ထီမထိုးတော့တဲ့ ပြည်သူတွေနဲ့ မီးစာကုန် ဆီခမ်းနေတဲ့ အောင်ဘာလေထီရဲ့ နောက်ဆုံး နိဂုံး

အောင်ဘာလေထီအတွက် တလလျှင် အက္ခရာ ၁၀ လုံးထုတ်သော်လည်း အက္ခရာ နှစ်လုံးကျော်သာ ရောင်းချနိုင်ပြီး အက္ခရာ ခုနစ်လုံးကျော် ပိုလျက်ရှိကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထီကိုယ်စားလှယ်ရောင်းချသူ အချို့ထံမှ သိရပါတယ်။

အက္ခရာတစ်လုံးလျှင် ထီစာအုပ် ရှစ်သောင်းကျော် ထုတ်ဝေပြီး အက္ခရာ ၁၀ လုံးအတွက် ထီစာအုပ် ရှစ်သိန်းကျော် ထုတ်လုပ်သော်လည်း ထီထိုးမည့်သူ မရှိခြင်းကြောင့် အက္ခရာ နှစ်လုံးကျော် (ထီစာအုပ် နှစ်သိန်းကျော်)သာ ရောင်းချနိုင်တယ်လို့ သိရပါတယ်။

အက္ခရာ ၁၀ လုံးအတွက် ထီစာအုပ် ရှစ်သိန်းကျော်ထုတ်သော်လည်း အက္ခရာ နှစ်လုံးကျော်သာ ရောင်းချနိုင်ခြင်းကြောင့် တစ်လလျှင် အက္ခရာ ခုနစ်လုံးကျော် (ထီစာအုပ် ငါးသိန်းကျော်) ပိုနေကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ၃၄ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို ‘က’ အက္ခရာမှ ‘ည’ ထိ စုစုပေါင်းအက္ခရာ ၁၀ လုံးနှင့် ထီစာအုပ် ၂၅၉၅၇၅ အုပ် ရောင်းချခဲ့ပြီး ထီလက်မှတ်များ ရောင်းချရငွေမှ ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားပါတယ်။

ယင်းသို့ ရာခိုင်နှုန်း ၇၀ ပေါ် အခြေခံ၍ ခွဲဝေထားခြင်းဖြစ်သော်လည်း ထီဖွင့်ပွဲတွင် ဝေဝေဆာဆာ ပဒေသာဆုမဲစနစ်မှ ရောင်းမကုန်ထီလက်မှတ်နံပါတ်များ ထွက်ပေါ်လာပါက အဆိုပါ ဆုမဲတန်ဖိုးစုစုပေါင်းအား အခြားသင့်လျော်သော ဆုမဲအဖြစ် ဆုတစ်ဆုချင်းစနစ်နှင့် ဝေဝေဆာဆာပဒေသာ ကျပ်ငါးသောင်းဆုမဲများ ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်သဖြင့် ခွဲဝေထားသော ဆုမဲအရေအတွက် အပြောင်းအလဲရှိနိုင်ကြောင်း၊ သို့သော် ဆုမဲတန်ဖိုးငွေ စုစုပေါင်းမှာ ပြောင်းလဲမှုမရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ပြည်တွင်းထီဖြစ်တဲ့ အောင်ဘာလေထီ ဖွင့်ပွဲကို ပြည်သူများ စိတ်ဝင်စားမှု လျော့ကျခဲ့ပြီး လက်ရှိအချိန်တွင် မဖြစ်မနေ ထီထိုးရမည့်သူများမှအပ မည်သူမျှ မထိုးတော့ကြောင်း တွေ့ရှိလာရပါတယ်။

လက်ရှိပုံစံအတိုင်း ဆက်လက် သွားနေပါက မီးစာကုန် ဆီခမ်းတော့မယ့် အောင်ဘာလေထီဟာ လုံးဝ နိဂုံး အဆုံးသတ်သွားနိုင်တယ်လို့ ခန့်မှန်းနိုင်ကြောင်း ဖော်ပြလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page