စွယ်စုံရ ဂန္ထဝင် ရုပ်ရှင်မင်းသားကြီး ဝင်းဦးရဲ့ လူသိပ်မသိသေးတဲ့ ပြဇာတ်မင်းသားဘဝအကြောင်း

မြန်မာ့ရုပ်ရှင်လောကရဲ့ ဂန္ထဝင် ရုပ်ရှင်သရုပ်ဆောင်မင်းသားကြီး ဝင်းဦးရဲ့ ပြဇာတ်မင်းသား ဘဝအကြောင်း ဘဘဘိုကလေးတင့်အောင် ရေးသားထားတဲ့ ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်-

“ပြဇာတ်ဧည့်ခံပွဲနှင့်ဝင်းဦး” ဝင်းဦးနှင့် ကျွန်တော်တို့ ခင်မင်ရင်းနှီး ခဲ့ရသည်မှာ ၁၉၅၁-၅၂ ဝင်းဝင်းပြဇာတ်ခေတ်ကတည်းက ဖြစ်ပါသည်။ ပြုံးစစမျက်နှာလေးနှင့် ပြဇာတ်ရုံ ဇာတ်ခုံနောက်ဘက်သို့ ရောက်လာတတ်ပြီး ပြဇာတ် မင်းသား မင်းသမီးကြီးများနှင့် တရောတနှော ပြောဆိုနေထိုင်လေ့ ရှိသော လူငယ်တစ်ယောက်ကို သတိ ထားမိသောကြောင့် မိတ်ကပ်လိမ်းခြယ်နေသည့် မချစ်စိန်(မေချစ်)အား သူ ဘယ်သူလဲဟု မေးမိရာ တိုးတိုးတိတ်တိတ် မေးသမျှ ပြောသမျှ သံကုန်ဖွင့်၍ ဖော်ရန် ဝါသနာကြီးလှသူ မချစ်စိန်က ထိုလူငယ်ရှိရာ သို့ လှမ်းအော်တော့၏။

‘ဟဲ့ မောင်လှမြင့် ၊ နင့်ကို ဘယ်သူလဲလို့ အစ်ကိုလေးက မေးနေတယ် ပြောလိုက်’ ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေမြင့် အနီးသို့ကပ်၍ ရယ်မောပြောဆိုနေသူ လူငယ်မှာ နုနယ်ချောမောလှ သည့် သူ့မျက်နှာလေးကို ပိုမိုပြုံးရွှင်ကြည်လင်စွာဖြင့် ကျွန်တော်တို့အပါးသို့ ရောက်လာ၏ ။ ‘ကျွန်တော်က ဒက်ဒီ ဦးဘညွန့်ရဲ့သား မောင်လှမြင့်ပါ အစ်ကိုလေး’ ‘ချစ်ဒုက္ခဟဲ့ ၊ ချစ်ဒုက္ခဦးဘညွန့်လို့ ပြောမှပေါ့’ ဟု ဒေါ်မေချစ်က ဖြည့်စွက်ပေးပါသည်။ ဤသို့ဖြင့် မောင်လှမြင့်(ခ) ကိုဦး ၊ ဗိုလ်ကိုဦး (ခ) ဝင်းဦး ကို ပြဇာတ်ရုံထဲ၌ စတင်ခင်မင် သိကျွမ်းခဲ့ရပါ၏။

