လူတကိုယ် တိုက်တလုံး၊ ကားတစီး၊ ငွေ (၅၀၀) ရစေရမယ်ဆိုတဲ့ ဦးနုရဲ့ ပြည်တော်သာခေတ် အကြောင်း

ပြည်တော်သာခေတ်ဟောင်းက ပြည်မြန်မာ၊ ဒေါက်တာမောင်မောင်ကြီး၊ နိဒါန်း၊ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က မဆလခေတ်မှာ အသက်နှစ်ဆယ်လောက်ရှိတဲ့ လူငယ်တစ်သိုက်ကို ပြည်တော်သာခေတ်က စာအုပ်စာတမ်းများကိုပြလိုက်မိတော့ အဲဒီအထဲမှာပါတဲ့ကုမ္ပဏီပစ္စည်း ကြော်ငြာ စျေးနှုံးတွေကိုကြည့်ပြီး ၊ အစစရှားပါးနေတဲ့မဆလခေတ်နဲ့နှိုင်းယှဉ်ကာ “အကိုကြီးရယ်ဒါကျနော်တို့ ဗမာ ပြည်မှ ဟုတ်ရဲလား”လို့ သနားစရာမေးရှာပါတယ်။

မဆလခေတ် ဗမာပြည်ကလည်း အစစအရာရာမှာ ရှားပါးနေပြီး “ဘာမေးရှားနိုင်ငံ” ဖြစ်နေတော့ ပြည်တော်သာခေတ်က ဘာမဆိုဝယ်ချင်တာရနေပြီး၊ စျေးတွေကလည်းပေါတော့ သူတို့အတွက်က အံသြစရာကြီးဖြစ်နေတာပေါ့။

အခုခေတ်ဗမာပြည်ကလူငယ်တွေကို ပြည်တော်သာခေတ်က စာအုပ်တွေပြရင် ပစ္စည်းမျိုးစုံကတော့ ဗမာပြည်မှာလဲဝယ်လို့ရနေပြီဖြစ်လို့ သိပ်အံသြမှာမဟုတ်ပေမဲ့ ထမင်း အဝစား ပြား၅၀ ၊ ရန်ကုန်နဲ့ အင်းစိန် ဘတ်စ်ကားခ ၃၅ ပြား၊ မုန်းဟင်းခါး တစ်ပွဲ ၁၅ ပြား၊ အကြော်နဲ့ ပြား ၂၀၊ ဘူးသီးကြော် တစ် ချပ် ၅ ပြား၊ ဒန်ပေါက်ထမင်း တစ်ပွဲ တစ်ကျပ်၊ ဘဲဥဆယ်လုံးတစ်ကျပ်၊ ဝက်သားတစ်ပိဿကို နှစ်ကျပ်၊ ကြက်သား သုံးကျပ်၊ စတဲ့ ရန်ကုန် ပေါက်စျေးတွေ (နယ်တွေမှာဒီထက်ပေါတယ်)ကိုမြင်လိုက်ရရင် သူတို့ဘာပြောမလဲ မသိဘူး။

အစစအရာရာ စျေးပေါနေတော့လည်း အဲဒီခေတ်ကလခအနည်းဆုံးဖြစ်တဲ့ တလ ၈၂ ကျပ်ဘဲရတဲ့မင်းစေ ဟာလည်း မိသားစုကို ဝအောင်ကျွေးနိုင်၊ ကလေးတွေကို ကျောင်းထားနိုင်ခဲ့ပါတယ်။ သူတို့မိသားစုမှာ လဲရွှေတွဲလဲငွေတွဲလဲနဲ့ပါ။ ရွှေဈေးကလဲ အကောင်းဆုံး ပရပိုက်ခေါက်မှ အလေးချိန် တစ်ကျပ်သားကို ကျပ်ငွေနှစ်ရာဘဲပေးရပါတယ်။

