ဂဠုန်ဦးစော ခိုးသွားတဲ့ အလောင်းဘုရား စစ်ထွက်သစ္စာ သင်္ကန်းနက်ဘုရားရဲ့ ထူးခြားဆန်းကြယ်မှုများ

ဂဠုန်ဦးစော ကား ဘုရင်စိတ် ပြင်းပြသူ ဖြစ်သည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ စသော ကုန်းဘောင်ဆက် မင်းများ အစဉ်အဆက် ‘အောင်မြေ’ ဟု သတ်မှတ် ထားသော နေရာတစ်ခု ရွှေဘိုမြို့အဝင် တောင်ဘက်၌ ရှိသည်။

ထိုအောင်မြေ၌ ဦးစော အောင်မြေနင်းခဲ့၏။ အောင်မြေ နေရာကိုလည်း အဆောက်အအုံ တစ်ခုဆောက် ကာ သမိုင်းဝင် ဋ္ဌာနတစ်ခု အဖြစ် ထင်ရှားစေခဲ့သည်ဟု မှတ်သားရသည်။ (ယခု ဝေဘူဆရာတော်ကြီး၏ အောင်မြေ ရိပ်သာ အတွင်း၌ ရှိ၏။)

သူ အင်းစိန် ထောင်ကြီးအတွင်း၌ နေရစဉ် သူ့ကို စောင့် ကြပ်ရသော ပုဂ္ဂိုလ် တစ်ဦးအား သူကိုယ်တိုင် အောက်ပါ အတိုင်း သူ့အမှားသူ ဝန်ခံပြောဆိုသွားခဲ့ဖူး၏။ “ကျုပ်ဟာ နန်းရင်းဝန်ကြီးဘဝနဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့ တယ်။ အဲဒီအချိန်က ရွှေဘိုနယ်မှာ အတော် ထင်ရှား ကျော်ကြားနေတဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ကိုးကွယ်တဲ့ သင်္ကန်းနက်ဘုရား၊ မတ်ရပ် ဆင်းတုတော်ဟာ အတော် တန်ခိုးကြီးတယ်။ ဆုတောင်းပြည့်တယ်။ လိုတ ရတယ်။ ရန်အပေါင်းကို အောင်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် အဲဒီ ဘုရားကို မရ ရတဲ့ နည်းနဲ့ ကျုပ်ယူခဲ့ မိတယ်။

ဒါပေမယ့် ကိုးကွယ်လိုလို့ ကြည်ညိုသဒ္ဓါနဲ့ ပင့်ခဲ့တာ မဟုတ်ဘူး။ ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာဘဲ။ ဒီတော့ ဆင်းတုတော်ကို သာမန်မျှသာ ကိုးကွယ်မှု အဆင့်တွင် မဟုတ်ပဲ ကျုပ်ရဲ့ “အဆောင်” သဘောမျိုး ထားခဲ့မိတယ်။ အဲဒါ ကျုပ်ရဲ့ မဟာအမှားကြီးပဲ။ နောက်မှ သိရတာက ဒီ ဆင်းတုတော်ကြီးဟာ တန်ခိုးကြီး သလောက် အလွန်ခိုက်တယ် ဆိုတာ သိရတော့ နောက်ကျသွားပြီ။

အဲဒီ အချိန်က ကျုပ်ဟာ အင်္ဂလိပ် အကျဉ်းသား ဖြစ်လို ဖြစ်ရ၊ သေနတ်ပစ် ခံလို ခံရနဲ့ နောက်ဆုံး အခုအခြေထိ ဖြစ်ခဲ့တာပါဘဲ။ နောက် ကျုပ် ဒီထဲရောက်မှ အဲဒီ ဆင်းတုတော်ကြီးကို ရွှေတိဂုံ စေတီတော် စနေထောင့်မှာ ကျောင်းဆောင်တစ်ခုနဲ့ လှူဒါန်း လိုက်ရတယ်။” (၁၅.၇.၁၉၇၁ နေ့ထုတ် အိုးဝေဂျာနယ်မှ။ ယခု ထိုရုပ်ပွား ထိုနေရာ၌ မတွေ့ရပါ။) (ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်၏ ဓမ္မဒူတမှ ကောက်နှုတ်ချက်)

ဂဠုန်ဦးစော ခိုးသွားတဲ့ အလောင်းဘုရားရဲ့ စစ်ထွက်သစ္စာဆို သင်္ကန်းနက် ဘုရားကို ယခုလက်ရှိတည်ရှိရာနေ ရာ သိသူတဦးက ရေးသားထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မြန်မာသက္ကရာဇ် (၁၁၁၄)ခုနှစ် လွန်ခဲ့သောနှစ်ပေါင်း (၂၆၃) နှစ်လောက်ကတည်းက ခမည်းတော်မင်းညိုစံ မယ်တော် ခင်ယွန်းစံတို့ဦးစီး၍ ရွှေဘိုမြောက်လက်မှ ဗေဒင်ပညာရှိပန်းပုဆရာတစ်ဦးက အိမ်တော်တွင်ကိုးကွယ်ရန် သင်္ကန်းနက် မတ်ရပ်စွန်တောင်ဆွဲ ရုပ်ပွားတော်တစ်ဆူ ထုလုပ်ပေးခဲ့ပါသည်။

