စားဆီကို ပြည်ပကို ပြန်ပို့နိုင်အောင် လုပ်မည်ဟု အကြံကုန် စကစ လေလုံးကြီး (အပြင်မှာ ၈၀၀၀ ဈေး ဖြစ်နေ)

စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူအဖြစ်ကနေ ပြည်တွင်းမှာ ပိုလျှံပြီး ပြည်ပသို့ ပြန်လည်တင်သွင်းသူ အဖြစ် ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမယ်လို့ စကစ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

“စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်း၌ ပိုလျှံသည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်သွင်းသူ (Exporter) အဖြစ်ထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊၂၀၂၁ ခုနှစ်မှစတင်၍ ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ တွင် ဆီစားသုံးမှုများပြားခြင်းနှင့် ပြည်တွင်းဆီထုတ်လုပ်မှုနည်းပါးခြင်းကြောင့် ပြည်တွင်း စားသုံးဆီလိုအပ်ချက် များပြားနေခြင်းဖြစ်တယ်” လို့ ရန်ကုန်က (MSME) လုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံပွဲမှာ ပြောတာပါ။

ပြည်တွင်းဆီလိုအပ်ချက် ပြည့်မီဖူလုံစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ်သည့်အတွက် ဆီထွက်သီးနှံစိုက်ပျိုးသည့် လုပ်ငန်းရှင်များနှင့် ဆီထုတ်လုပ်သူများ အနေဖြင့်လည်း အမှန်တကယ် အလုပ်လုပ်ကြရန်လိုအပ်ပြီး စိုက်ပျိုးရေးတောင်သူ၊ လုပ်ငန်းရှင်များနှင့် အစိုးရတို့ ပေါင်းစပ် ဆောင်ရွက် သွားမည်ဆိုပါက မကြာမီကာလအတွင်း ပြည်တွင်းဆီလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်မယ်ဆိုပြီးတော့လည်း မင်းအောင်လှိုင်က ထပ်မံ ပြောသွားပါတယ်။

လက်တွေ့ ဈေးကွက်မှာတော့ ပြည်တွင်း ထုတ်လုပ်မှုဟာ ပြည်တွင်းစားသုံးမှုရဲ့ ၁၅ ရာခိုင်နှုန်းခန့်သာ ရှိပြီး ကျန်တဲ့ ၈၅ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ မြန်မာ့ကျပ်ငွေတန်ဖိုး အလွန်အကျွံ ကျဆင်းမှုကြောင့် စားအုန်းဆီ တပိဿာ တသောင်းနီးပါး အထိ ဖြစ်ခဲ့ကာ လက်ရှိအချိန်မှာ ၈၀၀၀ ဝန်းကျင် ရှိနေတာ ဖြစ်ပါတယ်။

ဆီလုပ်ငန်းရှင်များ အသင်းက တပိဿာ ၄ ထောင်ကျော်ဖြင့် ဦးရာလူစနစ်နဲ့ ရောင်းချပေးမှုကြောင့် ရန်ကုန်မြို့ ရပ်ကွက်တွေမှာ စားအုန်းဆီ တန်းစီနေတဲ့ လူတန်းကြီးတွေကို တွေ့ရှိနေရပါတယ်။ စားအုန်းဆီ ဈေးကြီးမှုကြောင့် စားသောက်ကုန်များလည်း ဈေးနှုန်းလိုက်လံ မြင့်တက်လာကာ ပြည်သူများအနေနဲ့ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page