၁၉၆၃-ခုနှစ်က လေဟာပြင် ဇာတ်ရုံတွင် ‘ဗမာ့သွေးခဲ’ ပြဇာတ်ကို တင်ဆက်ရန် စီစဉ်စိုင်းပြင်ကြ ပါသည်။ ဂျပန်ခေတ်က ကန်တော်ကြီးစောင်းတွင် တည်ရှိသည့် ‘ မြိုင်’ ပြဇာတ်ရုံ၌ ဒါရိုက်တာ ဆရာခန့် စီစဉ် ညွှန်ကြားခဲ့သော ‘ ဗမာ့ သွေးခဲ’ ပြဇာတ်ကို နှစ်ပေါင်း၂၀ ကျော်ကြာမှ အသစ်တဖန် ပြန်လည် တင် ဆက်ရမည်ဖြစ်ရာ ထိုစဉ်က ပါဝင်ကပြခဲ့သော မင်းသား ကိုကျော်ဝင်းအစား ‘ ဝင်းဦး’ ၊ မင်းသမီးမေချစ် အစား ‘ သင်းသင်းလဲ့’ တို့ကို အစားထိုး၍ တေးဂီတ ဇာတ်ခုံ အဆင်အပြင်နှင့် ဇာတ်ကွက်ဇာတ်လမ်း အချို့ ကို ခေတ်နှင့် လျော်ညီအောင် ဖြည့်စွက်ကပြရန် သက်ဆိုင်ရာ လူကြီးများအားခွင့်ပန်၍ ပြင်ဆင်ရေးသားကာ ဇာတ်တိုက်ကြရပါသည်။

ထိုစဉ်က ဝင်းဦးမှာ စာရေးဆရာအဖြစ်နှင့်လည်းကောင်း ၊ ရုပ်ရှင်မင်းသား အဖြစ် နှင့် လည်းကောင်း အလွန်ထင်ရှားကာ ပျိုပျိုမေတို့ အသည်းစွဲ သူ၏မော်တော်ကားထဲသို့ ပန်းကြဲသည်အထိ ‘စွံ’ နေသည် ဖြစ်ရာ သူပထမဦးဆုံး ပြဇာတ်မင်းသားအဖြစ် ကပြမည့် ‘ ဗမာ့သွေးခဲ’ ပြဇာတ်ကို ပရိတ်သတ် အများက စိတ်ဝင်စားကြသည်။ ကြိတ်ကြိတ်တိုးမျှ အားပေးခဲ့ကြပါသည်။ သို့သော် ဇာတ်တိုက်ကြစဉ်ကမူ သူချွေးပြန်နေ၏။

‘ကျွန်တော် ရုပ်ရှင်သာရိုက်ဖူးတာ ပြဇာတ်ရုံ နောက်ဘက်သာရောက်ဖူးတာ ပြဇာတ်စင်မြင့်ပေါ် တစ်ခါမျှ မတက်ဖူးဘူး’ ဟု နဖူးတွေ့ ဒူးတွေ့ ကြုံရတော့မည့် ‘ ပရိတ်သတ် အရှိန်’ ကို တွေးတောကာ ရင်ပူ နေဟန်တူ၏။ တကယ်တမ်း ကပြကြသည့် အချိန်ရောက်သောအခါ တကယ့်ဝါရင့်ပြဇာတ် ပညာရှင်ကြီးကဲ့ သို့ သရုပ်ဆောင်သွားနိုင်သဖြင့် မူလ ‘ဗမာ့သွေးခဲ’ ပြဇာတ်တွင် ပါဝင်ခဲ့ကြသော မင်းသား ဦးကျော်ဝင်း ( ဒေါ်တင်တင်မူ၏ခင်ပွန်း ) ဦးဖိုးပါကြီး ၊ ဒေါ်မေချစ် တို့ကပါ ဝိုင်းဝန်းချီးကျူး ကြရပါသည်။