ပင်းယခေတ် လက်ရာမျိုးရုပ်ပွားတော်သည် ကြာမောက် ကြာလန် ပလ္လင်အမြင့်(၁၀)လက်မ ဉာဏ်တော်အမြင့်(၃၄)လက်မရှိပါသည်။ ဤဘုရားကိုအမှတ်(၉) ရပ်ကွက် မြတ်စောညီနောင်ဘုရား၏ စနေထောင့်တွင် အတိတ်နိမိတ်အောင်မြေ(သို့) ရာဇအောင်မြေစေတီကို မင်းမဖြစ်မှီ တည်ထားကိုးကွယ်အပြီး မြန်မာသက္ကရာဇ်(၁၁၁၄) ခုနှစ်တွင်မှ အနေကဇာတင်ပြီးခဲ့ပါသည်။

အလောင်းမင်းတရားကြီးသည် စစ်ထွက်တိုင်း ဤဘုရားကိုသစ္စာဆိုပြီး ဆင်ပေါ်တွင်တင်၍ ပင့်ဆောင်လေ့ရှိရာ(၁)နှစ်အတွင်း တိုက်ပွဲပေါင်း (၁၄)ပွဲနိုင်ခဲ့ပါသည်။ ဤရုပ်ပွားတော်ကို (၁၉၄၂)ခုနှစ်က နန်းရင်းဝန် ဂဠုန်ဦးစောမှ အလောင်းဘုရား ပြဿဒ်တော်လာရောက် တည်ဆောက်လှူဒါန်းပြီး ဦးအောင်ဇေယျ၏ ဇာတိအောင်မြေဖြစ်သည့် ရွှေချက်သိုဘုရားမှ ရန်ကုန်သို့ပင့်ဆောင် သွားခဲ့ပါသည်။

ခရစ်သက္ကရာဇ် (၁၉၄၈)ခုနှစ်တွင် ဂဠုန်ဦးစော မိသားစုမှ ရွှေတိဂုံဘုရားအမှတ်(၁၅)တွင် ရေစက်ချလှူဒါန်းထားခဲ့ရာ (၁၉၆၄)ခုနှစ်တွင် ဘုန်းတော်ကြီး(၁)ပါး သီလရှင်(၂)ပါးနှင့် ရွှေဘိုသားဆိုသူ ယောက်ျားတစ်ဦးက ရွှေတိဂုံဘုရားမှ ထပ်မံပင့်ဆောင်သွားကြောင်းသိရပါသည်။

ဂဠုန်ဦးစော၏ မြေးများ လိုက်လံပြသသဖြင့် မြောက်ဥက္ကလာပ သဗ္ဗညုစေတီတွင် ကိန်းဝပ်စံပါယ်လျက်ရှိသည်ကို ဘုရားပင့်ဆောင်ရေးကော်မတီဝင်များ ကိုယ်တိုင်(၂) ကြိမ်တိတိဖူးမြော်ခဲ့ရပြီ ဖြစ်ပါသည်။ ဤဘုရားပြန်လည်ပင့်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာအဆင့်ဆင့်မှ နိုင်ငံတော်သမ္မတကြီးထိ တင်ပြထားရှိပြီး ဖြစ်သည့်အပြင် ဂဠုန်ဦးစော၏ကျန်ရစ်သူ မိသားစုတို့နှင့်သဘော တူညီချက်ပါရရှိထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။

ဤဘုရားသည် စစ်ချီစစ်ထွက်ဘုရားဖြစ်၍ ယခုတိုင်ဒေသစာရီ ကြွချီတော်မူနေဆဲဖြစ်ကြောင်း နိမိတ်ပုံဆောင်နေပြီး ဤဘုရားစပင့်သည့်အချိန် (၁၉၄၂)မှစ၍ ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ရိပ်စစ်ငွေ့များ မြန်မာနိုင်ငံသို့ပျံ့နှံ့ခဲ့ရာ ရွှေတိဂုံဘုရားသို့ ရေစက်ချသည့်နှစ်( ၁၉၄၈)ခုနှစ် လွတ်လပ်ရေးရပြီး မကြာမီပြည်တွင်းစစ်မီးကြီး စတင်ဟုန်းဟုန်း တောက်ခဲ့သည်ကို တွေးကြည့်လျင် သိကြမည်ထင်ပါသည်။

သို့ကြောင့် ဤရုပ်ပွားတော်အားမူရင်းဒေသ ရွှေဘိုမြို့သို့ပြန်လည် ကိန်းဝပ်စေခြင်းဖြင့် စစ်မီးများငြိမ်း၍ နိုင်ငံတော်ကြီး အေးချမ်းသာယာဝပြောလာမည်ဟု သိရသည်။ ဆက်လက်၍ ဤစစ်ထွက်သစ္စာဆိုဘုရား ပြန်လည်ကြွချီရေး ပြည်တော်ဝင်ရေးအတွက် ရွှေဘိုနယ်သူနယ်သား အပေါင်းနှစ်ထောင်းအားရ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ကြပါရန် စစ်ထွက်သစ္စာဆိုဘုရား ပြန်လည်ပင့်ဆောင်ရေးကော်မတီ ရွှေဘိုမြို့ မှနိဗ္ဗာန်အကျိုးပစ္စုပ္ပန်အကျိုး မြှော်ကိုး၍ နှိုးဆော်တိုက်တွန်းထားကြောင်း သတင်းရရှိ၍ ကောင်းမြတ်သောစေတနာဖြင့် လေးမြတ်စွာဖော်ပြအပ်ပါသည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page