မြန်မာ့နန်းတွင်းထဲက မိန်းမစိုးတွေနဲ့ ပတ်သက်လို့ လူတွေ သိပ်မသိသေးတဲ့ အကြောင်းများ

ရှေးခေတ် မြန်မာ့ ရွှေနန်းတော်မှ မိန်းမစိုးချုပ် (သို့) အနောက်နန်းဆောင်မှ နန်းတွင်းရဲမေများ၊ လူသိနည်းသော ရတနာပုံခေတ် နန်းတွင်းကုန်းကုန်း (ကိုရီးယား နန်းတွင်းမိန်းမစိုးများကို ခေါ်သော အခေါ်အဝေါ်) မိန်းမစိုးများ အကြောင်းကို လေ့လာမိသလောက် တဆင့်ပြန်လည် တင်ပြပေးလိုက်ပါသည်။

ရှေးခေတ် မြန်မာဘုရင်တို့စံရာ ရွှေနန်းတော်တွင် အဆောင်တော်များစွာရှိသည်။ ကြေးတိုက်၊ မာရဘင်ဆောင်၊ အနောက်ဆောင် စသော အဆောင်များ ရှိသည့်အနက် အနောက်ဆောင် ဆိုသည်မှာ ဘုရင့်မိဖုရား၊ နန်းရဆောင်ရ မိဖုရားငယ်များ၊ ကိုယ်လုပ်တော်များ နှင့် သမီးတော်များ နေထိုင်ရာ အဆောင်တော်ဖြစ်သည်။

နန်းစဉ်အဆက်ဆက် အနောက်ဆောင်ဆိုလျှင် ဘုရင်နဲ့ ပတ်သက်သော မိန်းမများ စုဝေးရာ နန်းတွင်းအရပ်ဟုသာ သိပြီးဖြစ်ကြသည်။ ထိုအနောက်ဆောင်တွင် အပျိုတော်၊ အထိန်းတော်၊ အဆောင်ကိုင် စသည်ဖြင့် အခြွေအရံ အများအပြားသည် နေ့ညဉ့်မပြတ် ခစားနေရသော မိန်းမများစုဝေးရာ ကမ္ဘာလေးတခုလို ဖြစ်နေပေတော့သည်။

အမျိုးသမီး သီးသန့်အဆောင်တော် ဖြစ်သည့်အတွက် ထိုအမျိုးသမီးများကို အုပ်ချုပ်ရန် အကြီးအမှုး တစ်ဦးတော့ လိုအပ်သည်။ ထိုသို့ အုပ်ချုပ်သော ပုဂ္ဂိုလ်ကို မိန်းမစိုး(ဆိုး) ဟု ခေါ်သည်။ မိန်းမစိုး၏ တာဝန်မှာ အဆောင်တော်အတွင်းရှိ မိဖုရားနှင့် သမီးတော် မဟုတ်သော မောင်းမငယ်၊ ကိုယ်လုပ်တော်၊ သန့်ရှင်းရေးသမများ နှင့် အစေအပါးတော်များအား အုပ်ချုပ်ရန်ဖြစ်သည်။

မိန်းမစိုးဟူသည်ကား နန်းတွင်းရဲမေများသာလျှင် ဖြစ်ပေသည်။ အပျိုနည်းပါးပြီး အများစုမှာ အိမ်ထောင်သည်များ ဖြစ်ကြသည်။ မိန်းမစိုးတာဝန် ထမ်းဆောင်ခွင့်ရရန် လိုအပ်သည့် အရည်အချင်းများအနက် သန်စွမ်းသော ကာယဗလရှိခြင်း၊ ထက်မြက်ခက်ထန်သူ ဖြစ်ခြင်း၊ စာရေးစာဖတ် တတ်မြောက်ပြီး နန်းတွင်းသုံး အလေ့အထ အသုံးအနှုန်း ကျွမ်းကျင်သူ ဖြစ်ခြင်း၊ အနာရောဂါကင်းစင်သူ ဖြစ်ခြင်း စသည်တို့ ပါဝင်လေသည်။ အများအားဖြင့် မိန်းမစိုးများသည် မြို့ဝန်၊ တံခါးမှူး စသည့်အရာရှိ အလယ်အလတ်များ၏ မယားငယ်များ ဖြစ်ကြပေသည်။

