လူငယ်တွေ ကွယ်ပျောက်သွားတော့မယ့် တိုင်းပြည် (သို့) ဂျပန်ရောက်တိုင်း တကယ်ချမ်းသာပြီလား

လွန်ခဲ့တဲ့ ရက်ပိုင်းက ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)အတွက် လျှောက်လွှာတင်တဲ့သူအရမ်းများပြီး ရုန်းရင်းဆန်ခတ်မှုတွေဖြစ်သွားတဲ့အကြောင်း သတင်းတွေဖတ်ရပါတယ်။ ဒီကာလမှာ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံခြားကိုထွက်ဖို့ပြင်ဆင်နေတဲ့ လူငယ်တွေ အများကြီးပါပဲ။ ပြည်တွင်းမှာ ဆက်မနေကြတော့ဘဲ အဆင်ပြေမယ်ထင်တဲ့နိုင်ငံကိုထွက်ဖို့ တာစူနေတဲ့သူတွေ အများကြီးဖြစ်ပါတယ်။ တချို့တွေလဲရောက်ကုန်ကြပြီ ။ တချို့တွေလည်း သွားဖို့အတွက် လိုအပ်တာ‌တွေ ပြင်ဆင်နေကြပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်လောက်က အကောင့်ထဲကမိတ်ဆွေတွေ ရှယ်ထားတဲ့ ရယ်စရာပိုစ့်လေးတစ်ခုကို ဖတ်ဖြစ်တယ်။ ” အခုနေ ဂျပန်စာ၊ ကိုရီးယားစာ မသင်နဲ့ဦး။ နောက် ၅ နှစ်ကြာမှ သွား။ နောက် ၅ နှစ်လောက်ကြာရင် အဲဒီ့မှာ မြန်မာတွေအများကြီး‌ ရောက်ကုန်ပြီး မြန်မာလိုကြီးပဲ ပြောကြတော့မှာမို့ အေးဆေးပဲ” တဲ့။

အမှုမဲ့အမှတ်မဲ့ ကြည့်လိုက်ရင် ရယ်စရာဟာသပါပဲ။ တကယ်လေးလေးနက်နက်တွေးကြည့်လိုက်ရင် ရင်နာစရာအဖြစ်အပျက် ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံသားတွေ၊ အထူးသဖြင့် တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ လူငယ်တွေ ကိုယ့်နိုင်ငံကို ထားခဲ့ပြီး အခြားနိုင်ငံကိုသွားတာ၊ အလုပ်သွားလုပ်တာဟာ တိုင်းပြည်ရဲ့ ဦးနှောက်ယိုစီးမှု ( Brain Drain) ဖြစ်တယ်လို့ ခေါ်ပါတယ်။

တကယ်တော့ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေပါ။ ကျွန်တော်တို့ မြန်မာလူမျိုး​​ဟာ အင်မတန်တော်တဲ့လူမျိုးဖြစ်ပါတယ်။ အလုပ်ဆိုလဲ ကြိုးကြိုးစားစား လုပ်ကြပါတယ်။ မယုံရင် အနောက်နိုင်ငံတွေမှာ လေ့လာကြည့်ပါ။ မြန်မာအလုပ်သမားဆိုရင် လုပ်ငန်းရှင်တွေတော်တော်များများက သဘောကျကြပါတယ်။

ကိုရီးယား၊ဂျပန်၊ စင်ကာပူ၊ သြစ​တြေးလျ၊ အမေရိကန် စတဲ့ နိုင်ငံတွေမှာ လေ့လာကြည့်လိုက်ပါ။ မြန်မာအလုပ်သမားဆို ရင် လုပ်ငန်းရှင်တော်တော်များများက သဘောကျကြပါတယ်။ အလုပ်ထွက်မှာ၊ မြန်မာပြည်ပြန်မှာကို စိတ်ပူကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာတွေဟာ ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ အကင်းပါးတယ်၊ အမိန့်နာခံတယ် ဆိုတာမျိုး ကောင်းမွန်တဲ့အချက်တွေ ရှိလို့ဖြစ်ပါတယ်။မြန်မာပြည်မှာ စနစ်မကောင်းလို့သာ လုပ်ငန်းခွင်မှာ အကျင့်ပျက်ကုန်ကြတာဖြစ်ပါတယ်။ အပျင်းကြီးတာ၊ ခိုကပ်တာ၊ အလုပ်ပျက်တာ၊ ခိုးဝှက်တာတွေ ဖြစ်ကုန်ကြတာပါ။

အခုလက်ရှိ မြန်မာပြည်အခြေအနေဟာ တဖြည်းဖြည်းယိုယွင်းပျက်စီးနေပါပြီ။ အဖက်ဖက်မှာ အနုတ်ဘက်ကိုရောက်နေပါပြီ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလည်း တစ်ခုပြီးတစ်ခုထွက်ကုန်ပြီ၊ သိပ်မကျန်တော့ဘူး။ အကြမ်းဖက်စစ်တပ် အုပ်ချုပ်နေသ​ရွေ့ကတော့ ဒီ့ထက်ပိုဆိုးလာဖို့ပဲရှိပါတယ်။

