ပြင်ဦးလွင်မှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ထူးဆန်းစွာ ရေကြီးခဲ့ရတဲ့ အကြောင်းရင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ဇူလိုင် ၃၁ ရက် မနက် ၂ နာရီအချိန်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာကြောင့် နေအိမ်တွေနဲ့ ယာဉ်တွေ၊ ပန်းခင်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မနက် ၂ နာရီလောက်ကတည်းက ရွာသွန်းခဲ့တဲ့မိုးဟာ ၈ နာရီ နီးပါးအကြာ ရွာသွန်းခဲ့ပြီးနောက် ညနေပိုင်းမှာလည်း ဆက်လက်ရွာသွန်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီ ရေကြီး ရေလျှံမှုဖြစ်စဉ်ကြောင့် မြို့ပေါ်ရပ်ကွက်အတွင်း ပျက်စီးဆုံးရှုံးတာတွေနဲ့အတူ ကျေးရွာဘက်တွေမှာလည်း ပန်းစိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံပန်းစိုက်တောင်သူ တဦးက ပြောပါတယ်။

အခုလို ဖြစ်စဉ်မျိုးဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပွားတာဖြစ်ပြီး တညတည်းနဲ့ မိုးရေချိန် ၉ လက်မကျော် ရွာသွန်းခဲ့တာကြောင့် အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေနစ်မြုပ် တာတွေနဲ့ မော်တော်ယာဉ်တချို့ ပျက်စီးဆုံးရှုံးတာတွေ၊ ပစ္စည်းတွေ ရေထဲမျောပါတာတွေပါရှိခဲ့တယ်လို့ သိရပါ တယ်။

မိုးရွာသွန်းတာနဲ့အတူ ရပ်ကွက်ကြီး ၁ မှာရှိတဲ့ ဂဲလျောင်းချောင်းရေလျှံခဲ့တာ၊ ရပ်ကွက်အတွင်း လူနေ အိမ်တွေမှာ ရေဝင်ရောက်တာတွေကြောင့် ထမင်းဟင်းချက်ပြုတ်ဖို့ အခက်အခဲတွေအထိ ဖြစ်ခဲ့တယ်လို့ ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

အဲဒီလို မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ အနီးစခန်းမှာရှိတဲ့ ဓာတ်တော်ချိုင့်ရေတံခွန်က တောင်ကျ ချောင်းရေတွေကြောင့်လည်း လူနေအိမ်တွေအတွင်း ရေဝင်ရောက် တာတွေဖြစ်ခဲ့သလို အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက်ကြီး ၁၊ ရပ်ကွက်ကြီး ၇၊ ရပ်ကွက်ကြီး ၈နဲ့ အနီးစခန်း ရပ်ကွက်ကြီး ၁၇ တို့မှာလည်း ရေဝင်ရောက်ပျက်စီးမှုများပြားခဲ့တယ်လို့သိရပါတယ်။

ထူးခြားဖြစ်စဉ်အနေနဲ့ မေမြို့မှာ စံချိန်တင် မိုးရွာနေပေမယ့်လည်း ရန်ကုန်မြို့မှာတော့ မိုး ၃ ရက် ဆက်တိုက် မရွာတဲ့ အဖြစ်နဲ့ ကြုံတွေ့နေရပါတယ်။ မိုးမရွာတာကြောင့် ရာသီဥတု ပူပြင်းတဲ့ ဒဏ်ကို ပြင်းထန်စွာ ခံစားနေရတယ်လို့ သိရပါတယ်။

ဂေဟစနစ် ယိုယွင်းလာမှုကြောင့် ယခုလို သဘာဝဘေးဒဏ်တွေ ဖြစ်ပေါ်လာတာ ဖြစ်ကြောင်း၊ နှစ်ပေါင်း ၃၀ အတွင်းမှာ မကြုံဖူးတဲ့ ပြင်ဦးလွင် ရေကြီးမှုဟာ တခြား သဘာဝဘေးအန္တရာယ်တွေ လာတော့မယ်ဆိုတဲ့ အကြောင်း အချက်ပေး ခေါင်းလောင်းသံ ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်တဦးက မှတ်ချက်ချပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page