မြို့ဝန်ဦးသာအိုး (စလေဦးပုညကို -တ်ခဲ့သူ) ၏ မယားငယ်များထဲမှပင်လျှင် မိန်းမစိုးအဖြစ် ငါးယောက်ရှိနေလေသည်။ ဦးသာအိုးကဲ့သို့ အဆင့်ရှိသူသည် သူ၏မယားငယ် နှစ်ဆယ် အစိတ်ခန့်ကို လုံလောက်အောင် ကျွေးမွေးထောက်ပံ့ခြင်း မပြုနိုင်သဖြင့် သင့်တော်ရာ အလုပ်သွင်းပေးခြင်း စျေးဆိုင်ကနား နေရာချထားပေးခြင်းမျှသာ ဆောင်ရွက်ပေးနိုင်သည်။

ထိုမိန်းမစိုးများမှာ မိန်းမအစစ်များသာ ဖြစ်ပါသည်။ အချို့ထင်မြင်ရေးသားသလို သင်းကွပ်ထားသော ယျောက်ျားများ ဆိုသည်မှာ မဟုတ်ပါ။ မိန်းမစိုးများကို ဘုရင်က လစာရိက္ခာ အဆင့်လိုက် ပေးသနားချီးမြှင့်လေသည်။ မိန်းမစိုးများတွင် သာမန်မိန်းမစိုး နှင့် မိန်းမစိုးချုပ်တို့ ရှိပြီး မိန်းမစိုးတို့နှင့် မိန်းမစိုးချုပ်ကို ဝတ်ဆင်ထားသော အဆောင်အယောင်၊ အဝတ်အစားတို့ကို ကြည့်ပြီး ခွဲခြားနိုင်သည်။

မိန်းမစိုးတို့သည်ကား မိန်းမစိုးချုပ်က တာဝန် ချထားသည့်အတိုင်း ဆိုင်ရာအဆောင်တွင် ထမ်းရွက်ကြပ်မတ်ကြရခြင်း ဖြစ်ပေသည်။ မိန်းမစိုးတို့ ဝတ်ပုံစားပုံမှာ သာမန် ပိတ်ဖြူအဝတ်၊ ခေါင်းပေါင်းဖြစ်ပြီး လက်ထဲတွင် သစ်စေးသုတ်ကြိမ်လုံး (ထားဝယ်ကြိမ်)ကို ကိုင်ဆောင်သည်။

မိန်းမစိုးချုပ်မှာ ပိတ်ဖြူအဝတ်တွင် ရွှေစလွယ်၊ ရင်စီးအနီ ဝတ်ဆင်ပြီး ရွှေနားတောင်းကို ပန်ဆင်သည်။ လက်ထဲတွင် ငါးလိပ်ကျောက် (manta-ray) အမြီးကို ကိုင်ဆောင်သည်။ ကိုင်ဆောင်ထားသော လက်နက်များဖြင့် အမြင်မတော်သူကို ရိုက်နှက်ဆုံးမခွင့် ရှိသည်။ ရိုက်နှက် ဆုံးမမရသူများ၊ အပျိုတော်အချင်းချင်း၊ သမီးတော်အချင်းချင်း ဖြစ်သော ပြဿနာများ ရှိပါက ဖြန်ဖြေမရလျှင် သက်ဆိုင်ရာ မိဖုရားလက်သို့ အပ်ရသည်။

