“ဝဋ်ကြွေးပါလို့” ဆိုတဲ့ စကားနဲ့ မြန်မာတွေ လက်ခံထားတဲ့ အကြီးဆုံး ဂျင်းတုံးအယူအဆကြီးတခု

သုံးစားမရတဲ့တွေးလုံး

ပုဂံမှာ မိဘနှစ်ကောင်ညံ့ဖျင်းလို့ (၁၁) နှစ်အရွယ်ကလေးတယောက် ကားထဲပိတ်မိပြီး ဆုံးသွားသတဲ့။ သတင်းအောက်မှာ ‘ဝဋ်ကြွေးကြီးတဲ့ကလေး’ ဆိုတဲ့မန့်မျိုးတွေ အများကြီးမြင်လိုက်ရတော့ ပါးစပ်အဟောင်းသား။ ဗမာပြည်မှာမြေလှန်ပစ်ရမယ့်ကိစ္စထဲ အဲဒီ ‘ဝဋ်ကြွေး’ ကိစ္စထိပ်ဆုံးကပါတယ်။

တကယ်တော့ ဘယ်ကလေးမဆိုဟာ ‘သား/ သမီး ဝင်လာပါရစေ’ ဆိုပြီးဇွတ်တွေဝင်ချလာကြတာတော့ မဟုတ်ဘူး။ မိဘဖြစ်တဲ့လူတစုံဟာ လိုချင်-မလိုချင် ကိုယ့်ဖာသာတောင် သေသေချာချာမသိသေးဘဲနဲ့ကိုရောက်လာကြတာများတယ်။

အချို့က ရည်ရွယ်ချက်ရှိရှိ လုပ်ကြတာရှိပေမယ့်ရှားတယ်။ အများစုအတန်းအစားကတော့ ကလေးရသွားလို့သာ မိဘဖြစ်ရတာ၊ မိဘဖြစ်နိုင်တဲ့ အခြေခံအရည်အချင်း တစက်ကလေးမှ ရှိကြတာမဟုတ်။ ဒီမြင်ကွင်းကို ဖွံ့ဖြိုးမှုနောက်ကျတဲ့ တိုင်းပြည်တိုင်းမှာ မြင်နိုင်တယ်။

အဓိကအချက်ကတော့ ‘ပညာရေး’ ဘဲ။ ကလေးတယောက်ကို ဘယ့်နှယ်ပြုစုစောင့်ရှောက်ရမယ်လည်း မသိ၊ ပြုစုစောင့်ရှောက်နိုင်စွမ်းလည်း မရှိ၊ ပြုစုစောင့်ရှောက်မှုလည်း မရှိ၊ အကျိုးဆက်အနေနဲ့ အထက်က ဆိုခဲ့သလို ကလေးအသက်ဆုံးတဲ့ ဇာတ်လာတော့တာဘဲ။ ကလေးတယောက်လုံး တိမ်းပါးရအောင် နမော်နမဲ့နိုင်တဲ့ မိဘကိုလည်း ‘နှစ်ယောက်’ လို့ သုံးစွဲစရာမရှိဘူး၊ ထိုက်မှမထိုက်တန်တာ။

မိဘနဲ့သားသမီးကြား ဗမာပြည်ရဲ့ နောက်ထပ်တွေ့ရတဲ့ အကြီးဆုံးဂျင်းတုံးကတော့ ‘မိဘကျေးဇူး မြင့်မိုရ်ဦး’ ဘဲ။ “မင်းဖာသာကြိုက်တဲ့ပုံစံနဲ့လာခဲ့၊ ကြွေးရှင်ကတော့ရယ်ဒီဘဲ” ဆိုတဲ့အကွက်။ ဗမာပြည်က ကလေးအများစုဟာ ကြိုပွိုင့်အကြွေးတွေ၊ ဓလေ့ထုံးတမ်းဂျင်းတွေ၊ အထက်ကအဆင့်ဆင့်လာတဲ့နှိပ်ကွပ်မှုတွေကြား ဝန်ထုပ်ဟဲဗီးတွေ ထမ်းရင်း ဘဝကို ဆင်းဆင်းရဲရဲဖြတ်ရတယ်။

