မြန်မာ့ စိန်တလုံးသရက်သီးများကို ခြံဖြတ်စနစ်ဖြင့် တရုတ်ကုန်သည်များ ရသလောက်ဝယ်မည်ဟုဆို

တရုတ်နိုင်ငံသို့ သရက်သီးများတင်ပို့ရာတွင် ကိုဗစ်ဆိုင်ရာစစ်ဆေးမှုအခက်အခဲများကို ညှိနှိုင်းလျှော့ချထားနိုင်ပြီဖြစ်သောကြောင့် တောင်သူများထံမှ အရည်အသွေးအလိုက်နစ်နာမှုမရှိနိုင်သည့် ခြံဖြတ်ပုံစံမျိုးဖြင့် ၀ယ်ယူပြီး တရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း မူဆယ် ၁၀၅မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ သိရပါတယ်။

ကုန်သည်များက တောင်သူများကို သရက်ခြံထဲမှာပဲ ပေါက်စျေးဖြတ်ဝယ်ပေးသွားမည်ဖြစ်ပြီး ခြံဖြတ်ဝယ်ယူလာသည့် သရက်သီးများကို မူဆယ်နယ်စပ်ရှိပွဲရုံများက ချိန်ဆ တင်ပို့မည်ဖြစ်ကာ အရှုံးအမြတ်ကို ကုန်စည်ဒိုင်များက ခံယူမည်ဖြစ်ကြောင်း ဆိုပါတယ်။

စိန်တလုံးသရက်သီးများကို ယခုနှစ်ဧပြီ ၃၀ ရက်က ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် ၀မ်တိန်သို့ တရုတ်ကားရှန်တိန်စနစ်ဖြင့်တင်ပို့ခဲ့ပြီး ကိုဗစ်ကာကွယ်ရေးဆေးဖြန်းရာတွင် ဆေးများသွားသည့်အတွက် အသီးအရည်အသွေးကျဆင်းမှုများဖြစ်ပေါ်ခဲ့သောကြောင့် တရုတ်နိုင်ငံမှတာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ရာ အဆင်ပြေမှုများရရှိခဲ့ကြောင်း သိရပါတယ်။

လက်ရှိ အသီးတင်ပို့ရာတွင် ရောဂါပိုးစစ်ဆေးမှုများ၊ အကောက်ခွန်ဆိုင်ရာရှင်းလင်းမှုများ၊ တရုတ်ကားချိန်းပြောင်းသည့် ကုန်ကျစရိတ်များ သက်သာသွားသည့်အပြင် အချိန်သုံးရက်ခန့်သာ ကြာမြင့်တော့ကြောင်း သိရပါတယ်။

သရက်သီးတင်ပို့ရာတွင် မူဆယ်အထိ လမ်းကြောင်းတစ်လျှောက် ကြန့်ကြာမှုမရှိတော့သည့်အပြင် တစ်ဖက်နိုင်ငံသို့ တင်ပို့ရာတွင်လည်း ပို့ကုန်ဆိုင်ရာအခွန်နှင့် ကားခ၊ ပွဲခများ ထည့်သွင်း တွက်ချက် တင်ပို့ရန် မလိုတော့သည့်အတွက် ပွဲရုံများက တောင်သူများထံမှ အရည်အသွေး၊ အရွယ်အစားအလိုက် စျေးကောင်းပေးဝယ်ယူကာ တင်ပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ယခုနှစ် သရက်သီးပေါက်စျေးမှာ အရည်အသွေးအလိုက် ၁၆ ကီလို တစ်ခြင်းလျှင် ယွမ် ၈၀ မှ ၁၁၀ ခန့်စျေးရရှိနေပြီး ယွမ်ငွေ ပြင်ပပေါက်စျေးမှာ တစ်ယွမ်ကို ၃၁၅ ကျပ်ရှိကြောင်း သိရပါတယ်။ လက်ရှိ တရုတ်နိုင်ငံသို့တင်ပို့နေသည့် စိန်တလုံးသရက်သီးမှာ ၁၆ ကီလို တစ်ခြင်းလျှင် တရုတ်ယွမ်ငွေပေါက်စျေးအရ ငွေကျပ် သုံးသောင်းကျော်ရရှိကြောင်း သိရပါတယ်။

လက်ရှိအချိန်တွင် နိုင်ငံရေး အခြေအနေကြောင့် စိန်တလုံး သရက်သီး စိုက်ပျိုးမှု လျော့ကျလျက်ရှိပြီး တရုတ်နိုင်ငံရဲ့ ကိုဗစ် မူဝါဒတွေကြောင့် ယခင်နှစ်များက စိန်တလုံးစိုက်သည့် တောင်သူများ အရှုံးပေါ်ခဲ့ပါတယ်။ ယခုလို ခြံဖြတ်ဝယ်ယူမှုမျိုးကို ယခင်က မကြုံဖူးခဲ့တာကြောင့် တရုတ်ကုန်သည်တွေအနေနဲ့ ဘယ်လို အကွက်ဆန်းတွေ ထွင်လာဦးမလဲဆိုတာ စောင့်ကြည့် ရဦးမယ်လို့ တောင်သူတဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page