များများလေး နှိပ်ပေးကွာ။ ခေါင်းနည်းနည်း မကြည်လို့” ဆိုပြီး ပြောလိုက်တယ်။

ကျွန်တော် ကြောင်သွားတယ်။ ဘာလဲဟ နောက်ဖယ်တွင်း။ ဘန်းစကားလား။ အဘိုးကြီးက သူ့ဘာသာထွင်ပီး ပြောနေတာလားပေါ့။ အဲ့ဒီလို ကိုယ့်ဘာသာ လျှောက်တွေးနေရင်း သွားမေးမလို့ လုပ်သေးတယ်။ နောက်တော့ ဖုန်းထဲမှာလည်း မြန်မာအဘိဓာန် ပီဒီအက်ဖ် စာအုပ်ရော၊ ဆောဖ့်ဝဲလ်ရော ထည့်ထားတာမို့ ရှာကြည့်မိတယ်။

တွေ့ပါပြီ။ ၁၉၉၉ ခုနှစ်ထုတ် ခရီးဆောင်မြန်မာအဘိဓာန် စာမျက်နှာ (၁၆၈) မှာ “နောက်ဖယ်” (နောက်စေ့၏ အောက်ဘက်နေရာ) နဲ့ “နောက်ဖယ်တွင်း” ဆိုတာ (ဦးခေါင်းနောက်ဘက်ရှိ ချိုင့်ခွက်) တဲ့။ အဲ့ဒီတော့ “နောက်ဖယ်တွင်း” ဆိုတာ နောက်စေ့အောက်က အချိုင့်လေးကို ဆိုလိုတာပေါ့။ ကြည့်စမ်း။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် အဲ့ဒီအသုံးအနှုန်းကို အဲ့ဒီကျမှ သိရတာ။ အရင်က ကြားကိုမကြားဖူးခဲ့ဘူး။စာဖတ်ပရိတ်သတ်တော့ ဘယ်လိုလဲ မသိဘူး။

အဲ့ဒါနဲ့ ကျွန်တော့်ရဲ့ အဘိဓာန် ပီဒီအက်ဖ်က အဟောင်းကြီးမို့ နောက်ဆုံးထုတ်ထားတဲ့ မြန်မာအဘိဓာန်ထဲမှာရော ပါသေးလားဆိုပြီး စာအုပ်တွေအမြဲဝယ်တတ်တဲ့ အသိမိတ်ဆွေတစ်ယောက်ဆီ ဖုန်းဆက်လှမ်းမေးကြည့်တယ်။ ၂၀၁၈ ခုနှစ်၊ တတိယအကြိမ်ထုတ်တဲ့ မြန်မာအဘိဓာန်ထဲမှာလည်း ပါသေးကြောင်းပြောပါတယ်။

အဲ့ဒီတော့ ဒီစကားလုံးတွေဟာ ဟိုးအရင်ကတည်းက ရှိနေနှင့်ပြီးသား စကားလုံးတွေပါပဲ။ အသုံးနည်းတော့ လူတွေသိပ်မသိကြ။ သိပ်ပြီးမသိကြလို့ မသုံးကြတော့ ကြာရင် ပျောက်ကွယ်သွားမှာတောင် စိုးရိမ်မိတယ်။ ခုနအဘိုးကြီးကတော့ သူတို့ခေတ်တုန်းက သုံးကြလို့လား။သုံးဖူးလို့လား မပြောတတ်။ ဒီဘက်ခေတ်မှာတော့ ဒီစကားလုံးတွေဟာ ဘယ်သူမှ သုံးနှုန်းတာ မတွေ့မိပါဘူး။

ကျွန်တော်လည်း စိတ်ဝင်စားလာတာနဲ့ ဆက်လက်ပြီး ဗြဟ္မနိရုတ္တိနယသင်္ဂဟ ခေါ်တဲ့ မြန်မာ့စကားလုံးပြောင်းထုံးကျမ်းထဲ ထပ်မွှေပြန်ပါတယ်။ အဲ့ဒီမှာ “ဖယ်” ဆိုတာ ဘာလဲ။ ဘာအဓိပ္ပါယ်ကို ညွန်းဆိုသလဲ ဆက်ရှာကြည့်တာပေါ့။ အဲ့ဒီမှာ နောက်ဖီ၊ နောက်ဖည်၊ နောက်ဖယ်၊ နောက်ဖေး ဆိုတာ အနက်တူတွဲချည်း ၊ ဆုံးပြောင်းရုံသာ လို့ ရေးထားပါတယ်။ စာမျက်နှာ (၄၅၈) မှာပါ။ တိဘက်လို့တော့ နောက်ကျောဘက်ကို “ဖျိရ်” လို့ ခေါ်ကြောင်း ဆိုထားပါတယ်။ အဲ့ဒီတော့ နောက်ဖယ်ဆိုတာ နောက်ဘက်ကို ပြောတာပေါ့။

နောက်ပြီး ဒီစကားလုံးဟာ ဆရာယုတသန်ရဲ့ အဘိဓာန်ထဲမှာလည်းပါသေးတယ်။ အဲ့ဒီအထဲမှာတော့ “နောက်ဖယ်” ကို The back part of the head just below the protuberance of the occiput လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ “နောက်ဖယ်တွင်းနက်သောသူများသည် ပျင်းတတ်သည်”လို့လည်း ရေးထားပါတယ်ဗျ။စာမျက်နှာ (၅၈၃)မှာပါ။ ဟုတ်လားတော့မသိဘူးနော်။

ကဝိလက္ခဏာသတ်ပုံကျမ်းမှာလည်း “တလိုင်းသဖွယ်၊ လူသူငယ်၊ နောက်ဖယ်မရိတ်သာ” လို့ ရေးဖွဲ့ထားတာဆိုတော့ “နောက်ဖယ်”ဆိုတဲ့စကားလုံးဟာ မွန်တွေအသုံးများပြီး မွန်တွေဆီက ရခဲ့တဲ့ အသုံးအနှုန်းဖြစ်ပါလိမ့်မယ်။ ရှေးတုန်းက မွန်တွေကို (တလိုင်း)လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ကြတာကိုး။

ကဲ ထားပါတော့ဗျာ။ အဲ့ဒီ စကားလုံးဟာ ရှေးရှေးတုန်းက အသုံးတွင်ကျယ်ခဲ့သလား ဆိုတာကတော့ အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေပဲ သိကြပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ် မသုံးတာကြာရင် ပျောက်ကွယ်သွားမှာစိုးတာရော၊ မသိရှိသေးတဲ့ သူတွေလည်း သိရှိရလေအောင် ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

တွင်ကျယ်လာအောင်၊ လူအများနားယဉ်လာအောင် မကြာမကြာ သုံးပေးသင့်ကြောင်း အကြံပြုလိုက်ပါတယ်ခင်ဗျာ။ ကိုင်း စာရေးရတာ ဇက်ကြောတွေတက်ပြီး ခေါင်းတွေတောင် နည်းနည်းနောက်လာတယ်​။ “နောက်ဖယ်တွင်း” လေးကို နှိပ်ပီး အနားယူလိုက်ဦးမယ်ဗျာ။ ကဲ ကျွန်တော့်တော့ စပြီး သုံးပြီ။ Zaw Moe Aung (Old Burma Group)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page