မိဘအနေနဲ့ တာဝန်တွေကို မထမ်းရွက်နိုင်လည်း လွယ်တယ်၊ ‘ဝဋ်ကြွေးပါလို့’ တခွန်းပြောလိုက်ရုံဘဲ၊ ပိုင်ချက်။ ‘မိဘကို သိတတ်တဲ့သားသမီးတွေ ထွန်းကားတယ်’ လို့လည်း ဂျင်းဆက်ထည့်ကြတယ်။ အသိတတ်လွန်လို့ ပြည့်တန်ဆာဖြစ်တဲ့ မိန်းကလေးတွေ၊ လမ်းဘေးရောက်တဲ့ယောက်ျားလေးတွေ ဗမာပြည်မှာအများကြီး။

ဒါဟာ ‘မသိတတ်ရဘူး’ ပြောနေတာမဟုတ်ဘဲ အလွန်အကျွံဂျင်းထည့်ခြင်းကိုသာ ထောက်ပြလိုရင်း။ ကမ္ဘာ့အကြွယ်ဝဆုံး အီလွန်တို့၊ ဘေဇော့ဇ်တို့၊ ဂိတ်စ်တို့၊ ဘာ့ဖေးတို့လည်း မိဘကို အလွန်အကျွံသိတတ်သူ တယောက်မှမပါပါဘူး၊ ပုံမှန်ပါဘဲ။ ဆုံးသွားတဲ့ စတိဂျော့ဘ်စ်ဆို မိဘကပါ မလိုချင်လို့ ပေးပစ်ခဲ့တဲ့ကလေး၊ ဘယ်လောက်ကြေကွဲစရာကောင်းတုန်း။ မလိုချင် အစကတည်းက မရအောင်နေပေါ့၊ လွယ်နေတာကို။

ကလေးတယောက် လူလားမြောက်ဖို့ အနှစ် (၂၀) စာချုပ်ဘဲ၊ ဒါတောင်ပျိုးထောင်တတ်မှ။ ဒီကြားကာလထဲ အမိ ဒါမှမဟုတ် အဖက ဒီစာချုပ်က နှုတ်ထွက်ရင် ကျန်ခဲ့တဲ့တယောက်က နားကားရော။ များသောအားဖြင့် ကျန်ခရီးကို ဒီကလေးဟာ မပြည့်မစုံနဲ့သွားရပြီ။ မိဘဖြစ်သူ၊ အမိ ဒါမှမဟုတ် အဖရဲ့ ချို့တဲ့မှုအားလုံးရဲ့ ဒါးစာခံလည်းဖြစ်ပြီ။

‘သစ္စာ’ တွေ ‘မေတ္တာ’ တွေ ‘ချစ်တာ’ တွေနဲ့ လုံးမရိုက်ကြေး။ မမြင်ရတဲ့အရာတွေဟာ “တာဝန်” ကိုဖုံးကွယ်ဖို့ လုံးဝ မလုံလောက်ဘူး။ ဗမာပြည်လိုပရမ်းပတာအရပ်မှာသာ ဒီကလေးကိစ္စ ဒါမျိုးဖြစ်ရတာ။ တိုးတက်တဲ့တိုင်းပြည်တွေမှာ “ကျွန်ုပ် နဲ့ နိုင်ငံတော်” အမှုဖြစ်ပြီး အစိုးရကိုယ်တိုင်က တရားလိုအဖြစ်နဲ့ တရားစွဲတာ၊ ထောင်နန်းစံရမယ့် ကိန်းပါ။ ‘မြင်းမိုရ်တောင်ဦးမကကျူး’ တွေ ‘ဝဋ်ကြွေးပါလို့’ တွေသွားပြောရင် “ဂျေးထဲမှာဆက်ပြောနေ” ဆိုပြီး တုန့်ပြန်ခံရမှာပါ။

တကယ်တော့ တာဝန်ကိုမသိခြင်း၊ တာဝန်ကိုလျစ်လျူရှုခြင်း၊ တာဝန်မကျေပွန်ခြင်း တို့ကြောင့်သာ ဒီပြဿနာတက်တာ။ ဒါမျိုးဖြစ်လို့ ထောင်ထဲသာ တန်းထည့်ရင် ဝဋ်ကြွေး လို့လည်း ဘယ်ကောင်မှ ပြောတော့မှာမဟုတ်ဘူး။ ဗမာပြည်မှာ တကယ်လိုအပ်နေတာက ‘ပညာရေး’၊ ဘာသာရေးမဟုတ်ဘူး။ နောက်တခုက ‘တရားဥပဒေစစ်စစ်’၊ ဂျင်းတရားတွေမဟုတ်ဘူး။ ရှင်းရှင်းလေး ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page