သာစည်မြို့နယ်ထဲက နာမည်ဆန်းတဲ့ “ခွေးရုပ်” ဘူတာအိုလေးရဲ့ ရင်နင့်ဖွယ်ရာ သမိုင်းကြောင်း
သာစည်မြို့နယ်ထဲမှာ အင်္ဂလိပ်ခေတ် လက်ကျန် ရထားဘူတာဟောင်းလေး တခုဖြစ်တဲ့ “ခွေးရုပ်” ဘူတာ ဟာ ကလောဘက်က လာရင် မြင်းဒိုက်၊ ဆင်တောင် ဘူတာတွေရဲ့ အလွန်မှာ ရှိပါတယ်။
မြင်းဒိုက်နဲ့ ဆင်တောင်ဘူတာကလည်း အင်္ဂလိပ် ခေတ်လက်ကျန် ဘူတာဟောင်းလေးတွေ ဖြစ်ပြီး ယနေ့အချိန်ထိ အသုံးပြုနေဆဲပါပဲ။ ပလောင်တောင်နဲ့ ပိုနီးပါတယ်။ ပတ်ဝန်းကျင်ရွာတွေမှာ ဓနုတိုင်းရင်းသားတွေ အများဆုံး နေထိုင်ကြပါတယ်။
ခွေးရုပ်ဘူတာလို့ အမည် ဖြစ်လာပုံကလည်း ဝမ်းနည်းစရာ၊ လွမ်းစရာ ကောင်းလှပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ မြန်မာပြည်မှ အင်္ဂလိပ်အပြေး ဂျပန်အဝင်မှာ ကလောမြို့နယ်ကို သိမ်းတဲ့ ဂျပန်စစ်ဗိုလ်နဲ့အတူ ခွေးလေးတစ်ကောင် ပါလာပါတယ်။ အဲဒီ ခွေးလေးက သူ့သခင်ဖြစ်တဲ့ ဂျပန်စစ်ဗိုလ်အပေါ်မှာ သိပ်သံယောဇဉ် ကြီးပါတယ်။
တစ်နေ့ အဲဒီ ဂျပန်စစ်ဗိုလ်က အဲဒီကလောမြို့နယ်ထဲက ယခု ခွေးရုပ်လို့ ခေါ်တဲ့ ဘူတာနေရာလေးမှာ သူ့ခွေးလေးကို “ပြန်လာခဲ့မယ် ဒီမှာပဲ စောင့်နေပါ” ဆိုပြီး အဲဒီဘူတာနေရာကနေ ထွက်မယ့် ရထားပေါ် တက်သွားပါတယ်။
အမှန်တော့ အဲဒီ ဂျပန်စစ်ဗိုလ်က ဂျပန်တပ်တွေနဲ့အတူ ရှေ့တန်းတစ်နေရာ ထွက်ခွာသွားခြင်း ဖြစ်ပါတယ်။ ကံဆိုးချင်တော့ ခွေးလေးရဲ့သခင် ဂျပန်စစ်ဗိုလ် တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပါတယ်။ ခွေးလေးက သခင်ကိုလွမ်းတဲ့စိတ်ကြောင့် အစာရေစာ မစားမသောက်နိုင်ပဲ အဲဒီဘူတာလေးဆီကို နေ့စဉ်လာပြီး သူ့သခင်ပြန်အလာကို စောင့်ကြိုနေခဲ့ပါတယ်။
ခွေးလေးက ဘူတာကို နေ့စဉ်နေ့တိုင်း လာစောင့်ရတာ ကြာလာတော့ အနီးနားဝန်းကျင်က လူတချို့တွေ ကတောင် ခွေးလေးကို မျက််မှန်းတမ်းသတိထားမိနေကြပါပြီ။
နောက်ဆုံး ခွေးလေး အစာရေစာ ပြတ်လပ်ပြီး သူ့သခင်ကို ခင်တွယ်စိတ်နဲ့ ရင်ကွဲနာ ကျပြီး အဲဒီ ဘူတာရှေ့မှာပဲ သေသွားခဲ့ပါတယ်။
အဲဒီ ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ နောင်လာနောင်သား တိုင်းရင်းသားတွေက အဲဒီဘူတာမှာ သေသွားတဲ့ ခွေးလေးကို အစွဲပြုပြီး ခွေးရုပ်ဘူတာရယ်လို့ ခေါ်ဆိုကြပါတယ်။
ဒီဖြစ်ရပ်မှန်နဲ့ ဆင်တူအဖြစ်အပျက်တခု ဂျပန်နိုင်ငံမှာလည်း ရှိခဲ့ဖူးပါတယ်။ ဂျပန်ပြည်၊ တိုကျိုမြို့တော် ရှိဘူယ ဘူတာရုံမှာ သခင်ဖြစ်သူ ပရော်ဖက်ဆာ ဟိုက်ဇဘူရိုအုအဲနော့ (၁၈၇၂ – ၁၉၂၅) ကို ဘူတာရုံမှာ စောင့်ရင်း သေသွားတဲ့ ခွေးလေးကို ဂုဏ်ပြုတဲ့အနေနဲ့ ဟာချီကိုးရုပ်ထု ထုထားတဲ့ ဘူတာ ရှိပါတယ်။
“ဟာချီကိုး” ဆိုတဲ့ ခွေးလေးကတော့ သူ့သခင် ဦးနှောက်ကြောပြတ်ပီး ရုတ်တရက်ဆုံးပါးသွားတဲ့ ၁၉၂၅ ခုနှစ်ကနေ ၁၉၃၅ ခုနှစ်အထိ (၁၀)နှစ်ကြာအောင် ဘူတာရုံမှာ လာလာစောင့်ခဲ့တယ်လို့ သိရပါတယ်။
ခွေးချစ်တဲ့သူတွေအနေနဲ့ အလားတူ အဖြစ်အပျက်များ၊ လူသားနှင့် တိရိစ္ဆာန်လေးတွေ ကြားက ကြီးမားတဲ့ မေတ္တာသံယောဇဉ်လေးတွေ၊ သခင်အပေါ်ကို သစ္စာစောင့်သိကြပုံလေးတွေကတော့ အတူတူပဲ ဖြစ်ကြမှာပါ။