အမိန့်တခုနဲ့ ကားလောကတခုလုံး ဗြောင်းဆန်သွားခဲ့ဖူးတဲ့ခေတ် (ကားဝယ်ရောင်းရွှေခေတ်အကြောင်း)
Without ကား လိုင်စင်ပေးခြင်း၊ (08.04.2010) နေပြည်တော်မှာ ကျင်းပတဲ့ ဖမ်းဆီးကားလေလံ ပွဲအပြီး ၂၀၁၀ ဇွန်လ လောက်မှာ ပြည်တွင်းမှာရှိတဲ့ Without ကားတွေကို အခွန်ဆောင်ခိုင်းပြီး လိုင်စင်ထုတ်ပေးမယ် လို့ အသံထွက်လာပါ တော့တယ်။
လေလံတုန်းက အလုံးချိန်းဖို့ သွင်းထားတဲ့ W ကားတွေ အတွက် အဆင်ပြေ သွားတယ်။ တကယ်လည်း ၂၀၁၀ (၈) လပိုင်းမှာ ကားတန်ဘိုးရဲ့ 85% အခွန်ဆောင် ခိုင်းပြီး လိုင်စင်ထုတ်ပေးပါတယ်။ အဲ့ဒီမှာ အခွန်ဦးစီးဌာနက အသစ် သတ်မှတ်လိုက်တဲ့ ကား ရာဖြတ်နှုန်းထားက အရေးကြီးလာပါပြီ။ အဲ့ဈေးနှုန်းရဲ့ 85% အခွန်ဆောင်ရမှာကိုး။ ဈေးနှုန်းသိမှ ဘယ်ကား ဘယ်ဈေး အခွန်ဆောင်ရမလဲ ဆိုတာ ရွေးချယ်လို့ ရမှာပါ။ မြဝတီ နဲ့ တာချီလိပ် နယ်စပ် နှစ်နေရာ ဖွင့်ပေးထားပါတယ်။
ကိုယ့်မှာ Without ကား ကြိုဝယ် ထားတာ မရှိတော့ သူများတွေ မြဝတီ မှာ သွားလုပ် သလို ကိုယ်လည်း တာချီလိတ် လေယာဉ် နဲ့ တက်ရတာပေါ့။ တာချီလိတ်ရောက်တော့ ကား အရောင်းအဝယ် သမားတွေ အရင်ရောက်နှင့် နေကြပြီ။ ကားတွေလည်း ဝယ်ရခက်နေပါတယ်။ ဟွန်ဒါ ဂျက်ဇ်, တိုယိုတာ ယာရစ်, တိုယိုတာ ဗိုင်အို့စ် ယိုးဒယားထုတ် လေးတွေ သိပ်မရှိတော့ဘူး။
တချို့လည်း ဖော်ကျူနာ အသစ်တွေ လုပ်ကြတယ်။ ကိုယ်တွေလည်း Japan ကနေ တိုက်ရိုက်မှာပြီး without ကားသွင်းတဲ့ သူငယ်ချင်း ဆီ ဖုန်းဆက် အကူအညီ တောင်းပြီး ဂျပန်ကနေ တင်ခိုင်းရတယ်။ ယိုးဒယား ဆိပ်ကမ်း မှာ ရှိနေတဲ့လက်ကျန် ကားလေးတွေကို လှမ်းဝယ်ပီး မယ်ဆိုင် ဘက်ခြမ်းအရောက် car carrier နဲ့ အရင် ပို့ခိုင်းရတာပေါ့။ အစက မယ်ဆိုင်တံတား ကနေ တာချီလိတ်ဘက် ကူးကြတယ်။ ထိုင်းအစိုးရက ၂၄ ၊၂၅ ရက် နောက်ပိုင်း W ကားပေး မဖြတ်တော့ဘူး။ ညဘက် မှ ကမ်းကူးကြရတယ်။
တာချီလိတ် အခွန်ရုံးမှာလည်းလူတွေ ကျိတ်ကျိတ်တိုး စည်ကားနေပြီ။ ရန်ကုန် က ငွေလွှဲကြောင့် တာချီလိတ် ဘဏ် တွေ လည်း ငွေကုန် ပြီး ရပ်ကုန်တယ်။ ရန်ကုန်ကလည်း လွှဲတာကြမ်းတယ်လေ။ တစ်ယောက် တစ်ယောက်လွှဲကြတာ သိန်း၅၀၀၀/၆၀၀၀ တစ်သောင်း ရယ်။ မယ်ဆိုင် ဘက်မှာ ကားတွေ Pick up က အစ Lot လိုက်ဝယ်ပြီး မောင်းသွင်းတာကိုး။ ထိုင်း နယ်စပ် ဘက်က ကားအရောင်း ဆိုင်လေးတွေ ကုန်သလောက်နီးပါးရောင်းရတယ်။
