ချွန်စက်တောင် မထုတ်နိုင်တဲ့ ရွှေမြန်မာပြည်ကြီးမှာ ထွန်စက်အစီး ၅၀၀၀ တနှစ်ထဲ ထုတ်မည်ဟုဆို

လက်မှု လယ်ယာ စနစ်ကနေ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း လုပ်ဆောင်နေတယ်လို့ စကစက ကြွေးကြော်ပြီး ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ထဲမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုကာ လယ်ယာသုံး စက်ကိရိယာ ၆ မျိုးအပြင် လက်တွန်းထွန်စက် အစီးရေ ၅၀၀၀ ထိ နိုင်ငံပိုင်စက်ရုံ တစ်ခုမှ တိုးမြှင့် ထုတ်သွားမယ် လို့ စကစ လက်အောက်ခံ စက်မှုလယ်ယာ ဦးစီးဌာနက သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ စကစလက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်မှာရှိတဲ့ စက်မှုလယ်ယာဦးစီးဌာန စီမံကွပ်ကဲ နေတဲ့ နိုင်ငံပိုင် မြန်မာ့ လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း) ကနေ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

အင်းကုန်းစက်ရုံဟာ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အတွင်း လက်တွန်း ထွန်စက်အစီး ၉၅၀၀ ကျော်၊ လက်ကိုင်ရှည် ထွန်စက် အစီး ၉၆၀၀ ကျော်ထုတ်လုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဓိက လယ်ယာလုပ်သား ရှားပါးလာမှု၊ ရာသီဥတု ပြောင်းလဲလာမှုတို့ကြောင့် ရာသီအချိန်မီ စိုက်ပျိုး ထုတ်လုပ် နိုင်ဖို့ စတဲ့ အခြေခံအချက်တွေကြောင့် လယ်ယာသုံး စက်ကိရိယာများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့ ရည်ရွယ် တာဖြစ်တယ်လို့ သိရပါတယ်။

လက်တလောမှာတော့ ပြည်တွင်းပြည်ပထုတ် လယ်ယာသုံးစက်ကိရိယာများ အရည်အသွေး စစ်ဆေးပေးရေး၊ ကျွမ်းကျင်သော လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းပြုပြင်သူများ အရည် အသွေးပြည့်ဝစွာ သင်ကြား လေ့ကျင့် မွေးထုတ်ပေးနိုင်ရေး လုပ်ဆောင်နေတယ်လို့ စကစ လက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရပါတယ်။

ယခုလို တိုးမြှင့် ထုတ်လုပ်ပြီး တောင်သူထံဖြန့်ဖြူးရောင်းချပေးဖို့ လုပ်ဆောင်နေပေမယ့်လည်း လက်တွန်းထွန်စက်အများစုက စက်သုံးဆီထည့်သွင်း အသုံးပြုမောင်းနှင် လုပ်ဆောင်ရတာကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းအရတော့ တွက်ချေမကိုက်ဘူးလို့လည်း တောင်သူလယ်သမားကြီး တဦးက မှတ်ချက် ပေးထားပါတယ်။

အရင်က ဦးသိန်းစိန်ခေတ်ကလည်း တရုတ်ဆီက အကြွေးဝယ်ယူပြီး လယ်သမားတွေကို ထွန်စက်အကြွေးပေးတဲ့ စီမံကိန်းကလည်း အဆင့်ဆင့် ဖြတ်စားတာကြောင့် မအောင်မြင်ခဲ့ကြောင်း၊ ယခုကာလမှာ စက်သုံးဆီဈေးတွေ မိုးထိအောင် တက်ပြီး ကုန်ဈေးနှုန်း အကုန်တက်နေချိန်မှာ ချွန်စက်လုပ်တဲ့ နည်းပညာတောင် မရှိဘဲ ထွန်စက် ထုတ်မယ်ဆို‌တော့ “စက်မှုစွမ်းအား ကိုယ့်အိတ်ထဲ ကိုယ်ထည့်သွား” ဆိုပြီး ဆောင်ပုဒ်ကို ပြင်လိုက်ပါလားလို့ လယ်သမားကြီးက ထပ်မံ မှတ်ချက်ပေးသွားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page