ငွေကြေးစံနစ်၊ လွတ်လပ်ရေးရပြီးစက ကိုလိုနီခေတ်က သုံးခဲ့တဲ့အိန္ဒိယသုံးငွေကို ဆက်သုံးရသေးတယ်။ ၃ပိုင်တစ်ပြား၊ ၄ ပြားတစ်ပဲ၊ ၁၆ပဲ (ဝါ) ၆၄ပြားတစ်ကျပ်ပေါ့။ အင်္ဂလိပ်လိုကတော့ ကလားအခေါ်တွေကိုသုံပြီး 3 Pai one Paisa, 4 Paisa one Anna, 16 Annas or 64 Paisa one Rupee ပေါ့။ မြန်မာပြည်မှာ ကိုလိုနီခေတ် အစပိုင်းကသာ ပိုင်ကိုသုံးပေမဲ့ နောက်ပိုင်းမှာ ပြား ဟာ အငယ်ဆုံးသုံးငွေပါ။ အိန္ဒိယမှာတော့ လူတွေဟာ ပိုဆင်းရဲကြလို့ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်အထိ ပိုင် ကိုသုံးနေခဲ့တယ်လို့ လူကြီးသူမတွေပြောတာ ကြားဖူးပါ ရဲ့။

လွတ်လပ်ရေးရပြီးပေမဲ့ ရန်ကုန်ဟာ ကလားမြို့တစ်ပိုင်းဖြစ်နေတုန်းမို့ ကလားတန်းမှာ ဈေးဝယ်ရင် ၆ ပြား (ဝါ) ၁ ပဲ၂ ပြားကို ကလားလို “ဆတ်ပိုက်ဆား” (ဝါ)” ယေးအန်းနား ဒိုး ပိုက်ဆား”။ ၁ကျပ်ခွဲဆိုတာ ၁ ကျပ် ရှစ်ပဲမို့ ကလားလို” ယေးရူပြားအတ်အန်းနား” ဆိုတာတွေကို အဲဒီခေတ်က ရန်ကုန်သူ၊ ရန်ုကုန်သား တွေတတ်ခဲ့ ကြတယ်။ အဲဒီစနစ်ဟာ လွတ်လပ်ရေးရပြီး ၁၉၅၃ ခု ထိရှိနေသေးတယ်။ ၁၉၅၃ ခုမှာမှ မြန်မာ ဘုရင်တွေ သုံးခဲ့တဲ့ ပြား ၁၀၀ တစ်ကျပ်စနစ်ပြန်သုံးနိုင်တာပါ။

လန်ချား၊ လွတ်လပ်ရေးရပြီးစက လူဆွဲတဲ့လန်ချားတွေလဲရှိပါတယ်။ လန်ချားကလားတွေဟာ ဂေါ်ရင်ဂျီကလားတွေ ဆိုတော့ “ဒိုင်းနား၊ ဘားယား” (ညာဘက်ကွေ့၊ ဘယ်ဘက် ချိုး)၊ “ဟိုး” (ရပ်)၊ “ဂျောင်း” (သွား) စတဲ့ ဂေါ် ရင်ဂျီစကားလောက်တော့ ရန်ကုန်သူ၊ ရန်ုကုန်သားတွေတတ်ခဲ့ကြတယ်။ ၁၉၅၁ လောက်မှာ ဖဆပလ အစိုးရက လူဆွဲရတဲ့လန်ချားဟာ လူ့သိက္ခာညှိုးနွမ်းစေတဲ့ အလုပ်ဆိုပြီး လန်ချားတွေပိတ်လိုက်ပါတယ်။

ပြည်တွင်းစစ်ဖြစ်ပြီး တောနယ်တွေက စစ်ပြေးဒုက္ခသည်တွေ ရန်ကုန်ရောက်လာပြီး ကျူးကျော်ရပ်ကွက် တွေ၊ ကွက်သစ်တွေပေါ်လာတော့မှ ကလားမြို့ဖြစ်နေခဲ့တဲ့ ရန်ကုန်ဟာ ဗမာမြို့ဖြစ်လာတာပါ။ ၁၉၅၈ ခု ဖဆပလ နှစ်ချမ်းကွဲတော့ ဖဆပလ အမတ်အများစုက ဆွေ-ငြိမ်း အဖွဲ့ကိုထောက်ခံတယ်။ ဒါပေ မဲ့ ဦးနုက အတိုက်အခံ ပမညတနဲ့တခြားအဖွဲ့တွရဲ့အကူအညီနဲ့အနိုင်ရသွားတဲ့အခါမှာ ဦးကျော်ငြိမ်းက “ကိုကြီးနု အစိုးရတော့ လန်ချားကလား ယန်ကနား အစိုးရ ဖြစ်သွားဘီ။ လက်ဝဲသမားဦးသိန်းဖေမြင့် “ဒိုင်းနား၊ ဘားယား”လုပ်သလို ဆွဲရမဲ့အစိုးရပါဘဲ” လို့ဝေဖန်ခဲ့ပါတယ်။

