မြန်မာပြည်သူတွေ အခုထိ မချမ်းသာသေးတဲ့ အကြောင်းရင်းတခု (ဥစ္စာဖြို စားဖိုက ဆိုတဲ့ စကားပုံ)

အတုယူသင့်ပါတယ်။ ဂျာမဏီ နိုင်ငံဆိုတာ တကယ့်ကို စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုပါ၊ အဲဒီလိုနိုင်ငံမျိုးမှာ ကြီးကျယ်ခမ်းနားတဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ ဘဝကို နေထိုင်ကြယ်မယ်လို့ လူတော်တော်များများဟာ တွေးကြ ပါလိမ့်မယ်။

ကျွန်တော်တို့ ဟမ်းဘတ်ကို ရောက်တဲ့အခါ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စားသောက်ဆိုင် တစ်ဆိုင်ထဲကို လမ်းလျှောက်ပြီး သွားခဲ့ကြပါတယ်။ ကျွန်တော်သတိထားလိုက်မိတာက ဆိုင်ထဲမှာ စားပွဲတွေ တော်တော်များများ လွတ်နေတယ်။

စားပွဲတစ်လုံးမှာတော့ လူငယ်စုံတွဲ တစ်တွဲ ထိုင်နေကြပါတယ်။ စားပွဲပေါ်မှာလည်း ပန်းကန် (၂) ခု နဲ့ ဘီယာ (၂) ဘူးပဲ ရှိတယ်။ ဒီလောက် ရိုးရှင်းတဲ့ အစားသောက်လေးတွေ နဲ့ ဆိုရင် ဒီကောင်းမလေးက ဒီလို ကပ်စေးနဲ တဲ့ ကောင်လေးကို မထားခဲ့ဘူးလား လို့ ကျွန်တော် တွေးမိတယ်ဗျ။ နောက်ထပ်စားပွဲမှာတော့ အမျိုးသမီး တစ်ချို့ရှိကြတယ်။

စားပွဲထိုးလေးက အစားအသောက်တွေ လာချပေးပြီးတော့ သူတို့စားကြ သောက်ကြတဲ့ အခါ ကျွန်တော် ကြည့်နေတယ်။ သူတို့တွေက အစားအသောက် အားလုံးကို လုံဝ မကျန်အောင် (ရှင်းရှင်းပြောရရင်တော့ဗျာအကုန်ပြောင်အောင်) စားလိုက်ကြတယ်။ ကျွန်တော်တို့ကလည်း ဗိုက်ဆာနေပြီဆိုတော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် (ကျွန်တော်တို့ နိုင်ငံကပါပဲ) က အစားအသောက်တွေ အများကြီးမှာလိုက်တယ်။

ကျွန်တော်တို့ စားသောက်ပြီးလို့ ပြန်မယ် ဆိုပြီး ပိုက်ဆံရှင်းတဲ့အချိန်မှာ အစားအသောက်တွေ သုံးပုံတစ်ပုံလောက်ကို မစားရသေးဘဲ ကျန်နေ သေးတယ်။ ကျွန်တော်တို့ စားသောက်ဆိုင်ထဲက ထွက်လာတော့ အမျိုးသမီးကြီးတွေက ကျွန်တော်တို့ကို အင်္ဂလိပ်လို ပြောပါတယ်။ ကျွန်တော်တို့က အစားအသောက်တွေကို ကုန်အောင် မစားဘဲနဲ့ ချန်ထားခဲ့တဲ့အတွက် (အစားအသောက်တွေကို မလိုအပ်ဘဲ ဖြုန်းတီးခဲ့တဲ့အတွက်)စိတ်မကောင်းကြောင်း ပြောတာပါ။

ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်က “ကျွန်တော်တို့ မှာစားတဲ့ အစားအသောက်တွေ အတွက် ကျွန်တော်တို့ ပိုက်ဆံရှင်းပြီးပြီလေ။ ကျန်တာ/ မကျန်တာ ခင်ဗျားတို့ကိစ္စမဟုတ်ပါဘူး” လို့ ပြောလိုက်ပါတယ်။ အဲဒီလိုလည်း ပြောလိုက်ရော အမျိုးသမီးတွေက စိတ်ဆိုးပြီးတော့ ချက်ချင်းပဲ တစ်ယောက်က ဟန်းဖုန်းကိုထုတ်ပြီး တစ်ယောက်ယောက်ဆီကို ဖုန်းခေါ်လိုက်ပါတယ်။

ခဏလောက်ကြာတော့ လူမှုဖူလုံရေးအဖွဲ့အစည်း တစ်ခုရဲ့ ဝတ်စုံနဲ့ လူကြီးတစ်ယောက် ရောက်လာပါတယ်။ ကျွန်တော်တို့ ငြင်းပေမယ့်လည်း ကျွန်တော်တို့ကို ယူရို ၅၀ ဒဏ်တပ်လိုက်ပါတယ်။ ကျွန်တော်တို့ အားလုံး တိတ်ဆိတ်နေကြတယ်။ အဲဒီလူမှုဖူလုံရေး အရာရှိက လေသံနည်းနည်းမာမာနဲ့ မင်းတို့မှာစားချင်သလို မှာစားလို့ရတယ်၊ မင်းတို့ပိုက်ဆံနဲ့ စားတာ၊ ဒါပေမယ့် အစားအသောက်တွေက လူမှုအဖွဲ့အစည်းတစ်ခုလုံးနဲ့ ဆိုင်တယ်၊ ကမ္ဘာနဲ့ အဝန်းမှာ အစာရေစာပြတ်လတ်နေတဲ့သူတွေ ငတ်နေတဲ့သူတွေ အများကြီးပဲ၊ ဘယ်လို အကြောင်းနဲ့မှ အစားအသောက်တွေကို ဖြုန်းတီးစရာ အကြောင်းမရှိဘူး” လို့ ပြောပါတယ်။

အဲဒီလိုချမ်းသာတဲ့ နိုင်ငံကြီးတစ်နိုင်ငံက လူတွေရဲ့ စိတ်ဓာတ်က ကျွန်တော်တို့ကို တကယ်ပဲ အရှက်ရသွားစေပါတယ်။ တကယ်ဆိုရင် ကျွန်တော်တို့က ချမ်းသာတဲ့ နိုင်ငံက မဟုတ်ကြပါဘူး။ ဒါပေမယ့် သူတို့ ချမ်းသာတဲ့ နိုင်ငံလိုမျိုး စည်းနဲ့ကမ်းနဲ့ ထိန်းသိမ်းဖို့ အသိမရှိခဲ့ကြဘူး။

ကျွန်တော်တို့ရဲ့ မကောင်းတဲ့ အကျင့်တွေကို ပြောင်းလဲပြီး သူတို့ရဲ့ အလေ့အကျင့်ကောင်းကို အတုယူသင့်ပါတယ်။ သိပ်မှန်ပါတယ်။ မင်းတို့ပိုက်ဆံ ဆိုပေမယ့် အစားအသောက်တွေက လူမှုအဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တယ်” ကျွန်တော်တို့ ကြိုးစား အတုယူရပါလိမ့်မယ်။

ဒါကလည်း အင်တာနက်မှာ ဖတ်မိတဲ့ WE REALLY NEED TO REFLECT ON THIS ဆိုတဲ့ စာစုလေးကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ စာဖတ်သူများ ဆပွားတွေးကြည့်ကြပါ။ မေတ္တာဖြင့် အောင်ကိုဦး(UMK)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page