ဘဏ်ငွေလွှဲရာတွင် ငွေတုများ ပါသည်ဟုဆိုကာ ငွေလွှဲသူကို ရဲများက ဖမ်းဆီးမှု စစ်တွေမှာ ဖြစ်ပွား

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဧရာဝတီဘဏ်တွင် ငွေလာလွှဲသည့် အထဲတွင် တစ်သောင်းတန်ငွေစက္ကူအတုများ ပါဝင်သောကြောင့် ငွေလွှဲသူကို ရဲများက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဇွန်လ ၂၁ ရက်က စစ်တွေမြို့၊ ရူပတောင်ရပ်ကွက်၊ လမ်းမကြီးလမ်း၊ အမှတ် (၁၇၆)ရှိ ဧရာဝတီဘဏ်ခွဲသို့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာနေ အသက် ၃၈ နှစ်ခန့်အရွယ် ဦးကျော်မြင့် (ခ)မာမွတ်အီစွတ် ဆိုသူက မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နေ ဦးတွတ် (L55 Shwe Hintha ကုမ္ပဏီ ) ၏ဘဏ်အကောင့်သို့ ထန်းလျက်ဖိုး ငွေကျပ်သိန်း ၁ဝဝ (တစ်သောင်းကျပ်တန် ရွက်ရေ ၁ဝဝဝ)လွှဲရန် လာရောက်ပေးသွင်းစဉ် ငွေတစ်သောင်းတန်ကျပ် ၁ဝဝဝ ရွက် အနက် ၃၅ ရွက်မှာ အတုဖြစ်နေတယ်လို့ ဘဏ်က စစ်ဆေးသိရှိရပါတယ်။

ထိုကြောင့် စကစ လက်အောက်ခံ ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ရန် ဘဏ်ခွဲတာဝန်ခံ ဦးသာစိုးအောင်မှ စစ်တွေမြို့မရဲစခန်းသို့ လာရောက်အပ်နှံခဲ့ရာ စခန်းမှူးမှ လက်ခံသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကို တာဝန်ရှိသူအဖွဲ့တို့မှ ပူးပေါင်းစစ်ဆေးခဲ့ရာ ထိုငွေများကို သဲချောင်းယာယီဈေး၌ စားသောက်ကုန်များ လက္ကားရောင်းချစဉ် ပါလာသည့် ငွေစက္ကူများဖြစ်‌ကြောင်း၊ ယခုအခါလုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။

စကစလက်အောက်ခံ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ဘဏ်သို့ ငွေလာရောက် အပ်နှံရာတွင် ဖြစ်စေ၊ တခြားသူ တယောက်သို့‌ ငွေလွှဲရာတွင် ဖြစ်စေ ငွေစက္ကူအတုများ ပါလာခဲ့ပါက ငွေလာရောက် သွင်းသူကို ဖမ်းဆီးနိုင်ခွင့် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ဟာ မျှတမှု မရှိကြောင်း၊ မသိနားမလည်တဲ့ ကျေးလက်နေပြည်သူတွေအနေနဲ့ ငွေစက္ကူအတုများကို မသိဘဲ ဘဏ်သို့ သွားရောက် အပ်နှံမိပါက အဖမ်းခံရမှာ ဖြစ်ကြောင်း စီးပွားရေးသမားတဦးက မှတ်ချက်ပေးပါတယ်။

လက်ရှိအချိန်မှာ မြန်မာတနိုင်ငံလုံးမှာ ငွေစက္ကူအတုများ အများအပြား ပျံ့နှံ့လျက်ရှိပြီး အခြေခံလူတန်းစားများ အနေနဲ့ ကိုယ့်လက်ထဲ ရောက်လာတဲ့ ပိုက်ဆံ အနည်းငယ်ကို အတုလား အစစ်လား သေချာစွာ မခွဲခြားနိုင်အားဘဲ ကြိတ်မှိတ် အသုံးပြုနေရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page