လုပ်ထုံး လုပ်နည်းက တာချီလိတ် အခွန်ရုံးမှာ ကား နာမည် Chassis no ပေးပြီး စာရင်းသွင်း အခွန် အရင် ဆောင်ကြရတယ်။ တာချီလိတ် ဘောလုံးကွင်းထဲမှာ ကညန က ယာဉ်စစ် ခဲခြစ် အားလုံး One Stop Service လုပ်ပေးပါတယ်။ ကားတွေက ဘော်လုံးကွင်း တပတ် ပြည်လျှံနေတာပဲ။ သိပ်မကြာဘူး အစိုးရက August 31 နောက်ဆုံး ဆိုပြီး ရက် သတ်မှတ်လိုက်ပါတော့တယ်။
ကိုယ်တွေ မှာထားတဲ့ ကား တွေလည်း တဘက်ကမ်းတောင် မရောက်သေးဘူး။ August 31 အထိ ကားမရောက်သေးဘူး။ စိတ်တွေလည်းပူနေပြီ။ ဦးစီးမှူးက သဘောတော့ကောင်းသား။ ကား Chassis no တွေ သိရင် စာရင်းသွင်း ထားလိုက်ပါလားတဲ့။ ကား တွေကလည်း များလွန်းလို့ စစ်လို့ ပြီးမှာ မဟုတ်သေးဘူးတဲ့။ တကယ်လည်း August လကုန်လို့ September အထိ ယာဉ်စစ်နေရတုန်း။
ကျွန်တော့်ကားလေး တွေလည်း တံတားကနေ ဝင်မရတော့ မိုင်းလား ကနေ တဆင့် ကယ်ရီသမားတွေ မောင်းပြီး ရောက်လာတယ်။ ကျွန်တော် ကားတွေ (၇.၉.၂၀၁၀) မှာ ယာဉ်စစ်ဖို့ တန်းစီရပါတယ်။ တန်းစီရင် ညဘက် ဒီတိုင်း ထားရင် ထားခဲ့ ဒါမှမဟုတ် ကားထဲ လူငှားအိပ်ခိုင်းရပါတယ်။
ကားနံပါတ်တွေက လေလံအလုံးချိန်း တွေ (၃ဂ/၉***) မှာကုန်ဆုံးပြီး 85% ကားတွေက( ၄ဂ/****)နံပါတ်ကနေ စ ပေးပါတယ်။ ကားတွေရပြီဆိုတော့လည်း ရန်ကုန် သယ်ဖို့ လုပ်ရပြန်ပါတယ်။ လမ်းဆိုးတဲ့အတွက် ဆလွန်းကားတွေ ဆယ်ဘီးကားတွေနဲ့ တင်ပြီး တောင်ကြီးပို့ရပါတယ်။ တင်ခ ကားတစ်စီး ၆ သိန်းလား မမှတ်မိတော့ဘူး။ ကိုယ်တွေလည်း Mark X တွေ နဲ့ တခြားကားသေးတွေ ဆယ်ဘီး ကားကြီးနဲ့ တင်ပေးလိုက်တာပေါ့။ တောင်ကြီး ရောက်မှ ရန်ကုန် ကို ယာဉ်မောင်း နဲ့ မောင်းကြေးပေး ပို့ရပါတယ်။
မိုးမရွာလို့ လမ်းကောင်းသွားပြီလို့ သူများတွေ ပြောကြတာနဲ့ ကားနှစ်စီး ကိုတော့ တာချီလိတ် ကနေ တောင်ကြီး အထိ မောင်းဆင်းပါတယ်။ ဒေသခံ ယာဉ်မောင်းနှစ်ယောက် ကို တောင်ကြီး အထိ ငှားပြီး မောင်းခိုင်းရတော့တယ်။ ၂၀၁၀ တုန်းက တာချီလိတ်- တောင်ကြီး လမ်း ကို တသက် မမေ့တော့ပါ။
