တန်ဖိုးကျနေတဲ့ ကျပ်ငွေတွေ မကိုင်ချင်လို့ မြေဝယ်ချင်တဲ့သူတွေ စွဲစွဲမြဲမြဲ မှတ်ထားရမယ့် အချက်များ

မတည်ငြိမ်တဲ့ တိုင်းပြည်မှာ ခြံမြေစျေးတွေ မတက်လာတဲ့အပြင် တဖြည်းဖြည်း ကျဖို့ပဲ ရှိပါတယ်။ ဒီလို ပြောလို့ မြေပိုင်ရှင်၊ မြေပွဲစားတွေက မကြိုက်ကြပေမဲ့ အခုလို စီးပွါးပျက်နေတဲ့အချိန် ၊တိုင်းပြည်ပျက်နေချိန်၊ မြန်မာကျပ်ငွေစျေးတွေ တအိအိ ထိုးကျနေချိန်မှာ ရှိစုမဲ့စုငွေနဲ့ အဆမတန်တက်နေတဲ့ မြေတွေ ခြံတွေကို ဝယ်ယူစုဆောင်းနေကြတာ မိုက်မဲတဲ့အရာတခုပါပဲ။

လက်ရှိ ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာ ပေါက်နေတဲ့ မြေစျေးတွေဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာပြီး ရင်းနှီးမြုပ်နှံမှုတွေ တိုးလာတဲ့အချိန်မှ ဖြစ်သင့်တဲ့ မြေစျေးနှုန်းပါ၊ အခု လက်ရှိ အိမ်ခြံမြေ သိန်းပေါင်း သောင်းပိုင်း၊ သိန်းပေါင်း သိန်းပိုင်းတွေ အရောင်းအဝယ်ဖြစ်နေတယ်ဆိုတာဟာ တိုင်းပြည်မှာ ခေါင်းဆောင်အပြောင်းအလဲကြားမှာ ဂွင်ရသွားတဲ့သူအချို့နဲ့ လုပ်ငန်းတွေ အဆင်မပြေတော့ ရပ်ထားပြီး အဲဒီအရင်းအနှီးတွေ မသေးသွားအောင် ခိုင်မာမှုရှိတဲ့ မြေတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်လို့ အရောင်းအဝယ်အေးနေတဲ့ မြေစျေးကွက်ဟာ အနည်းငယ်အလုပ်ဖြစ်လာကြတာပါ။

ဒီလိုပဲ ဘဏ်ထဲမှာ သိန်းပေါင်း ထောင်ချီ၊ သောင်းချီ ပိတ်မိနေသူတချို့ဟာ ငွေတန်ဖိုးကျလာတာ သိလို့ ထုတ်ပြီး မြေမှာ ရင်းနှီးမြုပ်နှံမှု လုပ်ကြလို့ မတည်ငြိမ်လို့ မြေစျေးတွေ ကျရမည့်အချိန်မှာ ဝယ်လိုအားများပြီး မြေစျေးဟာ မကျပဲ တက်သလို ဘက်ဖြစ်လာတာပါ။ တကယ်စီးပွါးရေးအမြင်ရှိတဲ့သူတွေဆို အခုချိန်မှာ စျေးအရမ်းမြင့်တက်နေတဲ့ မြေကို မဝယ်ပဲ စိုက်ပျိုးမွေးမြူလို့ရတဲ့ အဆမတန်စျေးပေါတဲ့ လယ်ကိုဝယ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ကြမှာပါ။

ခေတ်ပျက်ကြီးမှာ ရင်းနှီးမြုပ်နှံမှုတွေ တဖြည်းဖြည်း ထွက်ကုန်သလို ပြည်ပကနေ တင်သွင်းရတဲ့ အခြေခံစားကုန်စျေးတွေက တက်သထက် တက် ရှားသထက်ရှားလာတာပါ။ နောက်ပြီး အရင်းအနှီးမရှိတဲ့ တနိုင် စိုက်ပျိုးမွေးမြူရေးသမားတွေ စိုက်စရိတ် မွေးစရိတ်တွေ မတတ်နိုင်လို့ မလုပ်ကိုင်ရာကနေ ကုန်စည်တွေ ရှားပါးပြတ်လတ်လာပြီး ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်၊

မတည်ငြိမ် မလုံခြုံပဲ ခိုးဆိုးလုယက်မှုတွေ များလာတဲ့ နိုင်ငံက အိမ်ခြံအများစုဟာ စျေးတက်လာဖို့ မပြောနဲ့။ အကျဘက်ကို ရောက်နေပါပြီ။ အခု လက်ရှိ ကျပ်ငွေကြောက်လို့ ပွဲစားအပြောမှာ လမ်းဆုံးပြီး ဝယ်မိတဲ့ အိမ်ခြံအများစုဟာ မိမိမှာ ငွေလိုလို့ ပြန်ရောင်းချင်ရင် အရှုံးနဲ့ ရောင်းရမည့်အခြေအနေမျိုးဖြစ်သလို ချက်ချင်း ငွေဖြစ်လွယ်ဖို့လည်း မလွယ်တဲ့အခြေအနေမျိုးပါ။

လာလာမေးနေကြတယ် ။ ဒီလို ခေတ်ပျက်ကြီးမှာ ငါတို့ ဘာလုပ်စားသင့်လဲဆိုတဲ့အကြောင်း။ ကိုယ်က အိမ်ခြံ လုပ်နေတဲ့သူတွေနဲ့ ရင်းနှီးတော့ အပြင်မှာ အလုပ်ဖြစ်နေကြတဲ့သူတွေ အများအပြားရှိနေပေမဲ့ တကယ်က အဲဒီအခြေအနေဟာ မြေမြိုခံရပြီး ဘဝပျက်မည့်အခြေအနေမျိုးတွေပါ။

သိန်းပေါင်း သိန်းချီတဲ့ အိမ်ခြံတွေ အရောင်းအဝယ်ဖြစ်နေလို့ အိမ်ခြံမြေစျေးတွေ ပြန်ကောင်းနေတာ မှန်ပေမဲ့ သိပ်မကြာခင်မှာ ထိုးဆင်းတော့မည့် ထောင်ချောက်ထဲကို တာစူနေလို့ ချွေးနည်းစာနဲ့ ငွေစုထားတဲ့သူတွေ ငွေရှိရင် မိမိနေထိုင်ရာ ဒေသနဲ့ နီးတဲ့ နေရာတွေမှာ လယ်တွေ ဝယ်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကြပါ။ ဒီလုပ်ရပ်တွေဟာ ခေတ်ပျက်တိုင်းမှာ သူဌေးအမြန်ဖြစ်စေတဲ့ သမာအာဇီဝ နည်းဆိုတာ မမေ့ကြပါနဲ့။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page