ဘယ်သူမှ မဝယ်တဲ့ စကစရဲ့ ရွှေ (၃) ပိဿာကို ယနေ့ လေလံထပ်ပစ်မည်ဟုဆိုပြန်

ရန်ကုန်နဲ့ မန္တလေးမှာ ရွှေစင်တုံးနှင့် ရွှေစင်ခဲ (၃) ပိဿာစီကို ယနေ့ (အောက်တိုဘာလ ၆ ရက်) နေ့မှာ ဈေးပြိုင်တင်ဒါစနစ်နဲ့ ရောင်းချသွားမယ်လို့ စကစက ကြေညာလိုက်ပါတယ်။

ရန်ကုန်၊ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ကျောက်မျက် ရတနာပြတိုက် နှင့် မန္တလေးတိုင်းဒေသကြီး ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Star Mart Mandalay တို့မှာ ရွှေစင်တုံးနှင့် ရွှေစင်ခဲ (၃) ပိသာစီကို အောက်တိုဘာလ ၆ ရက် နေ့လည် ၁ နာရီမှ ၃ နာရီအတွင်း သတ်မှတ်ထားသော တင်ဒါပုံစံဖြည့်စွက်လျက် ဈေးပြိုင်တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ရွှေဒင်္ဂါးပြားများကိုလည်း နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ ယခင်အတိုင်း ဆက်လက် ရောင်းချပေးမယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ယခုလို ရွှေစင်အတုံးနဲ့ အခဲ (၃) ပိဿာစီကို ရန်ကုန်နဲ့ မန္တလေးမှာ လေလံနဲ့ ရောင်းချခဲ့ပေမယ့် ဝယ်မယ့်သူ မရှိတာကို တွေ့ရှိရပါတယ်။

ကမ္ဘာ့ရွှေဈေးအတက်အကျ ပြောင်းလဲနေမှုအပေါ်လိုက်၍ ပြည်တွင်းရွှေဈေးနှုန်းများအား အချိန်နှင့်အမျှ အတက်အကျ ပြုလုပ်ပြီး ရွှေဈေးတည်ငြိမ်မှု မရှိစေရန် စျေးကစားမှုများပြုလုပ်နေကြသည့် ရွှေအရောင်းအဝယ်သမားများ၊ ရွှေလုပ်ငန်းရှင်များနှင့် ပွဲစားများအား စိစစ်ဖော်ထုတ်၍ လုပ်ငန်းလိုင်စင်များ ပိတ် သိမ်းခြင်းနှင့် အရေးယူမှုတွေ ပြုလုပ်မယ်လို့ စကစက ကြေညာလိုက်ပါတယ်။ ထိုသို့ အရေးယူခြင်းကို ရွှေဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးဆပ်မကော်မတီက အကောင်ထည်ဖော် ဆောင်ရွက်လျက် ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ မြန်မာ့ရွှေဈေးအနေနဲ့ ကမ္ဘာ့ရွှေဈေးနဲ့ ချိတ်ဆက်မှု မရှိတော့ဘဲ တက်ချင်သလိုတက်ပြီး ကျချင်သလို ကျနေတဲ့ အခြေအနေသို့ ဆိုက်ရောက်နေပြီလို့ ရွှေဈေးကွက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ မြန်မာ့ရွှေဈေးကွက်အနေနဲ့ လူတစုက လွှမ်းမိုးချုပ်ကိုင်ပြီး ကစားနေတဲ့ ပုံစံ ဖြစ်တာကြောင့် ကမ္ဘာ့ဈေးကွက် အခြေအနေတွေနဲ့ ကွာဟနေပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page