ဘာသာခြားတွေ ဖြစ်ကြပေမယ့် စေတီတည်ဖို့ တရွာလုံး လုပ်အားပေးနေကြတဲ့ ကြည်နူးဖွယ် အဖြစ်

ပဋ္ဌာန်းဆက်နွယ်၍ တော်စပ်ခဲ့ကြတဲ့ မိသားစု အရင်းတွေလိုပဲ ဘာသာ လူမျိုး မတူတာက အဓိက မကျပါဘူး။ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီကို မောင်နှမအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး အချင်းချငိး ကူညီ ဖေးမပေးတဲ့ မိသားစု စိတ်ဓာတ်တွေနဲ့နေရတဲ့ အရပ်က ကျေနပ်စရာ သိပ့်ကောင်းပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်အိမ်မှမရှိသေးတဲ့ တစ်ရွာလုံး ခရစ်ယာန်တွေချည်း အိမ်ခြေ(၃၅၀)နေကြတဲ့ နာဂတောင်ပေါ် ရွာကြီးမှာ မိမိတို့က ရွှေတိဂုံပုံတူ စေတီတော် တစ်ဆူ တည်ထားနေတာပါ။ တစ်ရွာလုံးရှိသမျှ လူကြီး လူငယ်မရွေး နေ့စဉ် နေ့တိုင်းကို စေတီတည်ရာလာပြီး စိတ်ပါ လက်ပါ အင်တိုက် အားတိုက် တက်တက်ကြွကြွ ပါဝင်ကူညီ ဝေယျာဝစ္စတွေ ပြုပေးကြပါတယ်။

ကျောင်းဆရာ ဆရာမများကလည်း ဗုဒ္ဓဘာသာ မဟုတ်ကြပါဘူး။ ခရစ်ယာန်တွေချည်းပါပဲ။ ဒါပေမယ့် အုတ်ခဲသယ်ကျောက်သယ်ဖို့ လိုအပ်ရင် မနက်ခင်းပိုင်းတစ်ချိန် ညနေပိုင်းကျတော့လည်း ကျောင်းဆင်းချိန် မိနစ်(၃၀)ထက်ပိုစောပြီး ဆင်းပေးပြီး ဆရာ ဆရာမ များကိုယ်တိုင် ကျောင်းသား လူငယ် ကလေးတွေ ခေါ်လာပြီး တောင်အောက်က အုတ်တွေကို စေတီကုန်းမြေပေါ် တောင်ပေါ်အထိ လက်ဆင့်ကမ်း တင်ပေးနေကြတာများ အုတ်ပုံကြီး တစ်ပုံလောက်များ မိနစ်၂၀-ထက် ပိုမတင်ရဘူး။

သူတို့ ပါဝင် ကူညီ ဝေယျာဝစ္စပြုပေးကြတာမြင်ရတော့ ဘာကြောင့်ရယ် မပြောတတ် ကျက်သီးမွှေးညှင်းတွေထလာပြီး ဝမ်းနည်း ဝမ်းသာမှုတွေရောပြွမ်းလို့ ရင်ထဲ စို့တက် မျက်ရည်တွေပါ ကျလာပါတယ်။ သူတို့အားလုံးနဲ့ မိမိတို့ဟာ သံသရာအဆက်ဆက်က ဆွေရင်း မျိုးရင်းတွေဖြစ်ခဲ့မှာ မလွဲပါဘူး။

ဒါဟာ ပဋ္ဌာန်းဆက်နွယ်၍ အတူကုသိုလ်ပြုခွင့်ရကြတာပဲ ဒီစေတီတော် ထီးတင်ပွဲကျ နာဂရိုးရာပွဲတွေ ဆီမီးထွန်းပွဲတွေ အပြင် တခြား ပွဲတွေရော ထူးထူးခြားခြား သိုက်သိုက်မြိုက်မြိုက် တခမ်းတနားကို ဖြစ်လာမှာပါ။

ဗုဒ္ဓဘာသာတစ်ဦးမှမပါတဲ့ သူတို့ ပါဝင် ကူညီပေးနေတာ တပုံချင်းစီ သေချာကြည့်ကြည့်ရင် ရင်ထဲ တမျိုး ခံစားလာရမှာပါ။ ဒီနာဂရွာကြီးကို လာလုပ်ပေးရတာ ဘယ်လိုပင်ပန်းပန်း တန်ကိုတန်တယ်။ ကျေနပ်တယ်။

Ashin Kavi Nanda

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page