လူငယ်တွေ တဖြည်းဖြည်းလျော့လာပါပြီ။ ဆက်လက်ပြီးတော့ Brain Drain က ဆက်ဖြစ်နေပါလိမ့်မယ်။ လူငယ်တွေ ကိုယ့်နိုင်ငံက ထွက်သွားပြီးတခြားနိုင်ငံမှာ အလုပ်သွားလုပ်တာဟာ တိုင်းပြည်အတွက် အင်မတန်နစ်နာပါတယ်။ကောင်းတဲ့အချက် အင်မတန်နည်းပါတယ်။ ဘာလို့လဲဆိုတော့ GDP လို့ခေါ်တဲ့ Gross Domestic Product (ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး) နဲ့ တိုင်းပြည်ကြွယ်ဝချမ်းသာမှုကို တိုင်းတာလို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတစ်ယောက် နိုင်ငံခြား(ဥပမာ- ထိုင်း၊ စင်ကာပူ၊ မလေးမှာ) အလုပ်လုပ်တယ်ဆိုတာကို အပေါ်ယံယူဆကြတာက နိုင်ငံခြားမှာ အလုပ်သွားလုပ်ရင် နိုင်ငံခြားဝင်ငွေရမယ် ၊ မြန်မာပြည်ကိုပြန်ပေးလို့ရတယ်၊ ကောင်းတယ်၊ မြတ်တယ်လို့ ယူဆကြပါတယ်။ တကယ်က အဲဒီလိုမဟုတ်ပါဘူး။

မြန်မာအလုပ်သမားတစ်ယောက်ဟာ ထိုင်းမှာ အလုပ်လုပ်ရင် ထိုင်းဘတ်နဲ့ရပါတယ်။ တစ်နေ့ ဘတ် ၅၀၀ ရရင် တစ်လကို ၁၅၀၀ဝ ရပါမယ်။ ဒါပေမယ့် ၁၅၀၀၀ လုံး အကုန် မြန်မာပြည်ကို ပြန်မပေးနိုင်ပါဘူး။ အများဆုံးပေးနိုင်ရင် ဘတ် ၁၀၀၀၀ ပါပဲ။ ကျန်တဲ့ ဘတ် ၅၀၀၀ ဟာ ထိုင်းနိုင်ငံထဲပြန်စီးဆင်းသွားပါတယ်။အဓိကအချက်က မြန်မာလုပ်သားတစ်ယောက်ရဲ့လုပ်အား/ထုတ်လုပ်မှုတန်ဖိုးဟာ ထိုင်းနိုင်ငံအတွက်ပဲ ဖြစ်သွားတာ‌ကြောင့်ပါ။

GDP တွက်ရင် တိုးတက်တာက ထိုင်းနိုင်ငံပါ။ မြန်မာမဟုတ်ပါဘူး။ ဒါကြောင့်မို့ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့လူငယ်တွေ နိုင်ငံခြားထွက်သွားတာဟာ တိုင်းပြည်အတွက် လုပ်အားဆုံးရှုံးတာမို့ ဦးနှောက်ယိုစီးမှု(brain drain) ဖြစ်တယ်လို့ သတ်မှတ်ကြတာပါ။

အင်အားကြီးနိုင်ငံ(developed country) တွေကို လေ့လာကြည့်မယ်ဆိုရင် ရွှေ့ပြောင်းလုပ်သားတွေက အဲဒီနိုင်ငံရဲ့ GDP တိုးတက်အောင် အဓိကလုပ်ဆောင်ပေးနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုရှိမှ အလုပ်အကိုင်အခွင့်အလမ်း ပေါတာပါ။ အလုပ်အကိုင်အခွင့်အလမ်းပေါမှသာ စားဝတ်နေရေးချောင်လည်ပြီး လူနေမှု အဆင့်အတန်းမြင့်မှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုတွေကလည်း ပြန်ထွက်ကုန်ပြီ။တကယ်လုပ်နိုင်မယ့် လူငယ်တွေကလည်း နိုင်ငံခြားထွက်ကုန်ကြပြီဆိုတော့ တကယ်ဆိုးဝါးတဲ့ အနေအထား ဖြစ်ပါတယ်။

တော်လှန်ရေးအောင်သွားရင်တော့ အခုလက်ရှိ ဒုက္ခတွေ ချုပ်ငြိမ်းသွားမှာ အသေအချာပဲဖြစ်ပါတယ်။ ရင်နာစရာ Brain Drain ကိစ္စတွေလည်း တော်တော်လျော့ကျသွားမှာ ဖြစ်ပါတယ်။ လူငယ်တွေ နိုင်ငံခြားထွက်ကုန်ကြတာဟာ ရယ်စရာကိစ္စမဟုတ်ပါဘူး။ ရင်နာစရာကိစ္စဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံမှာ လူငယ်တွေ ပျောက်ကုန်ကြပါပြီ။ တချို့တွေက ထောင်ထဲမှာ၊ တချို့တွေက နိုင်ငံခြားမှာ၊ တချို့တွေက ဘယ်ရောက်သွားမှန်း မသိတော့ (မိုးခ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page