မြန်မာ့ရွှေနဲ့ ဒေါ်လာဈေးကွက် ပျက် (ဒေါ်လာဈေး ၅၀၀၀ အထိဖြစ်မည်ဟု သတင်းထွက်နေ)

ရွှေနှင့်ဒေါ်လာစျေးနှုန်းများ အတည်အတံ့မရှိဘဲ စျေးကွက်အတွင်း၌ လေပတ်ကားအရောင်းအဝယ်ဟုဆိုသည့် ကြိုက်ရောင်းကြိုက်ဝယ်စျေးများဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း ပြင်ပစျေးကွက်မှ သိရပါတယ်။

ပြင်ပစျေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၀၀ ကျပ်ပတ်ဝန်းကျင်အထိ စျေးဖွင့်ရောင်းချလျှက်ရှိပြီး ဒေါ်လာလက်ဝယ်ရှိသူများသည်လည်း ပြန်လည်ရောင်းချရန် စျေးအတက်စောင့်နေကြကြောင်း သိရပါတယ်။

“ဒေါ်လာက စျေးကွက်ထဲ ပျောက်နေတယ်။ ဝယ်ရောင်းသမားတွေနဲ့ အရွက်စုထားတဲ့သူတွေက နေ့တိုင်းစျေးတက်နေတော့ မရောင်းဘဲ ကိုင်ထားကြပြီလေ။ တက်စျေးကိုပဲ စောင့်နေတာ။ နောက်လလောက်ဆို ၅၀၀၀ ထိဖြစ်မယ်လို့တောင် ကောလဟလတွေ ဖြစ်နေပြီ။ အဲ့တော့ တကယ်လိုတဲ့သူဆို လိုအပ်ချက်ပေါ်မူတည်ပြီး စျေးတောင်းကြတော့တာပဲ။ စျေးကွက်ထဲ ဒေါ်လာအဝင်လမ်းမှမရှိတော့တာ။ ဘဏ်ထဲဝင်သမျှ နိုင်ငံခြားငွေအားလုံး ထိုင်သိမ်းခံနေရတာဆိုတော့”လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

ပြည်တွင်းရွှေစျေးကွက်ထဲမှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်းခွဲကနေ ၂၃ သိန်းကြား စျေးနှုန်းတွေနဲ့ ရွှေဆိုင်တွေ အရောင်းအဝယ်ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့ရှိ ရွှေဆိုင်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လနောက်ဆုံးပတ်ထဲ ပြည်တွင်းရွှေစျေးနှုန်းတွေဟာ ကျပ် ၂၂ သိန်းကျော်လာခဲ့ပြီး ဒီနေ့ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ခင်း ပေါက်စျေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်း ၈ သောင်း နဲ့ ၁၅ ပဲရည်ကိုတော့ ၂၁ သိန်း ၅ သောင်းဝန်းကျင်နဲ့အရောင်းအဝယ်လုပ်နေတယ်လို့ ရွှေဆိုင်တစ်ဆိုင်ကနေ သိရပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်းထုတ်ပြန်ခဲ့တဲ့ စျေးနှုန်းတွေဟာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၀ သိန်း ၆သောင်း စျေးနဲ့ထုတ်ပြန်ထားပြီး နေ့စဉ် အသင်းက ထုတ်ပြန်တဲ့ စျေးနှုန်းတွေနဲ့ ပြင်ပရွှေပေါက်စျေးတွေဟာ သိသိသာသာကွာဟနေခဲ့ပါတယ်။

အရင်က YGEA အသင်းက ထုတ်ပြန်တဲ့စျေးနှုန်းအပေါ်အခြေခံပြီး ရွှေဆိုင်တွေက အရောင်းအဝယ်လုပ်ခဲ့ကြပေမယ့် ပြည်တွင်းဒေါ်လာစျေးမြင့်တက်လာခဲ့တဲ့နောက် ရွှေဆိုင်တွေဟာ ကိုယ်စျေးနဲ့ ကိုယ်သာ ကြိုက်ရောင်း၊ ကြိုက်ဝယ် လုပ်ခဲ့ကြပြီး လက်ရှိ တစ်ဆိုင်နဲ့တစ်ဆိုင်စျေးမတူဘဲ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်းခွဲကနေ ၂၃ သိန်းကြားမှာ အရောင်းအဝယ်လုပ်နေတာ ဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေ နေထိုင်တဲ့ ရပ်ကွက်တွေမှာဆိုရင် စားဝတ်နေရေးကျပ်တည်းလာမှုတွေကြောင့် ပြင်ပရွှေစျေးတက်နေတဲ့အချိန် အပေါင်ဆိုင်တွေမှာ ရွှေအပေါင်ထားရှိမှုတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page