စီးပွား မရှာတတ်သေးတဲ့ ရွှေမြန်မာတွေနဲ့ မပြိုင်ဘဲနဲ့ အနိုင်ယူသွားခဲ့တဲ့ သင်ခန်းစာယူစရာ အဖြစ်

မပြိုင်ဘဲအနိုင်ယူသွားတဲ့ စျေးကွက်စီးပွား။ လမ်းထိပ်မှာ “ရွှေမြန်မာ” ဆိုတဲ့ လက်ဖက်ရည်ဆိုင်ကြီး ဟီးထနေအောင် လာဖွင့်တော့ ၁၅ မိနစ်လောက် လျှောက်ရတဲ့ခရီးကို လက်ဖက်ရည် သွားသောက်နေရတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေက ဝမ်းသာသွားကြတယ်။ လာဖွင့်တဲ့ ဆိုင်ပိုင်ရှင်တွေကလည်း မြန်မာ၊ ကိုယ့်ရပ်ကွက်ထဲက ဖြစ်နေတော့ ဝိုင်းဝန်း အားပေးလိုက်ကြတာနဲ့ လက်ဖက်ရည်ဆိုင်က စည်ကားသွားတယ်။

ဆိုင်ထဲမှာ တီဗီကြီး လေးလုံးလောက်ထားပြီး နေ့နေ့ညည ဘောလုံးပွဲတွေ မပြတ်တမ်းပြတော့ လူစည်ကားတဲ့ အကြောင်းတရားတွေထဲမှာ ဘောလုံးပွဲ ပရိသတ်တွေကလည်း အများကြီး ပါနေတာ တွေ့ရတယ်။ ဘောလုံးပွဲတစ်ပွဲ ပြချိန်က အနည်းဆုံး မိနစ် ၉၀ ဆိုပေမယ့် နှစ်နာရီလောက် ဆိုင်ထဲမှာ လူစည်ကားပြီး တစ်ဝိုင်းမှာ လက်ဖက်ရည်လေး တစ်ခွက်နဲ့၊ စီးကရက် လေးလိပ်လောက် မှာပြီး လူခြောက်ယောက်လောက် ဝိုင်းထိုင်အားပေးတာ ဆိုတော့ အမြင်မှာသာ လူတွေများပြီး စားပွဲထိုးတွေက ရေနွေးကြမ်း လိုက်ရတာနဲ့ နားရတယ်ကို မရှိပါဘူး။

ဆိုင်ရှင်ကတော့ လူတော့ များပါရဲ့ ဘောလုံးချိန်ရော၊ ချဲချိန်မှာပါ ထိုင်စရာ မရှိလောက်အောင် များပေမယ့် ရပ်ကွက်ထဲက လူတွေက ဒီနေရာကို ဖျော်ဖြေပွဲတစ်ခု အနေနဲ့ လာပြီး အနားယူကာ လောင်းကစားတဲ့ နေရာတစ်နေရာလို့ သဘောထားနေတာကြောင့် ထင်သလောက် မဟုတ်ဘူးဆိုပြီး ဆိုင်ဖွင့်ချိန် နှစ်လလောက်မှာ ညည်းလာတာ တွေ့ရတယ်။

ဒီနေရာမှာ ပြောချင်တာက ချင်းနဲပလဲဆိုတဲ့ အိနိ္ဒယမလေး အကြောင်း။ လက်ဖက်ရည်ဆိုင်ဘေးမှာ တဲလေးထိုးပြီး ချင်းနဲပလဲဆိုတဲ့ ကလေးမလေးက တိုရှည် လာရောင်းတယ်။ အိန္ဒိယမလေးဟာ အရင်က ရပ်ကွက်ထဲ အဝတ်လိုက်လျှော်တာ။ ဒါကြောင့် သူ့ကိုလည်း လူသိများတယ်။ နောက်ပိုင်း အိမ်ထောင်ကျသွားတော့ ကိုယ်ပိုင်ဆိုင်လေး ဖွင့်ပြီး တိုရှည်ရောင်းတော့လည်း လက်ဖက်ရည်ဆိုင် အပါအဝင် အားပေးသူတွေ များလာတာကြောင့် ချင်းနဲပလဲရဲ့ တိုရှည်ဆိုင်ကလည်း ဖွံ့ဖြိုးလာတယ်။

