စက်သုံးဆီဈေး တရက်တည်း ၂၀၀ ကျော် ခုန်တက်ပြီး ၁၈၂၀ ဖြစ်လာ၊ ဆီဆိုင်တချို့ ဆီပြတ်နေ
စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၈ ရက်(ယနေ့) တွင် ပြန်တက်လာခဲ့သည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်း 92 Ron တစ်လီတာလျင် ၁၈၂၀ ကျပ်ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
အလားတူ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင် တို့တွင်လည်း စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ်လီတာလျင် ၁၈၀၀ ကျပ်ကျော်ရှိနေတယ်လို့ သိရပါတယ်။ ထို့ပြင် မြစ်ကြီးနား၊ စစ်တွေ၊ လားရှိုး၊ တောင်ကြီးနှင့် လွိုင်ကော်တို့တွင်လည်း 92 Ron တစ်လီတာလျင် ၁၉၀၀ ကျပ်ကျော်ဖြစ်ပေါ်ခဲ့ပြီး ဟားခါးနှင့် ကျိုင်းတုံတွင် တစ်လီတာလျင် ၂၀၀၀ ကျပ်ကျော်ရှိကြောင်း သိရပါတယ်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၈၂၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၈၈၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၂၂၅ ကျပ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၂၉၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ခဲ့ပါတယ်။
စက်သုံးဆီစျေးတွေပြန်တက်လာတာနဲ့ အတူ ဆီပြတ်လပ်မှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ယနေ့ သြဂုတ် ၈ရက်မှာတော့ စက်သုံးဆီစျေးက ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ 92 / 95 တစ်လီတာကို ၁၈၀၀ ကျပ်အထက်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး နယ်မြို့ကြီးတွေမှာတော့ ကျပ် ၂၀၀၀ အထက်နဲ့ ရှိနေပါတယ်။
မနေ့ ဩဂုတ် ၇ရက် ပေါက်စျေးက တစ်လီတာကို ကျပ် ၁၆၀၀ နဲ့ ၁၇၀၀ ကြားရှိနေပြီး ဒီကနေ့စျေးနဲ့ယှဉ်မယ်ဆိုရင်တော့ မြန်မာငွေ ကျပ် ၂၀၀ ခန့် ပြန်မြင့်တက်လာတာပါ။ ဒါ့အပြင် မန္တလေးတိုင်း၊ ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တချို့မှာ စက်သုံးဆီပြတ်လပ်မှုတွေ ကြုံနေရပြီး ဆိုင်တွေပိတ်ထားတဲ့အခြေအနေတွေအထိ ဖြစ်နေပါတယ်။