တိုယိုတာ မြန်မာပြည်စက်ရုံဂယက်ကြောင့် ကားဈေးများ ထိုးကျ (ကားလောက ဗြောင်းဆန်ပါတော့မယ်)

တိုယိုတာ မော်တော်ကား ထုတ်လုပ်မှု မြန်မာပြည်မှာ စတင်ပြီဆိုတဲ့ သတင်းကြောင့် မြန်မာ့ကားလောက တခုလုံး ဂယက် ရိုက်ခတ်မှု ရှိခဲ့ပြီး ကားဈေးတွေ ရုတ်တရက် ထိုးကျကုန်တယ်လို့ သိရပါတယ်။

အဆိုပါ တိုယိုတာ မော်တော်ကားများ တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံဟာ ရန်ကုန်မြို့တောင်ပိုင်းရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ရှိပြီး ဟိုင်းလတ် ပစ်ကပ် ထရပ်ကားများ တပ်ဆင်ခြင်းလုပ်ငန်းများကို စက်တင်ဘာလတည်းက စတင်လည်ပတ် နေပြီဖြစ်ပြီး စီးရေအနည်းငယ်သာ ထုတ်လုပ်နိုင်သေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ တိုယိုတာ အရောင်းကိုယ်စားလှယ်များ အနေဖြင့် ဟိုင်းလတ်ပစ်ကပ်ကား အမှာစာများကို အောက်တိုဘာ ၁၀ ရက် က စတင်လက်ခံနေပြီဖြစ်ကြောင်း၊ သို့ရာတွင် ထုတ်လုပ်မှုကို ကန့်သတ်ထားတာကြောင့် အမှာစာအတိုင်း ပေးပို့နိုင်မည့် ရက်အတိအကျကိုမူ အာမခံနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

ပြည်တွင်းကားရောင်းဝယ်ရေး ဈေးကွက်အတွင်း တန်ဖိုးမြင့်ကားများ ဈေးနှုန်း ကျဆင်းလျက်ရှိတယ်လို့ ကားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံက သိရပါတယ်။ တန်ဖိုးမြင့်ကားတွေထဲက ကျပ်သိန်း ၅၀၀ တန် ကားဈေးက ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းကျဆင်းပြီး ကျပ်သိန်း ၁၀၀၀ တန်ကားဈေးက ၂၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းအထိ ဈေးနှုန်း ကျဆင်းနေပါတယ်။

လက်ရှိ ကားဈေးကွက်အတွင်း တန်ဖိုးမြင့် ကျပ်သိန်း ၁၀၀၀ တန်ကားကို ဝယ်မယ်ဆိုရင် ကျပ်သိန်း ၇၀၀ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့အခြေအနေမှာ ရှိနေပါတယ်။ တန်ဖိုးမြင့်ကားတွေရဲ့ ဈေးနှုန်းများ သိန်းရာချီဈေးနှုန်း ကျဆင်းသွားပေမယ့်လည်း ကျပ်သိန်း ၅၀၀ အောက် တစ်ပတ်ရစ်ဂျပန်ကားတွေရဲ့ ဈေးနှုန်းကတော့ သိန်းဆယ်ဂဏန်းခန့်သာ ဈေးနှုန်း ကျဆင်းမှုရှိတယ်လို့ ကားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးချစ်တိုးက ပြောပါတယ်။

ဘယ်မောင်း ကားသစ်တွေလည်း ဈေးနှုန်းကျဆင်းလျက် ရှိပြီး SKD စနစ်နှင့် ကားထုတ်လုပ်ရောင်းချခွင့်ပြုခဲ့ပါက ကားဈေးနှုန်းများ ယခုထက် ပိုကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိ ပြည်တွင်းကားအရောင်းအဝယ်အခြေအနေမှာ စက်တင်ဘာလကုန်ပိုင်းထက် ပိုမို အရောင်းအဝယ်ကောင်းနေတယ်လို့ သိရပါတယ်။

ယခုလို တိုယိုတာစက်ရုံ SKD စနစ်နဲ့ စတင်ထုတ်လုပ်လိုက်တာကြောင့် မြန်မာ့ကားဈေးကွက် ပိုမိုလှုပ်ခတ်လာပြီး အခြေအနေတွေ တမျိုးတဖုံ ပြောင်းလဲလာနိုင်တယ်လို့ ကားလောကနဲ့ နီးစပ်သူတွေက သုံးသပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page