လက်ဖက်ရည်ဆိုင်က လူစည်ကားတဲ့ သာမန်ရပ်ကွက်ထဲမှာ ဖွင့်တာကြောင့် ရောင်းကောင်းတယ်လို့ ပြောနိုင်ပေမယ့် ကိုရွှေမြန်မာတို့ရဲ့ ထုံးစံအတိုင်း ကြာလေ ဆိုင်ကို ဂရုမစိုက်လေ ဖြစ်လာတယ်။ စားပွဲထိုးတွေကလည်း လာအားပေးသူကို ကောင်းကောင်းမဆက်ဆံ၊ ဆိုင်ရှင်ကလည်း ဂရုမစိုက်နိုင်ဆိုတော့ လူအင်အားက တဖြည်းဖြည်း နည်းလာတယ်။

ဆိုင်ရှင် ကိုမြန်မာက အလောင်းအစားလေးတွေ တွဲလုပ်တော့ ဆိုင်မှာ အရင်းပြုတ်သလောက် ဖြစ်လာတယ်။ ဘောလုံးက ကွဲလိုက်၊ ချဲကခွဲလိုက်နဲ့ တဖြည်းဖြည်း ကားပြုတ်၊ ဆိုင်ကယ်ပြုတ်၊ နောက်ပိုင်း ရွှေတွဲလဲတွေ ပြုတ်တဲ့အထိ သိသာတဲ့ ပြောင်းလဲမှုတွေကို တွေ့လာရတယ်။ မြန်မာဆိုင်က ချွတ်ခြုံကျနေချိန်မှာ ချင်းနဲပလဲ တိုရှည်ဆိုင်ကတော့ ပိုပြီး ရောင်းအားတွေ တက်လာတာ တွေ့ရတယ်။ သူ့တစ်ဖက် ရပ်တဲလေးရှေ့မှာ ပလတ်စတစ်ခုံတွေ ချပြီး ထိုင်စားတဲ့သူတွေ များလာသလို ချင်းနဲပလဲမှာလည်း ရွှေတွဲလဲ၊ ငွေတွဲလဲတွေ ဖြစ်လာတယ်။

လက်ဖက်ရည်ဆိုင်က ရောင်းအားကျလို့ပဲလား၊ အရင်းပြုတ်လို့ပဲလား၊ ချဲမလျော်နိုင်လို့ပဲလားတော့ မသိ ပိတ်လိုက်ချိန်မှာ ချင်းနဲပလဲကတော့ တိုရှည်အပြင် ကော်ဖီမစ်ထုပ်လေးတွေ တွဲလောင်းဆွဲပြီး လုပ်ငန်းတိုးချဲ့လာတာ တွေ့ရတယ်။ မြန်မာလက်ဖက်ရည်ဆိုင် ပိတ်ပြီး တစ်လလောက်ကြာတော့ ဘယ်လိုမှ မျှော်လင့်မထားတာတွေ ဖြစ်လာတယ်။ ချင်းနဲပလဲက ရွှေမြန်မာ လက်ဖက်ရည်ဆိုင်ကို ဝယ်လိုက်ပြီဆိုတဲ့ သတင်းနဲ့အတူ နောက်ထပ် စည်ကားတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို ယခင်ဆိုင်နေရာမှာ ထပ်ဖွင့်လာပါတယ်။ ဆိုင်ရှင်နေရာမှာကတော့ အိန္ဒိယမလေး ချင်းနဲပလဲက ထိုင်ပြီး၊ သူ့ယောက်ျား လံဘားက လက်ဖက်ရည်ဖျော်တယ်။