၁၉၆၇-ခုနှစ် ရခိုင်လေဘေး ရန်ပုံငွေအဖြစ် ‘ ငယ်ကျွမ်းဆွေ’ ပြဇာတ်ကို ကပြကြရန် စီစဉ်ကြပြန် သည်။ မင်းသား ‘ ဝင်းဦး’ ၊ မင်းသမီး ‘ ခင်သန်းနု’ တို့ ပါဝင်ကြ၏ ။ ‘ ဗမာ့သွေးခဲ’ နှင့် ပွဲတိုးကာ အောင်မြင် ခဲ့သော ဝင်းဦးမှာ ‘ ငယ်ကျွမ်းဆွေ’ ကပြရမည့်အတွက် သွက်လက်ရွှင်မြူးနေ၏။ ‘ကျွန်တော် ဟိုအကွက်လေး ဖြည့်ချင်တယ် အစ်ကိုလေး’ ဟုပြောသဖြင့် ‘ဆိုပါဦးဟ ၊ ဘယ်အကွက်ကလေးတုံး’ ဟု ပြန်မေးရ၏။

‘ဟိုဟာလေ ၊ ဒါရိုက်တာနဲ့ မင်းသားပြန်ပြောတဲ့ အခန်း ၊ အဲဒီအခန်းက ဇာတ်အဆုံးသတ်ခါနီးမှ ပါလာတာ မဟုတ်လား ဒီတော့ အဲဒီတွေ့ဆုံပြောဆိုတဲ့ အခန်းအစကို ဇာတ်ရဲ့ ထိပ်ဆုံးက ဥပမာ ကျွန်တော်က အိမ်ထောင်ရေး မပြေလည်လို့ စိတ်ညစ်ပြီးအရက်တွေမူး တွေ့ကရာ လျှောက်သွားမိတ်ဆွေတစ်ဦးနဲ့တွေ့၊ အဲဒီလူက မူးမူးရူးရူးနဲ့ ဟိုဟိုဒီဒီ လျှောက်သွားမနေနဲ့ ၊ ငါနဲ့လိုက်ခဲ့ တို့ပြဇာတ်ရုံမှာ ဆက်တင်တွေပြင်ဆင်နေတယ်ကွ၊ ဘာညာနဲ့ပြော ၊ ကျွန်တော်ကလိုက်လာ၊ အဲဒီပြဇာတ်ရုံမှာ ဒါရိုက်တာနဲ့တွေ့ပြီးတော့ ကျွန်တော် အချစ်ဇာတ်လမ်းလေး ပြောစမ်းပါရစေလို့ ဒါရိုက်တာကိုပြောရာကအစ ဇာတ်ဖွင့် လက်စသတ်တော့ သည်ငနဲ အနုပညာလောဘကြီးနေပြီကိုး ။ ဟိုတုန်းက ‘ဗမာ့သွေးခဲ’ ကရမည့် အရေး တွေးတော ရင်ထိတ်နေခဲ့တယ်။ ခုတော့ ဇာတ်အစက စပြီးထွက်ချင် ကချင်နေပါပေါ့လား။

‘အေးလေ ကောင်းသားပဲ ၊ မင်းကိုကြည့်ချင်ကြ မြင်ချင်ကြတဲ့ ကျား-မ ပရိတ်သတ်အများစုကြီးလဲ ကျေနပ်သွားကြမယ် ။ ပြဇာတ် ‘ပိုး’ ဝင်ပြီး ဖိုးကချင် ဖြစ်နေတဲ့ မင်းလဲစိတ်ချမ်းသာမယ့် ကိစ္စ လုပ်ဟ’ ဟု ခွင့်ပြု စီစဉ်ပေးလိုက်ရလေရာ ကရမည့်အခန်းကဏ္ဍမရှိ၍ ‘ငယ်ကျွမ်းဆွေ’ ဇာတ်လမ်းတွင် မပါဝင်ရတော့ ပါဟု စိတ်တုံးတုံး ချလိုက်ပြီးဖြစ်သော မင်းသားကြီး ‘ ဦးကျော်ဖေ’ မှာ သူ့အားပြဇာတ်ရုံသို့ ခေါ်ဆောင်လာ သူအဖြစ် ဝမ်းမြောက်ပျော်ရွှင်စွာ ပါဝင်ခဲ့ရတော့၏။

