ကိုရိုနာဗိုင်းရပ်စ်ဟာ စျေးထဲက အသားငါးတွေပေါ်မှာ ဘယ်လောက်ကြာကြာ အသက်ရှင်သလဲ

အမေရိကန်စစ်တပ် Ford Detrick မှ သိပ္ပံပညာရှင်တွေက ငွေစက္ကူတွေ၊ ချည်နဲ့ ပိုလီယက်စတားအထည်တွေ၊ ဝက်အရေပြားပေါ် စတာတွေပေါ်မှာ Covid-19 ဖြစ်စေတဲ့ Sars-CoV-2 ဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်သလဲ စမ်းသပ်ကြည့်ပါတယ်။

​🇨🇳 တရုတ်ပြည် ပေကျင်းမြို့တော်ရှိ ကုန်စိမ်းစျေးမှာ ပြီးခဲ့တဲ့လက Covid-19 case အယောက် (300) ကျော် တွေ့ရှိကတည်းက စျေးထဲကအသားတွေပေါ်မှာ Sars-CoV-2 ဗိုင်းရပ်စ် ဘယ်လောက်ကြာကြာနေနိုင်သလဲ လူတွေက သိချင်လာကြပါတယ်။

တရုတ်ကျန်းမာရေးဌာနက အဲ့ဒီစျေးကို Covid ရောက်လာတာဟာ အေးခဲထားတဲ့အသားတွေက ပါလာတာလို့ ယူဆကြပေမယ့် သက်သေပြစရာမရှိဘူး။

ဘာပဲဖြစ်ဖြစ် အဲ့ဒီဖြစ်ရပ်ပြီးနောက် ကမ္ဘာအရပ်ရပ်မှာ စျေးထဲက အသားတွေပေါ်မှာ Covid ရောဂါပိုး နေနိုင်သလားဆိုတာ စိတ်ဝင်စားလာကြတယ်။

အခု အမေရိကန်စစ်တပ် Ford Detrick ဇီဝလုံခြုံရေးဌာနရဲ့ ဒေးဗစ်ဟားဘက် ခေါင်းဆောင်တဲ့အဖွဲ့က ဝက်ရဲ့အရေပြားပေါ် Covid ရောဂါပိုး တင်ပြီးတော့ စမ်းသပ်မှုပြုလုပ်ကြည့်ပါတယ်။

အပူချိန် 4 ဒီဂရီစင်တီဂရိတ်မှာ ထားပြီးစမ်းသပ်ကြည့်တဲ့အခါမှာ Covid ရောဂါပိုး နှစ်ပတ်လောက်အသက်ရှင်တာတွေ့ရပါတယ်။ Covid ရောဂါပိုးဟာ ကိုရိုနာဗိုင်းရပ်စစ်အမျိုးအစားဖြစ်ပြီး သေလွယ်ရမှာဖြစ်ပေမယ့် သူက လေ့လာချက်တွေအရ နည်းနည်းအသက်ပိုပြင်းတာတွေ့ရပါတယ်။

ပညာရှင်တွေနားလည်တဲ့ စကားနဲ့ပြောရင် သက်တမ်းဝက် (half life) ဟာ 47 နာရီကြာပါတယ်။ half life ဆိုတဲ့သဘောက ပိုးအကောင်ရေ 100000 ရှိရင် ပထမ 47 နာရီကြာရင် တစ်ဝက်ဖြစ်တဲ့ 50000 သေတယ်။ နောက် 47 နာရီကြာရင် ကျန် 50000 ကနေ 25000 သေတယ်။ နောက် 47 နာရီကြာရင် ကျန် 25000 ကနေ 12500 သေတယ်။

အဲ့လိုနဲ့ အကုန်လုံးကုန်သွားဖို့ နှစ်ပတ်ကြာတယ်။ အဲ့တာ သက်တမ်းဝက် (half life) ရဲ့သဘောတရားပဲ။

အခုလို အပူချိန် 4 ဒီဂရီစင်တီဂရိတ်မှာ ထားပြီး လေ့လာတယ်ဆိုတာက သူတို့ဆီမှာ အသားတွေကို သားသတ်ရုံကနေ လုပ်သားတွေ လှီးဖြတ်ပြီးတာနဲ့ အပူချိန် 4 ဒီဂရီစင်တီဂရိတ်မှာ အအေးခံလို့ ဖြစ်ပါတယ်။

အသားတွေပေါ် Covid-19 ရောဂါပိုးရောက်သွားဖို့က သားသတ်ရုံနဲ့စျေးသည်တွေ ဆီကနေကူးစေမှာ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာက များသောအားဖြင့် သားသတ်ရုံကနေ အအေးမခံပဲ စျေးကိုတန်းပို့မယ်လို့ ယူဆရပါတယ်။

အခုအမေရိကန်က ဒေးဗစ်ဟားဘက်တို့အဖွဲ့က အခြားအပူချိန်နှစ်ခုမှာ ထပ်ထားကြည့်ပါတယ်။ အပူချိန်တက်လာရင် ရောဂါပိုးသေချိန်မြန်လာပါတယ်။

အပူချိန် 22 ဒီဂရီစင်တီဂရိတ်မှာ လေးရက်ကြာအသက်ရှင်တာကိုတွေ့ရပါတယ်။ အဲ့ဒါသူတို့ဆီက အခန်းအပူချိန်ပါ။ အပူချိန် 37 ဒီဂရီစင်တီဂရိတ်မှာ ရှစ်နာရီကြာအသက်ရှင်တာကိုတွေ့ရပါတယ်။ အဲ့ဒါကျနော်တို့ဆီက အခန်းအပူချိန်ပါ။

ဒါကြောင့် စျေးထဲကအသားတွေကို ဝယ်လာပြီးရင် ရေဆူဆူနဲ့ချက်ပြုတ်ပြီးမှ စားသုံးသင့်ပါတယ်။

ဝက်အရေပြားနဲ့ လူ့အရေပြားနဲ့ အခြေအနေနီးစပ်တာမို့ Covid-19 ဗိုင်းရပ်စ်ဟာ လူရဲ့လက်ပေါ်ကျရောက်ခဲ့ရင် ရှစ်နာရီကျော်လောက် အသက်ရှင်နေမှာဖြစ်တယ်လို့ ယူဆလို့ရပါတယ်။

အဲ့ဒီရှစ်နာရီကျော်ကာလအတွင်းမှာ လက်ကနေ ပါးစပ်၊ နား၊ နှာခေါင်း စတဲ့နေရာအနှံ့ ထပ်ကူးသွားနိုင်ပါတယ်။ ဒါကြောင့် Covid-19 ကာလမှာ အပြင်ထွက်ရင်လက်မကြာခနဆေးပေးဖို့ ပြောကြတာဖြစ်ပါတယ်ခင်ဗျား။

Richard Myo Thant
(7-July-2020)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page