ဒိုင်ကူပေမယ့် နလံမထူနိုင်တဲ့ အာရှကျားအိုကြီး (၂၀၂၂ ကို ရှုံးပွဲတွေနဲ့ အဆုံးသတ်တော့မယ့် မြန်မာအသင်း)
အာဆီယံဘောလုံးအဖွဲ့ချုပ် မစ်ဆူဘီရှီဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ယနေ့ (ဒီဇင်ဘာ ၂၁) ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏကစားကွင်းမှာ အိမ်ရှင်မြန်မာနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကြရာ မလေးရှားအသင်းက တဂိုးဂိုးမရှိဖြင့် အနိုင်ရသွားပါတယ်။
ပွဲပြီးကာနီးအချိန်တွင် မြန်မာအသင်း ပင်နယ်တီကန်ခွင့် ရရှိခဲ့သော်လည်း မလေးရှား ဂိုးသမားက အစွမ်းပြကာကွယ်သွားတာကြောင့် သရေ ရလဒ်ပင် မရရှိဘဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ယနေ့ပွဲကို လုံခြုံရေးအရ ကွင်းပိတ်ကစားမယ်လို့ ကြိုတင်ကြေညာခဲ့သော်လည်း ပြိုင်ပွဲကစားချိန်မှာ မြန်မာအသင်းကို အားပေးနေတဲ့ ဝတ်စုံဆင်တူနဲ့ အယောင်ဆောင် ပရိသတ် အချို့ကို တွေ့ရှိခဲ့ရပါတယ်။ နိုင်ငံတကာ ကစားပွဲတွေမှာ ကွင်းပိတ်ကစားမယ်ဆိုပါက ကွင်းထဲမှာ ကစားသမားနဲ့ ကင်မရာသမားပဲ ရှိရမှာ ဖြစ်ပါတယ်။ ကွင်းပိတ်ကစားမယ်ဆိုပြီး အယောင်ဆောင် ပရိသတ်တွေ ရှိနေတာက မြောက်ကိုရီးယား ဆန်လွန်းပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ရဲ့ မစ်ဆူဘီရှီအီလက်ထရောနစ်ဖလားပြိုင်ပွဲမှာ မြန်မာအသင်းက အုပ်စု (ခ) တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့နှင့် တအုပ်စုတည်းကျရောက်နေပါတယ်။ ယင်းပြိုင်ပွဲအတွက် မြန်မာအသင်းက ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ပြီး ခြေစမ်းပွဲများလည်း ကစားခဲ့ပြီး ထိုင်းလက်ရွေးစင်အသင်းကို ခြောက်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ၂၀၂၂ ခုနှစ်အတွင်း ခြေစမ်းပွဲများ အပါအဝင် (၈) ပွဲ ကစားခဲ့ပြီး ဟောင်ကောင်အသင်းကိုသာ သရေကျခဲ့ကာ ကျန်ပွဲအားလုံးကို ရှုံးနိမ့်ထားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ၂ ပွဲသာ ဆက်လက် ကစားဖို့ ကျန်ရှိနေပြီး နိုင်ပွဲ မရှိတဲ့ နှစ်အဖြစ် မှတ်တမ်းဝင်သွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
တချိန်က အာရှဘောလုံးလောကမှာ ဘောလုံးအင်အားကြီး အသင်းတသင်း ဖြစ်ခဲ့တဲ့ မြန်မာအသင်းဟာ လက်ရှိအချိန်မှာ ဘတ်ဂျက် ဘယ်လောက်သုံးသုံး ဘယ်အသင်းကိုမှ မနိုင်တော့တဲ့ အာရှကျားအိုကြီး အနေနဲ့ ရုန်းကန်နေရပါတယ်။ ပြည်သူတွေကလည်း အားပေးဖို့ စိတ်မဝင်စားတော့ဘဲ မြန်မာဘောလုံးအသင်းကို ရှုံးနိမ့်စေချင်ကြတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတဦးက ပြောပါတယ်။