တုနှိုင်းမရတဲ့ ကမ္ဘာကျော် ဘောလုံးနတ်ဘုရားကြီး ပီလီ ကွယ်လွန် ရှာပြီ

ကမ္ဘာကျော်ဘောလုံးနတ်ဘုရားကြီး ပီလီဟာ ၂၀၂၂ ဒီဇင်ဘာ ၂၉ ရက်မှာ ကွယ်လွန်သွားပြီလို့ သိရှိရပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၂ အရွယ်ရှိတဲ့ ဘောလုံးနတ်ဘုရားကြီး ပီလီဟာ ဆင်းရဲတဲ့ဘဝကနေစခဲ့ရပြီး သမိုင်းမှာ လူသိအများဆုံးအားကစားသမားတဦးအဖြစ် ထွန်းတောက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို ၃ ကြိမ်ရဖူးထားတဲ့ တဦးတည်းသော ဘောလုံးကစားသမားလည်းဖြစ်ပါတယ်။

ပီလီဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကျင်းပနေစဉ်မှာပဲ ခံစားနေရတဲ့ ကင်ဆာဝေဒနာကို ဆက်လက် ကုသလို့ မရတော့တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားအပြီး နှစ်ပတ် မပြည့်ခင်မှာဘဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ပီလီဟာ ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဘရာဇီးအသင်း ဗိုလ်စွဲဖို့ အဓိကနေရာက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ပီလီဟာ အမြန်နှုန်းနှင့် ခန္ဓာကိုယ် ဟန်ချက်ထိမ်းသိမ်းမှုတို့ကို ပိုင်ဆိုင်တဲ့ တုနှိုင်းမရတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။

ဘောလုံးအလိမ်အခေါက်ကျွမ်းကျင်စွာဖြင့် ညာခြေနှင့်ရော ဘယ်ခြေနှင့်ပါ အားပါပြင်းထန်သော ကန်ချက်များနဲ့ ဂိုးသွင်းနိုင်သူလည်း ဖြစ်ပါတယ်။ ဂန္ထဝင် ကစားသမားကြီး ပီလီရဲ့ ကစားသမားဘဝ သက်တမ်းတလျှောက်မှာ ပွဲပေါင်း (၁၃၆၃)ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း (၁၂၈၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ တနှစ်ထဲမှာပင် ဂိုးပေါင်း (၁၃၉) ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီလီကို ကမ္ဘာ့အနှံ့က ဘောလုံးပရိသတ်များက ချစ်ခင်နှစ်သက်ကြပြီး ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းနေကြပါတယ်။ ပီလီရဲ့ မိခင်နိုင်ငံ ဖြစ်တဲ့ ဘရာဇီးအသင်းကတော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်မှာ ခရိုအေးရှားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပီလီရဲ့ နောက်ဆုံး နေဝင်ချိန်မှာ သူ့နိုင်ငံအသင်း ကမ္ဘာ့ဖလားကို ကိုင်မြှောက်သွားတာကို မတွေ့ခဲ့ရရှာပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page