မြန်မာဆိုင် ဖွင့်တုန်းက ပေးခဲ့တဲ့ “ရွှေမြန်မာ” ဆိုတဲ့ နာမည်ကို သူတို့ မပြောင်းပါဘူး။ အဲဒီနာမည်နဲ့ပဲ လက်ဖက်ရည်၊ တိုရှည်၊ ပူရီ၊ ထမင်းကြော်၊ အိန္ဒိယမုန့်မျိုးစုံ၊ နံပြား၊ ပလာတာ၊ အီကြာကွေး စတဲ့ စားဖွယ်အစုံကို စျေးသက်သက်သာသာနဲ့ ရောင်းတယ်။ ထူးခြားတာက ဆိုင်ထဲမှာ ဘာတီဗီမှ မထားဘူး။ အိနိ္ဒယသီချင်းနဲ့ မနက်ခင်းဆိုရင် တရားခွေလေးတွေ ဖွင့်ပြီးတော့ စိတ်ချမ်းသာစွာနဲ့ အေးဆေးဆေးဆေး ထိုင်ပြီး စားနိုင်သောက်နိုင်တယ်။ ညဆိုရင် ဆိုင်ကို ၇ နာရီလောက် ပိတ်တယ်။ ယောက်ျားက ကိုယ်တိုင် လက်ဖက်ရည်ဖျော်၊ မိန်းမက ကိုယ်တိုင်စားပွဲထိုး၊ ပိုက်ဆံသိမ်းတော့ အလေအလွင့်၊ အလစ်အဟင်းတွေလည်း နည်းတာပေါ့။

မြန်မာတစ်ယောက် တစ်နှစ်လောက် ဖွင့်ပြီး အလုပ်မဖြစ်တာကို တစ်ချိန်က အဝတ်လိုက်လျှော်ပြီး တိုရှည်ရောင်းတဲ့ ကောင်မလေး တစ်ယောက်က ခြောက်လလောက်နဲ့ ဆိုင်ကြီးတစ်ခုကို ယခင်ထက်ပိုပြီး စည်ကားကာ ရောင်းအားမြင့်တဲ့ ဆိုင်တစ်ဆိုင်အဖြစ် ပြောင်းလိုက်တယ်။ ဆိုင်မှာရောင်းချတဲ့ စျေးနှုန်းတွေကလည်း အသက်သာဆုံး၊ အသန့်ရှင်းဆုံး၊ ဝန်ဆောင်မှု အကောင်းဆုံးဖြစ်အောင် ပိုင်ရှင်ကိုယ်တိုင် ဂရုစိုက်တာကြောင့် နောက် လေး၊ ငါးနှစ်လောက်မှာ ချင်းနဲပလဲဆိုတဲ့ တစ်ချိန်က အဝတ်လျှော်တဲ့ ကောင်မလေးဟာ ရပ်ကွက်ထဲမှာ တိုက်နဲ့ကားနဲ့ ဖြစ်လာတဲ့အထိ ချမ်းသာသွားတော့တယ်။

အဲဒီအချိန်မှာ ရွှေမြန်မာဆိုင်ကြီးကို မူလကစပြီး ထူထောင်ခဲ့တဲ့ ကိုရွှေမြန်မာကတော့ ချင်းနဲပလဲ အရင် တိုရှည်ရောင်းတဲ့ ဆိုင်လေးနေရာမှာ ကွမ်းယာဆိုင်လေး ဖွင့်ပြီး ကွမ်းယာရောင်းတဲ့ဘဝ ရောက်သွားတယ်။ နေ့စဉ်ဘဝတွေမှာ လူမှုအနေအထား၊ နေထိုင်စားသောက်မှု၊ ဘဝအခြေအနေ၊ အကျင့်စရိုက်၊ တွေးခေါ်မှုတွေကို လိုက်ပြီး ယူတတ်ရင် ဒဿနတွေ အများကြီး ရနိုင်ပါတယ်။ လူတွေ ဆင်းရဲသွားရတယ် ဆိုတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ အဲဒီလိုပဲ ချမ်းသားသွားတယ် ဆိုတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ ကျိုးကြောင်းဆက်စပ်ပြီး ဖြစ်ပျက်မှုတွေ ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။

ရွှေမြန်မာနဲ့ ချင်းနဲပလဲဟာ စျေးကွက်စီးပွားရေးလုပြီး ယှဉ်ပြိုင်ကြတာ မဟုတ်ပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ကြရင်းက ကိုယ့်အလုပ်အပေါ် ကိုယ်တန်ဖိုးထား လုပ်ဆောင်မှုချင်း မတူညီတဲ့အပေါ်မှာ ယိုင်သူက ယိုင်ပြီး၊ နိုင်သူက နိုင်သွားခဲ့ကြတာ ဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်တတ်ရင် ကိုယ့်မြန်မာတွေ ဘာကြောင့် ရှေ့တန်းကို ရောက်မလာကြသလဲဆိုတာ အထင်းသား မြင်နေရပါတယ်။ (အလီဘာဘာ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page