ပြိုလဲနေတဲ့ မြန်မာ့စီးပွားရေး ခေါင်းတလားကို ရိုက်သွင်းလိုက်တဲ့ နောက်ထပ် သံချောင်းတချောင်း

လက်ရှိ မအလ လက်အောက် ဗဟိုဘဏ်ရဲ့ ကြေညာချက် နှစ်ခုရဲ့ သဘောတရား ကို လူတိုင်း နားလည်အောင် ရှင်းရရင် မြန်မာနိုင်ငံကို FDI နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လုပ်ထားတဲ့ ကုမ္ပဏီတွေလည်း နိုင်ငံခြားငွေ ကင်းလွတ်ခွင့် မရတော့ပါဘူး။ သေချာတာ သူတို့ဆီ တင်ရင် ပြန်ချပေးဖို့လည်း မရှိပါဘူး။

ဒါဆို FDI နိုင်ငံခြားရင်းနှီးမြှုပ်နံမှုတွေ အလုပ်လုပ်ရ အရမ်းခက်သွားရင် ပြန်ထွက်ကြပါလိမ့်မယ်။ ခပ်ကြမ်းကြမ်း ပြောရရင် ၂၀၂၂ အတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ကြီးစွာ ထိပါလိမ့်မယ်။ ပညာရှင်/ ပညာတတ်၊ လုပ်ငန်းကျွမ်းကျင် လူငယ်တွေ နိုင်ငံခြားထွက်လို့ ဦးနှောက် ယိုစီးမှု (Braindrain) ဖြစ်တာ ခဏထား။ ထမင်း ဘယ်လိုစားမလဲ ဆိုတာ ပြဿနာ ဖြစ်လာပါမယ်။

အဲဒီရဲ့ အကျိုးသက်ရောက်မှုက လှိုင်းလို လာပါမယ်။ ​နိုင်ငံအတွင်း လူတစ်ဦးချင်းစီရဲ့ ငွေသုံးစွဲနိုင်စွမ်း ထိုးကျသွားရင် “အရောင်းအဝယ်” လုပ်ငန်း အားလုံး(အားလုံး) ဆီ ရိုက်ခတ်လာမှာပါ။ စားသောက်ကုန်၊ ဆေးဝါး လို မရှိမဖြစ် ကဏ္ဍ ကလွဲရင် ကျန်တဲ့ ကဏ္ဍတွေ မလွယ်ပါဘူး။

နောက်တစ်ခုက မြန်မာနိုင်ငံအတွက် တကယ် ကုန်သွယ်ရေးနဲ့ ဖြန့်ချိန်ရေး (Trading & Distribution) လုပ်နေတဲ့ ကုမ္ပဏီတွေဟာ သွင်းကုန်တွေ အတွက် “ဆိုင်ငံ့ကာလ” နဲ့ လည်ပတ် ရောင်းဝယ် ပေးချေကြတာ များပါတယ်။

အကယ်၍ အဲဒီ “ဆိုင်းငံ့ငွေ” တွေ မပေးနဲ့ဦး ဆိုရင် ဘာဝယ်ဝယ် ငွေလက်ငင်းရှင်း ဆိုရင်ရော လက်ငင်းပေးစရာ ရှိပါ့မလား၊ ပေးလောက်အောင် နိုင်ငံခြားငွေ ခွင့်ပြချက် ရပါ့မလား၊ အခက်ကြုံရပါမယ်။ trade ကုန်သွယ်မှု ရပ်တာမျိုး ဖြစ်လာပါမယ်။

ဒါဆို သွင်းကုန် တွေ ရှားပါးတာ၊ ဈေးအကြီးအကျယ် တက်တာ မျိုး နောက် ၂လ/ ၃လ ဆိုဖြစ်လာပါလိမ့်မယ်။ ပစ္စည်း ပြတ်တာမျိုး ဖြစ်လာရင် စားသောက်ကုန်နဲ့ ဆေးဝါး ကဏ္ဍမှာ ဈေးနှုန်း အရမ်းတက်တဲ့ ငွေကြေး အလွန်ဖောင်းပွမှု (Hyper Inflation) ဒဏ်ကို ပြည်သူက ခံရပါလိမ့်မယ်။ အာဏာရှင် တော်လှန်ရေး ကြာရင် ကြာသလောက် ဒီထက် ဆိုးလာဖို့ပဲ ရှိပါလိမ့်မယ်။

အကြံပြုချင် တာကတော့ သုံးချက်ပဲ ရှိပါတယ် (၁) အာဏာရှင် တော်လှန်ရေးကို ပြည်သူတိုင်း လက်တွေ့ (လက်တွေ့) ပါဝင်ပေးကြပါ။ (၂) မလိုတာတွေ ဝယ်တာ၊ သုံးတာ လုံးဝ ရပ်ပါတော့။ လုံးဝ အပိုသုံးဖို့ မစဉ်းစားတာ အကောင်းဆုံးပါ။ (၃) မျက်စိဖွင့် နားစွင့် သတိလေးနဲ့ အရာရာ ကို နေစေချင်ပါတယ်။ ခေတ်ဆိုး က အခုမှ စတော့မှာပါ။ ထွက်ပေါက်က တော်လှန်ရေး မြန်မြန် အောင်ဖို့က လွဲလို့မရှိပါ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page