ကာတွန်းဆရာဦးအောင်ရှိန်ကလဲ မော်ဒန်ကာထွန်းမှာ စုံထောက်ဦးရှံစားက ဖိနပ်ချုပ်ကလားအယောင်ဆောင်ပြီး စုံထောက်ခန်းမှာ ဗမာ ခေါင်းပေါင်းမချွတ်ပဲဖိနပ်တိုက်နေတော့ ဖိနပ်အတိုက်ခံသူက “အမယ်၊ဖိနပ်ချုပ်ကလားကလဲ ဗမာခေါင်း ပေါင်းနဲ့ပါလား”လို့ပြောလိုက်ရာမှာ ဦးရှံစားက “ဟရေး အာကိုဂျီး၊ ယန်ကနား အချိုးရတောင် ရွှေးဖလား လားရောင်ဂေါင်းဘောင်းနဲ့မဟုတ်လား၊ ဖိနပ်ချုပ်ကလားအပ္ပနားလဲ ဂေါင်းဘောင်းနဲ့မှခေတ်မီတာပေါ့ အာ ကိုဂျီးရဲ့” လို့ ကလားသံနဲ့သရော်ခဲ့ပါတယ်။

ပြည်တော်သာစီမံကိန်း၊ ဖဆပလအစိုးရက တိုင်းပြည်တိုးတက်ဖို့ ပြည်တော်သာစီမံကိန်း လုပ်ပါတယ်။ ပြည်တော်သာစီမံကိန်း နဲ့ဆောက်တဲ့တိုက်တွေ၊ ကျောင်းတွေကို ပြည်တော်သာတိုက်၊ ပြည်တော်သာ ကျောင်းတွေလို့ခေါ်ပါ တယ်။ ဒီအဆောက်အဦးတွေ ဒီနေ့အထိအသုံးဝင်နေဆဲပါ။ ပြည်တော်သာစီမံကိန်း နဲ့ တင်သွင်းလာတဲ့ Land Rover ကားကိုလည်း ” ပြည်တော်သာဂျစ်”လို့ခေါ်ကြပါတယ်။

ပြည်တော်သာခေတ်ကလွတ်လပ် စွာရေးသားပြောဆိုပုံနှိပ်ခွင့်အနည်းဆုံး ၉၅ ရာခိုင်နှုန်းလောက်ပေးထားတော့ အစိုးရ ကိုသရော်တဲ့ ကာတွန်း၊ သရော်စာ၊ ပြက်လုံးတွေအများကြီးပေါ်လာခဲ့ပါတယ်။ အငြိမ့်ပွဲမှာ လူပြက်နှစ်ယောက်ဆရာနဲ့ တပည့်လုပ်ပြီး မြန်မာသင်ပုန်းကြီးဖတ်စာအခန်းမှာ”မာရှယ်တီးတိုးလာပြီ၊ တဲအိမ်တွေ ဖျက်ရမည်။ ဆင်းရဲ သားတွေဒုက္ခရောက်၏။ ဒါပေမဲ့ ပြည်တော်သာပါသည်”။ ” ပြည်တော်သာတိုက်တွေ ဆောက်ပြီးပြီ။ ဆင်းရဲသားတွေစောင့်အုန်း။ ငါတို့ဆွေမျိုးတွေအရင်ပေးမယ်။ ဒါပေမဲ့ ပြည်တော်သာပါ၏။ “လက်မှတ် ရောင်းအမျိုးသမီးတွေချော၏၊ သို့သော်ပြည်တော်သာဘတ်စကားရပ်မပေးပါ။ တက်စီ စီးစရာရာငွေမရှိပါ။ မာစီဒီးကားစီးသည့်ဝန်ကြီးများ ဤဒုက္ခကို သိမည်မဟုတ်။ ဒါပေမဲ့ ပြည်တော်သာပါသည်”။ ” ပြည်တော် သာကျောင်းတွေခန့်ညားသည်။ အခမဲ့ပညာရေးလည်းကောင်းပါ၏။ သို့သော်ဝန်ကြီးများ သားသမီးများ ကို ပြည်တော်သာကျောင်း၌ မထားကြပါ။ ဝန်ကြီးသားသမီးများ အင်္ဂလိပ်ကျောင်းတက်ကြပါသည်။ ဒါပေမဲ့ ပြည်တော်သာပါသည်” လို့ပြောင်ပြောင်တင်းတင်း ဝေဖန်ရဲတဲ့ခေတ်ပါ။

