ရန်ကုန်မှာ (၁၉) နှစ်အရွယ် မိန်းကလေးက ဖုန်းဆိုင်ကို ဝင်လု (ဒီလိုမျိုးတောင် ဖြစ်နေကြပြီလား)

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် သမိုင်း အမှတ် ၁ ရပ်ကွက် ဘုရင့်နောင် ၁၁ လမ်းထိပ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ဖုန်းလုပြေးတဲ့ ဖြစ်ရပ်တစ်ခု ယနေ့ကြုံတွေ့ခဲ့ပြီး ဖုန်းလုပြေးသူတွေကို လိုက်ဖမ်းတဲ့အခါ မိန်းကလေး တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ပြောဆိုနေကြတယ်လို့ သိရပါတယ်။

အဆိုပါ ဖုန်းဆိုင်မှ ဖုန်းနှစ်လုံးကို လုယူ၍ ထွက်ပြေးသူသုံးဦးမှာ ယောကျ်ားလေးနှစ်ဦးနဲ့ မိန်းကလေး တစ်ဦးတို့ ဖြစ်ကြပြီး ဖမ်းဆီးရမိတဲ့မိန်းကလေးကို စစ်ဆေးကြတဲ့အခါ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ မစုယမင်းထွဋ် (ခ) မစုမြတ်ထူး ဆိုသူဖြစ်တယ်လို့ သိရပြီး မောင်ဉာဏ်လင်းထွန်းဆိုသူနဲ့ အမည်စုံစမ်းဆဲ ယောကျ်ားလေးတစ်ဦးတို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ထိုလုယူထွက်ပြေးခံရတဲ့ ဖုန်းနှစ်လုံးဟာ ပြန်ရပေမယ့် ပြေးရင်းနဲ့ပျက်စီးသွားတယ်လို့ ဆိုကြပြီး တန်ဖိုးအားဖြင့် ကျပ် ခုနစ်သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့လည်း မိုဘိုင်းဖုန်းဆိုင်ဘက်က ဆိုထားပါတယ်။ ထိုသို့သော အလစ်သုတ်မှုဖြစ်ရပ်တွေဟာ ရန်ကုန်မြို့က မြို့နယ်အများအပြားမှာဖြစ်ပွားနေပြီး အုပ်စုလိုက် လုပ်ဆောင် တာတွေဖြစ်လာပါတယ်။

ယခင်က လုယက်မှု ကျူးလွန်သူတွေဟာ အများအားဖြင့် ယောက်ျားလေးများသာ ပြုလုပ်လေ့ ရှိပြီး ယခုအချိန်မှာတော့ ထူးထူးဆန်းဆန်း ငယ်ရွယ်နုနယ်တဲ့ (၁၉) နှစ်အရွယ် မိန်းကလေး ဖြစ်နေတာကြောင့် အားလုံးက အံ့ဩနေကြတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် စီးပွားရေး ပြိုလဲသွားပြီး အလုပ်အကိုင် ရှားပါးမှု၊ ဝင်ငွေ လျော့ကျလာမှုတွေ ဖြစ်ပွားလာကာ ခိုးဆိုးလုနှိုက် ဖြစ်စဉ်များ အများအပြား ဖြစ်ပွားလာတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ် ထိတ်လန့်မှုတွေ ဖြစ်နေကြပါတယ်။ ယခုလို မိန်းကလေးငယ်တွေပါ လုယက်မှုထဲ ပါလာတာဟာ ဝမ်းနည်းဖို့ ကောင်းတယ်လို့ ပြည်သူတွေက မှတ်ချက်ချနေကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page