သုံးပုံ တပုံနီးပါး တက်လာတဲ့ ကားဈေးနှုန်းတွေနဲ့ မရှုနိုင် မကယ်နိုင်ဖြစ်နေတဲ့ မြန်မာ့ကားဈေးကွက်

လက်ရှိကာလတွင် ပြည်တွင်းကားစျေးနှုန်းတွေဟာ ငွေကျပ် သိန်းဆယ်ဂဏန်းဝန်းကျင်အထိ မြင့်တက်လာပြီး မော်ဒယ်မြင့် ကားများထက် Use ကားများသာ စျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ ရန်ကုန်ကားစျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

ယခုလို ပြည်တွင်း ကားစျေးနှုန်းတွေ အမြင့်တန်းမှာ ရောက်ရှိနေတာဟာ ဒေါ်လာစျေးနှင့် စက်သုံးဆီ ဂယက် ကြောင့် ဖြစ်တယ်လို့လည်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

“ပြည်တွင်းကားစျေးက မူလပေါက်စျေးထက် စျေးတွေတက်နေတာပေါ့။ ကားမျိုးအစားအပေါ် မူတည်ပြီး သိန်း ၂၀ ကျော်၊ သိန်း ၃၀ လောက်အထိ မြင့်လာတယ်။ စျေးကွက် အနေအထားကလဲ အေးတယ်။ အရင်ကဆို အခုလို ကျောင်းဖွင့်ရာသီ အချိန်မျိုးဆို ကားတွေရောင်းနေရပြီ။ ဒီနှစ်ကျ ပါးတယ်ပြောရမယ်။ အတော်လေးပါးတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ် အနည်းငယ်လောက်ပဲရှိတယ်။ ဒီနှစ်တစ်နှစ်လုံးတော့ ဒီလိုပုံစံနဲ့ပဲ သွားနေအုံးမယ်ထင်ပါတယ်။ စျေးကွက်က ထူးထူးခြားခြားကြီး ပြောင်းလဲသွားတာမျိုးတော့မရှိနိုင်ဘူးထင်တယ်။ ဘာလို့လဲ ဆိုတော့ ကားမူဝါဒတွေက မပြောင်းလဲဘူး၊ စကစ ဘက်ကလဲ အသစ်မထွက်ဘူး ထုတ်ပြန်ထားတာမရှိဘူး။ အဲ့တော့ကားစျေးကွက် ဒီအတိုင်းပဲ ဆက်ရှိနေမယ်။ ကြိုက်ရင်ဝယ် ကြိုက်ရင်ရောင်း ဒီသဘောမျိုးလေးပဲပေါ့။”လို့ ရန်ကုန်မြို့ ရှိ ကားဝယ်ရောင်း လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ယခုနှစ်အတွင်း ပြည်တွင်း ကားစျေးနှုန်းတွေဟာ အမြင့်ပိုင်းသာရှိနေနိုင်မယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ခန့်မှန်းထားကြပါတယ်။

ယခင်က သိန်း ၁၅၀ လောက်ဖြင့် ဝယ်ယူလို့ရတဲ့ ဟွန်ဒါဖစ်ဟာ ယခုကာလမှာတော့ ကျပ်သိန်း ၂၀၀ ကျော် အထိ ပေါက်စျေးရှိနေတာဖြစ်ပါတယ်။

ထို့အပြင် ရန်ကုန်ကားဝိုင်းအတွင်းမှာတော့ မော်ဒယ် မြင့်ကားများထက် တပတ်နွမ်း ဂျပန်ကျ ယခင်တင်သွင်းပြီး (Use) ကားများသာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ ပိုမိုအရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ကားဈေးနှုန်းတွေကတော့ အဆမတန် မြင့်တက်လာတော့မှာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး ပြိုလဲပြီး ငွေကြေးဖောင်းပွလာတာနဲ့အမျှ ကားဈေးတွေ ကမောက်ကမဖြစ်ပြီး ကြိုက်ရောင်း ကြိုက်ဝယ်ပဲ ဖြစ်သွားနိုင်မယ်လို့ ကားလောကသားတဦးက မှတ်ချက်ပေးထားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page