ငယ်ကျွမ်းဆွေ ပြဇာတ်ကို မော်လမြိုင်တွင် အေးအေးသင်း နှင့် လည်းကောင်း ၊ သုဝဏ္ဏ ဇာတ်ရုံတွင် ဒေစီကျော်ဝင်း နှင့် လည်းကောင်း ၊ မန္တလေးတွင်လည်းကောင်း မင်းသမီးအမျိုးမျိုးပြောင်း၍ ကပြခဲ့ပါသည်။ သူကား အပြင်လောကတွင် တစ်ယောက်တည်းထီးတည်း အိမ်တွင်းပုန်း၍ လူတွေ့ခံရန် အလွန်ပင် ဝန်လေးသူတစ်ဦးဟု သိရှိ နားလည်ခဲ့ရသလောက်၊ ထောင်သောင်းချီ၍ ကြိတ်ကြိတ်တိုးကြည့်ကြသည့် ပရိတ်သတ်အား ပြဇာတ်စင်မြင့်ပေါ်မှနေ၍ ဖြေဖျော် ဧည့်ခံရမည့် ကိစ္စကိုမူကား အထူးပင်စိတ်ပါဝင်စားလျက် အားတက်ရွှင်လန်းနေသူ ဖြစ်ပါပေသည်။

၁၉၈၈ နှစ်ဦးပိုင်းလောက်က ဦးကျော်ဖေ၊ ဒေါ်ခင်လေးဆွေတို့၏ အိမ်တွင် ကျွန်တော်တို့ မိသားစု နှင့် ‘ကိုဝင်းဦး’ တို့ဆုံမိကြ၏ ။ သူနှင့်ကျွန်တော်တို့မှာ အကြောင်းကြောင်းများကြောင့် မတွေ့ဖြစ်ကြဘဲ ကွဲကွာနေသည်မှာ ကြာလေပြီ။ ပြန်လည် ဆုံတွေ့ကြသောအခါ ပြောမကုန် ဆိုမဆုံး အောင်ဖြစ်နေကြတော့သည်။ ကိုယ်ရေးကိုယ် တာ အကြောင်းများထက် တင်ဆက်ကပြမှု အနုပညာအရေးကိုဆွေးနွေးပြောဆိုကြရာမှ ဖလင်အခက်အခဲ ကြောင့် ရုပ်ရှင်လုပ်သားထုအတွင်း စီးပွားရေးကျပ်တည်းမှု ၊ အလုပ်အကိုင်ရှားပါးမှုများ ပြေလည်လာစေ ရန် မန္တလေး ၊ မုံရွာ ၊ မော်လမြိုင် ၊ မြိတ် ၊ ပုသိမ် စသော မြို့ကြီးများသို့ လှည့်လည်၍ ပြဇာတ်ကကြမည်။ လေဟာပြင် ဇာတ်ရုံကို မြေနီကုန်းတွင် ဆောက်လုပ်ထားသဖြင့် အခြေအနေပေးလှျင် ထိုနေရာ၌လည်း ကပြကြမည်ဟု တိုင်ပင်ကာ ဝမ်းသာနေကြ၏။

မကြာမီ ဝင်းဦးဆေးရုံတက်ရသည်။ နိုင်ငံခြားသွား၍ ဆေးကုရမည်ဟုကြားရသဖြင့် သတင်းသွား မေးရာ လန်းလန်းဆန်းဆန်းပင် တွေ့နေရ၏ ( ရုပ်ရှင်မင်းသားဖြစ်သောကြောင့် ဟန်လုပ်၍နေသလား မသိပါ)။ လန်ဒန်တွင် ခွဲစိတ်ကုသမည်ဆို၍ ခရီးထွက်မည့်နေ့က သူ့အားနှုတ်ဆက်စကားပြောရင်း ‘ခွဲစိတ်ပြီးလို့ နားနားနေနေရှိတဲ့အခါ လန်ဒန်မှာ ကနေတဲ့ပြဇာတ်တွေကြည့်ခဲ့ပါကွာ ၊ ငါတို့ဆီမှာ ပြဇာတ်ကကြတဲ့အခါ အသုံးဝင်မယ့် ဖြစ်နိုင်မယ့် ကပြပုံ နည်းစနစ်ကလေးတွေလဲ တေးခဲ့ မှတ်ခဲ့ပါ’ ဟု မှာလိုက်ရသည်။