အရမ်း အရမ်း ကို ဆိုးပါတယ်။ နာရီဝက်လောက်ပဲ မောင်းရသေးတယ် ငိုချင်သွားပြီ။ မိုးရွာလို့ ရွံ့ဖြစ်နေတဲ့ လမ်းတွေ ကို ဆယ်ဘီးကားကြီးတွေ ဖြတ်ထားလို့ လမ်းတွေ က ကားဘီးရာကြီးတွေ ကားရေဆေးခုံလို ဖြစ်နေပြီး မကျအောင် ခွ မောင်းရတယ်။ အောက်ခံ ကျောက်တုန်းကြီးတွေ အလုံးလိုက် ပေါ်နေကြပြီး ကားဘီးတွေ ယက်နေကြတာ။ ပေါက်တူးတွေ ဂေါ်ပြားတွေ တခါတည်းသယ်လာရတယ်။ တချို့နေရာတွေ မှာဆို ဖိနပ် စီးလို့ကို မရဘူး။ ဖိနပ်က ရွံ့ထဲ နစ်ပြီး ကျန်ခဲ့လို့လေ။
ကားလမ်းကိုဖြတ်စီးတဲ့ ရေတံခွန်တွေ အပေါ် ဖြတ်မောင်းခဲ့ရတာ အခုတော့ သတိရမိပါရဲ့ ။ အရမ်းလှတဲ့ အလှအပလေးတွေ တောင် သိပ်မခံစားခဲ့ရဘူး။ သံလွင်မြစ်ကူး (တံကော)တာကော တံတားက ညနေ (၆) နာရီဆို ပိတ်တော့ တံတားထိပ်က ဆင်မောင်းရွာမှာ ညအိပ်ရပါတယ်။
တောင်ကြားက ကျတဲ့ ရေတံခွန်လေးတွေ အသုံးချပြီး ကိုယ်ပိုင် ရေအားလျှပ်စစ်မီးလေးတွေ နဲ့ ဖွင့်တဲ့ ဆိုင်လေးတွေ မှာ ကားသမားတွေနဲ့ ဒေသထွက် မီးတောက် အရက် (တကယ်တောက်တာနော်) ထိုင်သောက်ခဲ့ကြတာ အခုတော့ လွမ်းစရာ ဖြစ်နေရပြီ။ တောင်ကြီးကို နောက်နေ့ည (၉) နာရီလောက်ဝင်ပါတယ်။
တောင်ကြီးမှာ တစ်ည အိပ်ပြီး ရန်ကုန်ဆင်းရတာပေါ့။ ရန်ကုန်ရောက်တော့ ပင်ပန်းရကျိုး နပ်ပါတယ်။ ရန်ကုန် မှာ အဝယ်တွေ ကားဝယ်ရောင်းတွေ ပြန်တောင်းဝယ်ကြတာ။ ကားတစ်စီး နှစ်ရာ သုံးရာ ဆိုတာ အသာလေးမြတ်တာကိုး။ ကားဈေးလည်း အတော်အတန် ကျသွားပေမယ့် အရောင်းအဝယ် အရမ်းဖြစ်ပြီး အားလုံးမြတ်ကြတာ ပျော်စရာကြီး။
2004, မာခ့် အိတ်စ် (၄ဂ/၉၅၉၅ ) သိန်း ၁၃၅၀၊ 2002,4 မာ့ခ်တူး (၄ဂ/၆၈၈၇)သိန်း ၁၁၅၀၊ 92 -င်ကောက် (၄ဂ/၆၆၆၈) သိန်း ၆၁၀၊ 99 မာ့ခ်တူး (၄ဂ/၆၈၇၁) သိန်း ၈၀၀/၉၀၀ လောက် ပြန်ရောင်းလို့ရခဲ့တယ်။ ဝယ်လိုအားများတာကြောင့် အားလုံး နီးပါးရောင်းရတယ်။ ကားဈေးကျသွားခဲ့ပေမယ့် ဝယ်ရောင်းတွေ အကြီးအကျယ် မြတ်သွားကြတယ်။
အခု Without ကား ၈၅% အခွန်ဆောင်ပြီး လိုင်စင် ဝင်တဲ့ ,ဇာတ်လမ်း တစ်ခန်းရပ်သွားခဲ့ပြီ။ မလုပ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ အတိအကျ ပြောထားပြီးလို့ စိတ်ကူးယဉ် စရာ အကြောင်းလည်း မရှိတော့ပါ။ (အောင်သွင်) 8.7.2022