စကစ ထုတ်ပြန်တဲ့ စားအုန်းဆီဈေးနဲ့ အပြင်ဈေးနှုန်း ထက်ဝက် ကွာခြားရတဲ့ အဓိကအကြောင်းရင်း

စားသုံးဆီ ဖြန့်ဝေရေး ကြီးကြပ်ရေး ကော်မတီရဲ့ ထုတ်ပြန်ဈေး ၃၆၆၅ ကျပ်ဈေးနဲ့ ဆီတင်သွင်းသူ (Importer) တွေက ထုတ်ရောင်းမှာ မဟုတ်ပါဘူး။ ရည်ညွှန်းဈေးတက်လာမှ ဆီထုတ်ရောင်းမှာပါ။ ဒီတစ်ပတ်ထဲတော့ သက်သာတဲ့နှုန်းနဲ့ ဈေးတွေမှာ ရောင်းချပါတယ်ဆိုပြီး ကားတွေနဲ့ ဆီတင်သွင်းသူ (Importer) တံဆိပ်တွေကပ်ပြီး အရောင်းပြနေဉီးမှာပါ။ ကြီး/ကော်သတ်မှတ်ထားတဲ့ ဈေးနဲ့ မရောင်းချင်လို့ ဈေးတက်လာအောင်စောင့်ရင်း ပျားရည်နဲ့ ဝမ်းချတဲ့သဘောပါပဲ။

ပြီးခဲ့တဲ့ အပတ်တွေက ဆီပေါခဲ့တယ်ဆိုတာ အရင်းကျဈေး ၄၀၀၀ ကျပ် မပြည့်တဲ့အချိန် ကြီး/ကော်ဈေး ၅၈၁၅/ ၅၁၀၀ ကျပ် တွေဖြစ်ခဲ့တော့ မြန်မြန်ထုတ်ရောင်းကြတဲ့သ‌ဘောပါပဲ။ စိတ်မပူပါနဲ့။ ဆီတင်သွင်းသူ (Importer) တွေ မအပါဘူး။ စားသုံးသူတွေပဲ အတတ ခံကြရတာပါ။

စားသုံးသူတွေ သက်သာစွာဝယ်လို့ရအောင် စားသုံးဆီ ဖြန့်ဝေရေး ကြီးကြပ်ရေး ကော်မတီ (MEODA) က လုပ်ပေးနေပါတယ်ဆိုတာ မယုံပါနဲ့။ စားသုံးဆီ ဖြန့်ဝေရေး ကြီးကြပ်ရေး ကော်မတီ (MEODA) က ဆီတင်သွင်းသူ (Importer) တွေနဲ့ပဲ ဖွဲ့စည်းထားတာပါ။

စကစရဲ့ ကန့်သတ်ချက်တွေကြောင့် ဒေါ်လာ မလည်ပတ်နိုင်တော့တဲ့အတွက် ပြည်တွင်း စားအုန်းဆီ ဈေးနှုန်း ဆက်လက် မြင့်တက်လာတယ်လို့ စားအုန်းဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒေါ်လာဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် တစ်ဒေါ်လာကို ကျပ် ၂၄၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာခဲ့ပြီးနောက် ဒေါ်လာဈေးကွက် ရပ်တန့်လုနီးပါး ဖြစ်လာခဲ့တာပါ။

ဒေါ်လာဈေးကွက် လည်ပတ်နိုင်တော့ခြင်း မရှိတာကြောင့် ပြည်တွင်း စားအုန်းဆီ ဈေးနှုန်းဟာ တစ်ပိဿာ ကျပ် ၈၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာသလို လက်လီဈေးကွက်မှာတော့ တစ်ပိဿာကျပ် ၉၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။

စကစက ပြည်တွင်းထွက်ရှိတဲ့ ပဲ ဆီ နှမ်းဆီတွေကို ပိုမို သုံးစွဲလာအောင်အတွက်ဆိုပြီး အကန့်အသတ်နဲ့ ဆီထုတ်ပေးနေတာကြောင့် မလုံလောက်မှုတွေ ရှိလာသလို ရေရှည်မှာ စားအုန်းဆီ ပြတ်လပ်မှုနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ သိရပါတယ်။ပြည်တွင်းမှာ ဒေါ်လာငွေ ကယက်ကြောင့် စားအုန်းဆီ ဈေးနှုန်း ဆက်လက် မြင့်တက်နေပေမယ့် ကမ္ဘာ့ စားအုန်းဆီ ဈေးကွက်မှာတော့ ဈေးနှုန်း ကျဆင်းနေတာ ဖြစ်ပါတယ်။

စားအုန်းဆီဟာ စစ်တပ် အာဏာမသိမ်းခင်က တစ်ပိဿာကို ကျပ် ၂၄၀၀ ဝန်းကျင်သာ ရှိရာမှ လက်ရှိမှာတော့ တစ်ပိဿာ ကျပ် ၈၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက် လာသလို ဈေးနှုန်း မတည်ငြိမ်မှုတွေလည်း နေ့စဉ် နီးပါး ဖြစ်ပေါ်နေတာပါ။ မြန်မာနိုင်ငံမှာတော့ စားအုန်းဆီတွေကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ တို့မှ အဓိက တင်သွင်း ရောင်းချတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page