သူကလည်း ‘စိတ်ချ နည်းနည်းလေးထူနိုင် ထနိုင်တာနဲ့ ပြဇာတ်ရုံတွေ လျှောက်လည်ကြည့်မှာပဲ’ ဟု ပြောပါသည်။ (သူကွယ်လွန်ပြီ သတင်းကြား၍စန္ဒာတိုက်သို့သွားကြသောအခါ သူ၏အမ ဒေါ်တင်တင်ဦးက ‘ဝင်းဦး’ နေကောင်းပြီဟု ဆေးရုံကဆင်းပြီးသည်နှင့် လန်ဒန်တွင်ညဉ့်နက်သန်းခေါင်အထိ ပြဇာတ်ရုံတွေ လျှောက်လည်ကြည့်နေသောကြောင့် ဆူပူကြိမ်းမောင်းရသေးသည်ဟု မျက်ရည်လေးစစနှင့်ပြောပါသည်။)

သူရန်ကုန်သို့ ပြန်ရောက်ပြီဟု ဖုန်းဆက်၍သွားကြရာ လန်ဒန်ပြဇာတ်တွေအကြောင်း အားပါးတရ ပြော၏။ တေးဂီတနှင့်တွဲဖက်တင်ဆက်ပုံများ ၊ နောက်ခံအဆင်အပြင်ဆက်တင် အခမ်းအနား တွေ့ခဲ့ရပုံများ၊ သရုပ်ဆောင်တို့၏ လှုပ်ရှားမှုဇာတ်ကွက် ၊ သရုပ်ဖော်ပုံ ထူးခြားချက်များကို မမောနိုင်မပန်းနိုင် ပြောနေသည်။

‘မင်းဝေဒနာကော သက်သာရဲ့လား’ ဟု မေးရာ ‘ပျောက်သွားပြီ အစ်ကိုလေးရ၊ ကျွန်တော် အားလုံးကောင်းသွားပြီ ဒီဇင်ဘာလလောက်ကျရင် ဆေးစစ်ခံရဖို့ပဲရှိတယ်၊ အခုတော့ လူကောင်းပကတိဖြစ်နေပြီ’ ဟု ရွှင်လန်းကြည်လင်သော မျက်နှာနှင့်အား ပါးတရ ပြောပါသည်။ ‘ငါတို့မိတ်ဆွေရဲ့ သမီးလေး မင်္ဂလာဆောင်ရှိတယ်ကွာ ၊ ဇူလိုင်လ ၁၄ ရက်နေ့ မန္တလေးသွားရဦးမယ်’ ဟု သူ့ကိုပြောပြရာ မခေါ်ခင်ကတည်းက လိုက်ချင်နေပြီ။ ‘ကျွန်တော်လိုက်ခဲ့ရမလား’ဟု ပြန်ပြော၏။

ကျွန်တော်တို့ မင်္ဂလာအဖွဲ့သားများနှင့် အတူ မန္တလေးသို့ ဇူလိုင်လ ၁၄ ရက် ညနေ ၅ နာရီ ရထားနှင့် သူလိုက်ပါလာခဲ့ပါသည်။ ရထားပေါ်တွင် ရယ်မောပြောဆို စားသောက်ရင်း ပျော်ရွှင်နေ၏။ ‘ဒီလိုမနေရတာကြာပြီ’ ဟုလည်း တွေးတွေးဆဆကလေးပြောပါသည်။ တစ်ညလုံးလိုလို(နံနက် ၃ နာရီခန့်အထိ ) မအိပ်ဘဲ စကားပြောကြသည်။ ပါလာသော အစားအသောက်များစားသည်၊ သောက်သည်။

