ရွှေနဲ့ ဒေါ်လာဈေး ပြန်တက်လာ (ရွှေ ၃၅ သိန်းနဲ့ ဒေါ်လာ ၅ ထောင်ဈေးအထိ ပြန်ရောက်ဦးမှာလား)

ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေး လဲလှယ်နှုန်း ပြန်လည် မြင့်တက်လာမှုနှင့်အတူ ပြည်တွင်း ရွှေဈေးနှုန်းသည်လည်း ၁ ကျပ်သားလျှင် ကျပ် ၂၇ သိန်းဝန်းကျင်ထိ ဈေးပြန်တက်လာတယ်လို့ သိရပါတယ်။

ဒီနေ့အောက်တိုဘာ ၅ ရက် နံနက် ၁၀နာရီ ရွှေစျေးကွက်စဖွင့်ချိန် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၇ သိန်းအထက် ဆိုင်ရောင်းစျေးဖြစ်ပြီး ကျပ် ၂၇ သိန်းအောက် ပြန်ဝယ်ကာ ၁၅ ပဲရည်ကတော့ ကျပ် ၂၅ သိန်း ၀န်းကျင်မှာ အရောင်းအဝယ်လုပ်တယ်လို့ ရန်ကုန်မြို့ အောင်သမာဓိရွှေဆိုင်ရဲ့ စျေးနှုန်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေစျေး ကျပ် ၂၂ သိန်း ၀န်းကျင်အထိ ကျခဲ့ပြီး အခုလိုရွှေစျေးပြန်တက်လာချိန် ၀ယ်လိုအားထက် ရောင်းလိုအား ပြန်တက်လာသလို သီတင်းကျွတ်ကာလနီးလို့ အလှူအတန်းတွေ လုပ်ဖို့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့က ရွှေဆိုင်တွေမှာ ရွှေထည်ရောင်းချမှုတွေများနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ လသာလမ်းရှိ ရွှေအရောင်းဆိုင်တဆိုင်မှ တာဝန်ရှိသူတဦးက “၁/ ၂ ရက်အတွင်း ၂ သိန်းလောက် ပြန်ခုန်တက်လာတော့ အမြင့်ဈေး ဖြစ်သွားတော့ အဝယ်က ကျသွားတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ၂၂ သိန်းလောက်တုန်းကဆိုရင် တော်တော်လေး ဝယ်ကြတယ်။ အခုက ဈေးကွက်ထဲမှာ ၂၇ သိန်း ၈ သောင်းလောက်ထိ ပေါက်ဈေးရှိနေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘာ့ရွှေဈေးနှုန်းသည် ၁ အောင်စကို ဒေါ်လာ ၁၆၆၀ ကျော်သာ ရှိခဲ့ပြီး ဒေါ်လာလဲလှယ်နှုန်းမှာလည်း ၁ ဒေါ်လာကို ကျပ် ၂၈၀၀ ဝန်းကျင်သို့ ကျဆင်းခဲ့ကာ ပြည်တွင်းရွှေဈေးနှုန်းသည်လည်း ကျပ် ၂၅ သိန်းအောက်သို့ ကျဆင်းခဲ့သည်။ စျေးကွက်ထဲမှာတော့ စီးပွားရေးအခြေအနေတွေကြောင့် ရွှေစုဆောင်းလိုမှု လျော့ကျလာပြီး ၀ယ်လိုအားထက် ရောင်းလိုအားပိုမိုနေတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက်နံနက်ပိုင်း ကမ္ဘာ့ရွှေစျေးကတော့ တစ်အောင်စကို ၁၇၂၀ ဒေါ်လာထိမြင့်တက်လာပြီး YGEA အသင်းကထုတ်ပြန်တဲ့ ရွှေအဖွင့်စျေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၂၀၁၄၀၀၀ ကျပ် ဖြစ်ပါတယ်။

ရွှေဈေးနဲ့ ဒေါ်လာဈေး အတက်အကျ မြန်ဆန်လွန်းတာကြောင့် အရောင်းအဝယ်တွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပြီး ရွှေဆိုင်အများအပြားနဲ့ ငွေလဲကောင်တာ အများအပြား အရောင်းပိတ်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page