ဆေးလိုင်စင်အတွက် စကစ ဒေါ်လာ မရောင်းပေးနိုင်တော့၊ ကုန်သည်များ အပြင်ဒေါ်လာဝယ်သွင်းရမည်

ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ တင်သွင်းတဲ့ ကုမ္ပဏီတွေကို မိမိအစီအစဉ်နဲ့ တစ်ဖက်ကုန်ရောင်းသူထံ ငွေပေးချေ ဆောင်ရွက်မယ်ဆိုရင် သွင်းကုန်လိုင်စင် ထုတ်ယူနိုင်ကြောင်း စကစ လက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ကြေညာထားပါတယ်။

ယခုရက်ပိုင်းအတွင်း သွင်းကုန်ပါမစ် အခက်အခဲတွေကြောင့် အချိန်မီတင်သွင်းဖို့ရာ ကြန့်ကြာနေရပြီး ယင်းရဲ့ သက်ရောက်မှုကြောင့် ဈေးကွက်အတွင်းမှာ ဆေးဝါးပစ္စည်းတွေ ဈေးတက်လာသလို ပစ္စည်းပြတ်လပ်မှုတွေပါ ဖြစ်ပေါ်နေပါတယ်။

ဒါကြောင့် စကစ လက်အောက်ခံ စီးပွား/ကူးသန်းဘက်က သွင်းကုန်လိုင်စင် လျှောက်ထားဖို့အတွက် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှတစ်ဆင့် စကစ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနထံ တင်ပြစိစစ်ထားရှိပြီး နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ တင်ပြထားတဲ့ သွင်းကုန်လိုင်စင်တွေကို ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။

ယခုကြေညာချက်ကြောင့် သွင်းကုန်လိုင်စင်ရရှိသူတွေအနေနဲ့ မိမိအစီအစဉ်နဲ့သာ နိုင်ငံခြားသုံးငွေ (အမေရိကန်ဒေါ်လာ) ကို ရှာဖွေဝယ်ယူရမှာဖြစ်ပြီး လိုင်စင်ထုတ်ပေးလိုက်တာကြောင့် ဆေးဝါးပြတ်လပ်မှု မဖြစ်ပေါ်ပေမယ့်လည်း ဈေးနှုန်းမြင့်တက်လာနိုင်တယ်လို့ စီးပွားရေးအကဲခတ်အချို့က သုံးသပ်ကြပါတယ်။

ဒါ့အပြင် ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ ယခုလို မိမိအစီအစဉ်နဲ့ ငွေပေးချေဆောင်ရွက်မှုကို ဆေးဝါးနှင့် ဆေးပစ္စည်း တင်သွင်းမှုတစ်ခုတည်းသာ ခွင့်ပြုတာမျိုးမဟုတ်ပဲ အခြားသော သွင်းကုန်တွေအပေါ်လည်း ခွင့်ပြုပေးသင့်တယ်လို့ အကြံပြုတိုက်တွန်းခြင်းတွေလည်း ရှိနေပါတယ်။

စကစပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံခြားသုံးငွေ မလိုအပ်ဘဲ ပြည်ပကို စီးထွက်မှုအပေါ် တားဆီးနိုင်ဖို့ စနစ်တကျ စိစစ်ကြပ်မတ်နေတယ်လို့ ဇွန်လ ၁၇ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းများကို ဦးစားပေး စိစစ်ခွင့်ပြုလျက်ရှိတယ်လို့ ဆိုထားပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန် အပါအဝင် မြို့ကြီးတွေရဲ့ ဆေးဆိုင်တွေမှာ ဆေးဝါးတွေကို ခွဲတမ်းစနစ်နဲ့ ရောင်းချနေကြပြီး ပြည်သူတွေအနေနဲ့ တန်းစီ ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။ ဆေးဝါးဈေးနှုန်းတွေလည်း တနေ့တခြား တက်နေပြီး အခြေခံလူတန်းစားတွေအနေနဲ့ အကျပ်အတည်းတွေ့နေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page