‘မင်းရောဂါနဲ့ တည့်ရဲ့လားကွာ၊ ကြည့်လဲလုပ်ပါဦး’ ဟု စိုးရိမ်စိတ်နှင့် မေးမိရာ ‘ပျောက်ပါပြီ အစ်ကိုလေးရ ၊ ကျွန်တော်လူကောင်းအတိုင်း ဖြစ်နေပါပြီ’ ဆိုပြီး အစားအသောက်မပျက် ရယ်မော ရွှင်ပျမှု မပျက် လိုက်ပါလာခဲ့၏ ။ ပြဇာတ်ကိစ္စ ပြဇာတ်အကြောင်းတွေ တစ်ဝကြီးပြောဆိုတိုင်ပင်ကြသည်။ ရန်ကုန်တွင် ကပြကြလျှင် ပထမဦးဆုံး ပြဇာတ်ကို ‘ ဝင်းဦး’ က ဒါရိုက်တာမင်းသားအဖြစ် သူကြိုက် သည့် ဇာတ်လမ်းကိုရွေးချယ် ကပြရန် သဘောတူကြ၏။

မန္တလေး၌ ကျင်းပသော မင်္ဂလာဆောင်တွင် သူပါလာသည်ဆို၍ ဝမ်းသာနေကြ၏။ ဧည့်ခံပွဲ၌ မြို့မ တူရိယာအဖွဲ့နှင့် တွဲဖက်ကာ ‘ဘုံဓမ္မတာ’ သီချင်း ၊ ရုပ်ရှင်မင်းသမီး ‘ တင့်တင့်ထွန်း’ ၏ အကနှင့် တွဲဖက် ကာ ‘မှုံရွှေရီ’ သီချင်း ၊ ရုပ်ရှင်မင်းသမီး ချိုပြုံးနှင့် တွဲဖက်ကာ ‘သက်ဝေ’ သီချင်းတို့ကို သီဆိုဖျော်ဖြေခဲ့၏ သူ့ကိုကြည့်ရသည်မှာ ဟန်ဆောင်လှုပ်ရှားနေသော်လည်း ပင်ပန်းနေပုံရ၏ ယခင့် ယခင်က သီချင်း ၇ ပုဒ် ၈ ပုဒ် ဆက်တိုက် ဆိုသော်လည်း လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ရှိနေခဲ့သူမှာ ယခုအခါတွင် အနည်း ငယ် မောနေဟန်တူသည် ။ ထို့ကြောင့် သီချင်း ၃ ပုဒ်ဆိုအပြီးတွင် ရပ်နားခိုင်းလိုက်ရပါသည်။

ဇူလိုင်လ ၁၈ ရက်နေ့ည ရထားနှင့် ရန်ကုန်သို့ ပြန်လာကြပါသည်။ စက်တင်ဘာလအတွင်း သူ့ထံသို့ အခေါက်ခေါက်အခါခါ ရောက်ပါသည်။ ညနေဘက်ကျလျှင် အဖျားအနည်းငယ် ရှိသည်ဟုဆိုပြီး အိပ်ရာထဲတွင် လဲလျောင်းနေ၏ ။ နိုဝင်ဘာလ နောက်ဆုံးပတ်လောက်က စန္ဒာတိုက်သို့ သွားကြသောအခါ အောက်ထပ်သို့ ပြောင်းရွှေ့ ရောက်ရှိနေပြီး အလွန်အားလျော့ ဖျော့တော့နေလေပြီ။ ထိုအချိန်တွင် ဝဇီရာရုံ၌ ပြဇာတ်များ ကကြရန် စတင်စိုင်းပြင်နေပြီ ဖြစ်၏။

