တဒေါ်လာ ၃၅၀၀ ပြန်ကျော်နိုင်မယ့် အခြေအနေနဲ့ ရွှေဈေးနှုန်း ပြောင်းလဲနိုင်မယ့် အလားအလာ
သိပ်မကြာခင် ရက် သို့ ရက်သတ္တပါတ် မှာ ကမ္ဘာ့ ဒေါ်လာနဲ့ရွှေ ဟာ ဈေးတန်း နေရာ အပြောင်းအလဲ ရှိလာပါမယ်။ အမေရိကန်ဗဟိုဘဏ်ရဲ့ FOMC အစည်းအဝေးဟာ စက်တင်ဘာ ၂၀-၂၁ မနေ့က ပြီးသွားပြီ ဖြစ်ပါတယ်။ (အရေးပါတဲ့ Economic Projection ပါတဲ့ ဒီလိုအစည်းအဝေးက ဒီဇင်ဘာ ၁၃-၁၄ မှ တစ်ကြိမ်ပြန်ရှိတော့မှာပါ။) ဒီလို FOMC ကာလမှာ ဈေးကွက် အဆုံးအဖြတ်ဟာ မြင်သာလေ့ရှိပါတယ်။
လတ်တလော အမေရိကန်ဒေါ်လာမှာ ဘာတွေတွေ့ရသလဲ၊ ကျွန်တော်ကြည့်တာတော့ အများကြီးပေမယ့် မြင်သာအောင် ဒေါ်လာယန်း လဲလှယ်မှု (USDJPY) ကိုပဲ ပြလိုက်ပါမယ်။ ဒေါ်လာယန်း လဲလှယ်မှု (USDJPY) မှာ အဓိက အသက်ဟာ တဒေါ်လာမှာ ၁၄၅ ယန်း ဈေးတန်းဖြစ်လာပါတယ်။ မနေ့ညက ဖောက်တက်မှု (Breakout) ဖြစ်မလား တစ်ချက်ကြည့်ပေမယ့် မဖြစ်ခဲ့ပါဘူး။
ဖြစ်နိုင်ချေက နှစ်ခုရှိနေပါတယ်။ (၁) အခုနေရာကနေပဲ တဒေါ်လာ ၁၄၅ ယန်းကိုပဲ ဖောက်တက်မလား (၂) တဒေါ်လာ ၁၃၉ ယန်းအထိ Deeper Retracement ပြန်နင်းမလား။ စောင့်ကြည့်ရပါမယ်။ သေချာတာက တဒေါ်လာ ၁၄၅ ယန်းထက်ကျော်သွားရင် ပြည်တွင်း ဈေး ၃၅၀၀ အထက် ပြန်ရောက်ဖို့ရှိပါမယ်။
ရွှေရော ဘာတွေဆက်ဖြစ်နိုင်သလဲ၊ ရွှေနဲ့ ဒေါ်လာဟာ လတ်တလော ဆက်စပ်မှု မကိုက်ဘဲ ရွှေက စောနေပြီး၊ ဒေါ်လာက နောက်ကျ နေတယ်လို့ ယူဆရပါတယ်။ ကမ္ဘာ့ရွှေဟာ ၁၆၉၅ ဒေါ်လာ (၁၇၀၀ ဇုန်) ကို အောက်စိုက်နှုန်း နဲ့ ဆင်းထားပြီးနေတာ တွေ့ရပါတယ်။ Retrace (ဈေးလှုပ် Volume ပြန်ခေါ်တာကိုဆိုလို) ပြန်ယူလိမ့်ဦးမှာပါ။
ဒါပေမယ့် ၁၇၀၀ ဇုန်ဟာ ခိုင်မာသထက် မာလာရင်တော့ ကမ္ဘာ့ရွှေ ဟာ နောက်ထပ် ဈေးတန်း တစ်ခုဆီ ဆင်းပါလိမ့်မယ်။ ကမ္ဘာ့ရွှေ အကျ ရှိပါတယ်။ ကမ္ဘာ့ဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဟာ တက်နိုင်ဖို့ ကြိုးစားနေပြီး၊ ရွှေက အဆင်းပြင်နေတယ်လို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။
ပြည်တွင်းဈေးကွက်မှာကတော့ ပုံမှန်အခြေအနေဆိုရင် ရွှေ အတက်၊ အကျ ဟာ ဒေါ်လာဈေး နဲ့တိုက်ရိုက်သက်ဆိုင်နေတာမို့ အမြဲလို အကာအကွယ်မိပြီး တအား မရွေ့ပါဘူး။ နောက်တစ်ခုက ပြည်တွင်းရွှေဟာ ခိုင်မာမှုပစ္စည်း (Safe-Haven Asset) အနေနဲ့ ဝယ်ပြီး၊ ဝယ်လိုအား ဘယ်လောက် ရှိနေသလဲ ဆိုတာ အဓိက ဖြစ်တဲ့အတွက် ဈေးအရမ်းကျသွားဖို့ မရှိပါဘူး။ ဝယ်လိုအား ဆောင့်ဆောင့်ဝင်လာရင် တက်လာတတ်ပါသေးတယ်။
အနှစ်ချုပ်ပြောရရင်တော့ အမေရိကန်ဒေါ်လာဟာ ၁၄၅ ဇုန်ကို ကျော်နိုင်ရင် အတက် ရှိပါတယ်။ ၃,၅၀၀ အထက် ပြန်ရောက် နိုင်ပါတယ်။
ရွှေကတော့ ၁၇၀၀ဇုန် အမာခံ အနေနဲ့ အရမ်းမာသွားရင် ပြည်တွင်းမှာ ၃၀ အထက်ပြန်တက်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် ခိုင်မာမှုပစ္စည်း ဝယ်လိုအား (Safe-Haven Demand) ကြောင့် ဘာမဆို ဖြစ်နိုင်တာ သိရပါမယ်။
အထက်ပါ သုံးသပ်ချက်တွေဟာ ဈေးကွက် သုံးသပ်ချက်ကို မျှဝေရေးသားမှုသာ ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက် ကိုမျှ အရောင်းအဝယ် ပြုလုပ်ရန် တိုက်တွန်းခြင်း မဟုတ်ပါ။ ဆုံးရှုံးမှု တွက်ချက်ခြင်းနဲ့ တာဝန်ခံမှုတို့သည် ကာယကံရှင်နှင့်သာ ၁၀၀ ရာခိုင်နှုန်း သက်ဆိုင်ကြောင်း သတိပေးအပ်ပါသည်။ မျိုးအိမ်ဇန် (ProjectX)