ကားဈေးနဲ့ မြေဈေးတွေ အဆမတန် တက်လာရတဲ့ နောက်ကွယ်က အကြောင်းရင်းနဲ့ လှည့်ကွက်များ

ရုရှားရွှေတွေ ဝင်လာလို့ ရွှေစျေးက ၂၅ သိန်းထိ ပြန်ကျမယ်။ ကားစျေး မြေစျေးက အခုစျေးထက်နောက်ထပ် ၃၀ ရာခိုင်နှုန်း ခုန်တက်ဦးမယ်။ ဒါတွေဟာ သန်းရွှေလက်ထက်က ကားပါမစ် ၊ မြေပါမစ်တွေနဲ့ လုပ်စားဖို့ တန်ဖိုးရှိတဲ့ ရွှေကို တန်ဖိုးမရှိတဲ့ ပိုင်ဆိုင်မှု asset တွေနဲ့ ပြောင်းပြန် အရူး လုပ်ခဲ့တာ။ ဒီတော့ သိန်းစိန်ခေတ်လို တံခါးဖွင့် စီးပွါးရေးလည်း စရော ကားစျေး၊ မြေစျေးတွေ ပြိုကျပြီး ပိုက်‌ေ-ာမိကုန်ကြတာ။

ကားကတော့ အသစ်ထုတ်တွေက နည်းပညာရော စျေးရော သက်သာလာလို့ ကျတာ။ မြန်မာနိုင်ငံက မြေစျေးတွေကျတော့ အခြေခံအဆောက်အဦးတွေ တိုးတက်ဖွံ့ဖြိုးလာပြီး ရင်းနှီးမြုပ်နှံမှုတွေ များတဲ့နေရာက အတက်ကြမ်းပြီး ပြန်မကျပေမဲ့ မြေစျေးတွေသာ တက်ပြီး မဖွံ့ဖြိုး မတိုးတက်လာတဲ့နေရာတွေကျတော့ စျေးက ထိုးကျ ပြတ်ကျန်ခဲ့တာ။

ပတ်ဝန်းကျင်ကောင်းရုံတင်မကဘူး ခေတ်မီဆေးရုံ၊ စျေးဝယ်စင်တာ၊ လူနေထိုင်မှုစိပ်ပြီး စျေးရောင်းကောင်းတဲ့နေရာတွေကလွဲပြီး ကျန်တဲ့မြေအများစုဟာ ရောင်းမထွက်ပဲ ပိုက်‌ေ-ာမိ ကျန်နေရော။ အခုလည်း သန်းရွှေခေတ်က အတိုင်း ကားစျေး မြေစျေးတွေကို မတရားစွဲတင်ပြီး ပြည်သူတွေ လက်ထဲ ကိုင်ထားတဲ့ ဒေါ်လာနဲ့ ရွှေတွေ စျေးကွက်ထဲ သူတို့ လိုသလောက် ရလာအောင် မက်လုံးပေးလာတာ။

ဒီတော့ တချိန် နိုင်ငံပြန် တည်ငြိမ်လာတဲ့အချိန်မှာ ရွှေနဲ့ ဒေါ်လာကိုင်ထားတဲ့သူဟာ ပိုချမ်းသာ ကြွယ်ဝလာနိုင်ပြီး လုပ်ငန်းလုပ်ဖို့ မဟုတ်ပဲ ဝယ်ရောင်းသဘော လုပ်ဖို့ ဝယ်ထားတဲ့ ကား မြေတွေကတော့ ထိုးကျနိုင်လို့ အချိန်အခါကို အမြဲစောင့်ကြည့်ပြီးမှ သတိနဲ့လုပ်သင့်တယ်။ အခုချိန် ရွှေဟာ မရောင်းလည်း မပုပ်မသိုး မပျက်သွားသလို စျေးကျလို့ ထားထားရင်လည်း ကားလို ပြင်ဆင်စရိတ်တွေ အခွန်တွေလည်း တက်မနေဘူး။

အခု စကစရဲ့ သူတို့ ရည်မှန်းထားတဲ့ ကားတွေဆီကနေ အခွန်တိုးကောက်ချင်လို့ ကြည်ကြည်ဖြူဖြူနဲ့ ဆောင်လာအောင် ကားစျေးတွေ အဆမတန် တက်လာအောင် မက်လုံးပေးလိုက်တော့ အခုချိန် ကားစျေးတက်လို့ အပျော်လွန်နေကြသူတိုင်းဟာ တက်လာတဲ့ အခွန်ကို ပျော်ပျော်ကြီး ဆောင်ကြမည့်သဘောပါပဲ။

ဒါဟာလည်း အာဏာရှင်တွေ ခေတ်အဆက်ဆက် လုပ်စားနေကျ အခွန်ရအောင် ထောင်ချောက်ဆင် ရိုက်စားတဲ့အကွက်ဆိုတာ သတိထားသင့်တယ်၊ ခေတ်တွေ ပြန်ကောင်းလာလို့ ကားဆွေး ကားစုတ်တွေ တန်ဖိုးကျပြီး အပိုပစ္စည်းတွေ စျေးတက် ရှားပါးလာတဲ့အခါကျရင် လက်ဝယ်မှာ ကားအဟောင်းကျန်တဲ့သူတွေ အရှုံးကြီးကြီး ရင်ဆိုင်ရမယ်လို့ပဲ သုံးသပ်မိတယ်။ ကားစျေးတက်လို့ ဝယ်ရောင်း ဆော့ချင်ရင်တောင် လောဘတွေ လျှော့ပြီး မဆွေးမြေ့သေးတဲ့ အင်ဂျင်ကောင်းတဲ့ကားကိုသာ ဝယ်ထားသင့်တယ်။

လူများစု ထင်နေကြတာက ရွှေစျေး၊ ဒေါ်လာစျေးတက်လို့ ကုန်စျေးနှုန်းတွေ တက်လာတယ်လို့ ထင်နေကြတာ။ တကယ်က မြန်မာကျပ်ငွေ တန်ဖိုးကျအောင် အာဏာနဲ့ ပိတ်ဆို့တားဆီးပြီး လူတစုသာ လက်ဝါးကြီးအုပ် အမြတ်ထုတ်တဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်လာလို့ မြန်မာကျပ်ငွေ တန်ဖိုးကျတာထက် ပိုပြီး အခြေခံစားကုန်စျေးနဲ့ ဆေးစျေးတွေ မတရားတက်လာတာ။ ဒီထက်လည်း ပြည်သူအပေါ် ယုတ်မာ ဂုတ်သွေးစုပ်ကြဦးမည့်အနေအထားဆိုတော့ ရွှေစျေး၊ ဒေါ်လာစျေးထက် ရန်သူမျိုးငါးပါးကြောင့် ကုန်စျေးနှုန်းတွေ အဆမတန်တက်လာရတယ်လို့ ပြောရင် ပိုမှန်မယ်။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page