မိန်းမစိုး၏ အဓိက တာဝန်တစ်ရပ်မှာ ဘုရင့်မိဖုရားများ ဥယျာဉ်တော်ဆင်းလျှင် မလှမ်းမကမ်းမှ ကင်းပုန်းဝပ်ကာ စောင့်ကြပ်ရခြင်း ဖြစ်သည်။ မိဖုရားအား ကာကွယ်ရန် ဓားကိုင်ဆောင်ရသော အမျိုးသမီး တပ်ဖွဲ့များလည်း နန်းတွင်းတွင် ရှိသည်ဟု ကြားဖူးရာ မိန်းမစိုးများ ဖြစ်ဟန်တူပါသည်။

မိန်းမစိုးရာထူးအား အများအားဖြင့် ယောကျ်ားစိတ် ပေါက်နေသော အမျိုးသမီးများကို ခန့်အပ်လေ့ရှိသော်လည်း အမျိုးသား မိန်းမစိုးများလည်း ရှိသည်။ ခန့်အပ်သူများမှာ ယောကျာ်းအင်္ဂါ မထင်ရှားသူ အများစု ဖြစ်သည်။ ထင်ရှားသူမှာ ရတနာပုံခေတ်၊ မင်းတုန်းမင်းကြီး လက်ထက်က မိန်းမစိုးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဖေခဲဆိုသူ ဖြစ်ပြီး မင်းတရားကြီးနတ်ရွာမစံခင် အချိန်အထိ ခစားခဲ့သည်။ ယင်း”ဖေခဲ”မှာလည်း သင်းကွပ်ထားသူ မဟုတ် ငယ်စဉ်ဘဝက ထိခိုက်မိ၍ ယောကျာ်းအင်္ဂါ မစုံလင်တော့သောသူသာ ဖြစ်သည်။

နောက်တစ်ဦးမှာ သာစည်နယ်၊ ဆံမြိတ်ရှည်ရွာ ဇာတိဖြစ်သူ ဦးရွှေဖီး ဖြစ်သည်။ ဦးရွှေဖီးမှာ သာစည်နယ်၊ မြင်းခေါင်းကြီး ဦးပို၏ သားဖြစ်ပြီး လက်ပံစင်မိဖုရား (သီရိသုသာမာမေဟ ဘွဲ့ခံ) ၏ မောင်အရင်းလည်းဖြစ်သည်။ သမုံးတိုင်ရွာကို စားရသူဖြစ်ပြီး နေမျိုးသီဟဘွဲ့ ချီးမြှင့်ခံရသူ ဖြစ်သည်။ မိန်းမစိုးချုပ် ရာထူးအပြင် ပုပ္ပားတောင်ထိန်း (နတ်ကတော်ချုပ်) အဖြစ် နတ်ဗောင်းတော်ဆောင်း တာဝန်ကိုပါ ပူးတွဲယူခဲ့သူ ဖြစ်သည်။

မိန်းမစိုးရာထူး ရရှိရန် ယောကျာ်းစစ်စစ်များကို သင်းကွပ် ပစ်သည်ဆိုသော အယူအဆမှာ မမှန်ချေ။ ထိုရာထူးအတွက် မည်သည့်ယောကျာ်းကိုမှ သင်းကွပ်ခဲ့ခြင်းမရှိပဲ ယောကျာ်းစိတ်ပေါက်နေသော အမျိုးသမီးများ နှင့် အမျိုးသားအင်္ဂါ မထင်မရှား ရှိသူများကိုသာ ခန့်အပ်ခဲ့ခြင်း ဖြစ်လေသည်။ ဤမျှလောက်ဆိုလျှင် မြန်မာနန်းတွင်းမိန်းမစိုး (ခ) ကုန်းကုန်းများအကြောင်းကို ခြုံငုံသုံးသပ်မိပြီ ထင်ပါသည်။ အထက်ပါအကြောင်းအရာများကို ရွှေဘိုမိမိကြီး၏ မိန်းမစိုးစာအုပ်မှ တဆင့် ပြန်လည်ဖော်ပြပါသည်။ (H.M.H)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page