ဦးကျော်ဖေ ၊ ဒေါ်ခင်လေးဆွေ ၊ မောင်ကိုကိုနှင့် ကျွန်တော်တို့မှာ သူ့ကိုကြည့်၍ စိတ်မချမ်းမသာကြ သော်လည်း ဟန်ဆောင်ပြုံးရယ် ပြောဆိုနေရ၏။ သူက ထိုအခါတွင် ဟန်မဆောင်နိုင်တော့ဘဲ ‘ကျွန်တော်နေရာမှာ လူစားရှာပါတော့ အစ်ကိုလေး ၊ ပထမဆုံး ကပြမယ့်ပြဇာတ်မှာ ကျွန်တော် က နိုင်မှာ မဟုတ်တော့ဘူး’ ဟု နွမ်းနယ်အားလျော့သော လေသံကလေးဖြင့် ပြောရာ ကျွန်တော်တို့ အားလုံး ဟန်ဆောင်မှုတွေ လွင့်စဉ်ကုန်၏။ မျက်နှာများ ညှိုးငယ်သွားကြတော့ပြီ။

ဒီဇင်ဘာလ ဒုတိယပတ်တွင် သူကွယ်လွန်သွားပါတော့သည်။ ၁၉၈၉ ခု ဖေဖော်ဝါရီ ဒုတိယပတ် တွင် ဝဇီရာ ပြဇာတ်အဖွဲ့မှ ဂုဏ်တုဂုဏ်ပြိုင် စတင် ကပြရ၏ သူကား မရှိတော့ပြီ။ တစ်ကိုယ်တည်း တစ်ယောက်တည်း အခန်းကျဉ်းကလေး တစ်ခုအတွင်း၌ နေလေ့ရှိသူမှာ ပရိတ်သတ် အများစုကြီး၏ ရှေ့မှောက်တွင် ရုပ်ရှင် ၊ ပြဇာတ် ၊ တေးဂီတ ဖြေဖျော်ပွဲများဖြင့် တွေ့ဆုံကာ အနုပညာ စွမ်းအားကိုပြသပွင့်ဖူး ရွှင်မြူးခဲ့ပါသည်။ယခုတော့သူ့ကိုချစ်ခင်ကြင်နာကြသောပရိတ်သတ်ပြည်သူအများ၏ မျက်ကွယ်ရာသို့ တစ်ယောက်ထီးတည်းပင် လျှောက်သွားကွယ်ပျောက်ခဲ့လေပြီ။

သူရေးသည့် ဝတ္ထုများတွင် ပါသကဲ့သို့ အရာရာတွင် နွဲ့ဆိုးဟန်မူရှိခဲ့သူ တစ်ယောက်မှာ အနုပညာပေါ် ၌မူကား ပြတ်သားရဲဝံ့၏။ သူ၏ လုပ်ဆောင်မှု အနုပညာကို လေ့လာပါက မည်သူ့ကိုမျှ မထောက်မညှာဘဲ အကောင်းဆုံး အညွန့်ဆုံး အလှပဆုံးဖြစ်စေရန် တစ်ခုကိုသာ ရည်ရွယ်မှန်းထားလျက် ကြိုးစားခဲ့သည်ကို တွေ့ရလိမ့်မည် ဖြစ်ပါ၏။ ပြဇာတ် ၊ ဧည့်ခံပွဲစသည်တို့၌ တစ်ပူးတွဲတွဲ လုပ်ကိုင်ခဲ့ရသော ညီမောင် ‘ဝင်းဦး’ ကို မမေ့နိုင်သော ဘိုကလေးတင့်အောင် (စန္ဒာပုံနှိပ်တိုက် ၁၉၈၉ ဧပြီလထုတ် ဦးဝင်းဦးအမှတ်တရ စာစောင်မှ ကူးယူဖော်ပြသည်။
စာရိုက်ကူညီ – ကိုခမ်းလေး) Kyaw Lion

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page