ဝယ်မရတဲ့ ဒီဇယ်၊ ရှင်းမနိုင်တဲ့ ရွှေခရုနဲ့ တောင်သူလယ်သမားကြီးတွေ မျက်ရည်မစဲတဲ့ ဒီနှစ်

ဧရာဝတီတိုင်းအတွင်း ယခုနှစ်မိုးစပါးစိုက်ရာသီမှာ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေထဲကို ရွှေခရုတွေကျရောက်ပြီး စပါးဧက ထောင်နဲ့ချီ ပျက်စီးသွားတဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ စပါးစိုက်ပျိုးရာသီအစပိုင်း ကျရောက်လေ့ရှိတဲ့ ရွှေခရုတွေကို ကြိုတင်ကာကွယ်နှိမ့်နင်းဖို့တောင်သူတွေက ငွေကြေးအလုံအလောက်မသုံးစွဲနိုင် တဲ့အတွက် ပျက်စီးနှုန်းပိုမြင့်နေတာဖြစ်တယ်လို့သိရပါတယ်။

စပါးပင်တွေကို ရွှေခရုတွေကျရောက်ဖျက်စီးနေတာနဲ့ ပတ်သက်လို့ ဝါးခယ်မမြို့နယ်ရှိ တောင်သူတဦက “လုံးဝပြန်မရတဲ့အခြေအနေအထိ ပျက်စီးသွားတာပါ။ စပါးအပင်တွေက ငုတ်ကလေးတွေပဲ ကျန်တော့တယ်။အသစ်ပြန်စိုက်ဖို့ စရိတ်လည်းမရှိ စရိတ်ရှိတော့လည်းနောက်ကျသွားပြီ။မရှိမဲ့ ရှိမဲ့လေးစိုက်ထားတာ အခုတော့ အခက်အခဲရှိနေပြီ။” လို့ ပြောပါတယ်။

အဲ့ဒီရွှေခရုတွေဟာ ဧရာဝတီတိုင်းအတွင်းရှိ ဝါးခယ်မ၊ ညောင်တုန်း၊ မအူပင်၊ အိမ်မဲ၊ ပန်းတနော်၊ မြောင်းမြစတဲ့ မြို့နယ်တွေက တောင်သူတွေစိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေမှာ အများဆုံးကျရောက်နေတာဖြစ်ပြီး ဧရာဝတီတိုင်းတတိုင်းလုံးမှာ စပါးဧက ထောင်နဲ့ချီပျက်စီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

“ရွှေခရုကိုကာကွယ်ဖို့အတွက် နည်းပညာတွေပေးထား တယ်။ ကျယ်ကျယ်ပြန့်ပြန့် နည်းပညာပေးနိုင်ဖို့လည်းလုပ် နေတယ်။ တောင်သူတွေက အနီးကပ်စပါးခင်းတွေဆီမှာ ရှိနေတာမို့ သေသေချာချာညွန်ကြားချက်တွေအတိုင်း ဆောင်ရွက်ဖို့လိုလိမ့်မယ်။” စကစ လက်အောက်ခံ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဧရာဝတီတိုင်းရှိ ကန်ကြီးထောင့်၊ ပန်းတနော်၊ ဝါးခယ်မ၊ ကျုံကျော်၊ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံစတဲ့ဒေသက တောင်သူတွေစိုက်ထားတဲ့စပါးခင်းတွေမှာလည်း အခုလ ဒုတိယအပတ်ကနေစတင်ပြီး ရွှေခရုတွေကျရောက် နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

တောင်သူတွေအနေနဲ့ စက်သုံးဆီ ဈေး အဆမတန်မြင့်တက်မှုကြောင့် စပါးစိုက်ပျိုးမှုလျော့ကျရတဲ့အပြင် ယခုကဲ့သို့ ရွှေခရုကပ်ဆိုက်တဲ့ အတွက်ကြောင့် ပိုမိုခက်ခဲလာတယ်လို့ သိရပါတယ်။

စက်သုံးဆီ ဈေးနှုန်းနဲ့ ရွှေခရုကပ်ဆိုက်တဲ့ အတွက်ကြောင့် စပါးအထွက်နှုန်း ပိုမိုလျော့နည်းလာပြီး ဆန်ဈေးတွေ တက်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းနေကြပါတယ်။

ဧရာဝတီတိုင်းမှာ မနှစ်က မိုးစပါးစိုက်ပျိုးရာသီမှာလည်း ရွှေခရုတွေကျရောက်လို့ တောင်သူတွေရဲ့စပါးဧက ၇၀၀၀ ကျော်လောက် လုံးဝပျက်စီးခဲ့ရသေးတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page