ပြည်တော်သာနိုင်ငံခေတ်က စံပြအကျဉ်းထောင်တွေက အကျဉ်းသားတွေရဲ့ဘဝဟာလည်း မဆိုးပါဘူး။ ဆရာကြီးဒဂုန်ရွှေမျှားက ကိုလိုနီခေတ်ကထောင်တွေကို ပြည်တော်သာနိုင်ငံခေတ်က စံပြထောင်တွေနှဲ့ ယှဉ်ပြကာ “မှတ်မိပါသေးတယ် ပြည်မြို့က အကျဉ်းထောင်ဝယ်” ခေါင်းစဉ်နဲ့ရေးခဲ့ပါတယ်။ နိုင်ငံရေး အချုပ်သားနဲ့အကျဉ်းသားတွေဟာ အထူးတန်းရပါတယ်။ အထူးတန်းရတဲ့ရာဇဝတ်မှုနဲ့ထောင်ကျသူ ဟာ လည်း အလုပ်မလုပ်ရဘဲနေ့တိုင်းထမင်းကောင်းဟင်းကောင်းစားရတဲ့အပြင် ကူဖော်လောင်ဖက်အဖြစ် ရိုးရိုးတန်းကအကျဉ်သား တစ်ယောက်အနည်းဆုံးရပါတယ်။

ရိုးရိုးတန်းကအကျဉ်သားတွေကလည်း နေ့ တိုင်းထမင်းကောင်းဟင်းကောင်းစားရတော့ အထူးတန်းအကျဉ်သားတွေဆီမှာ ကူဖော်လောင်ဖက် အဖြစ်သွားချင်ကြပါတယ်။ လူထုဦးလှတို့ဗန်းမော်တင်အောင်တို့ အဖမ်းခံနေရဆဲမှာ စာအုပ်တွေရေးသား ထုတ်ဝေနိုင်ခဲ့ကြပါတယ်။ နာမည်ကြီးနိုင်ငံရေးသမားတစ်ယောက်ဆိုရင်”ငါးဆွဲ”ခံထားရတုန်း(ပုဒ်မ ၅ နဲ့ အဖမ်းခံရတာကိုသုံးတဲ့ အဲဒီခေတ်ကဘန်းစကား) ၁၉၆၄ မှာဖျက်ပစ်လိုက်တဲ့ ရန်ကုန်ထောင်ထဲမှာ တစ် ယောက်ထဲအတွက်အိမ်ကလေးတစ်လုံး၊ ကူဖော်လောင်ဖက်အဖြစ် ရိုးရိုးတန်းကအကျဉ်သားက နှစ် ယောက်၊ သူ့ဇနီးကလဲမနက်ကတည်းက သူ့ဆီလာနေတာ တစ်ခါတစ်လေ ညလည်းမပြန်တော့ဘူး။ အစိုးရကလည်းဘာမှမပြောလို့သာထောင်အရာရှိတွေက မျက်စိတ်မှိတ်နေကြတာပေါ့။ ဒီနိုင်ငံရေးသမား ရဲ့ဇနီး သူ”ငါးဆွဲ”ခံထားရတုန်းဘဲ သူနဲ့ကိုယ်ဝန်ရှိပြီး ကလေးတစ်ယောက်မွေးတဲ့အထိ လွတ်လပ်ခဲ့ပါ တယ်။

ရိုးရိုးတန်းကအကျဉ်သားတွေကိုလည်း လက်သမားအတတ်၊ ဖိနပ်ချုပ်နည်း၊ စာအုပ်ချုပ်နည်း။ ဂဟေ ဆော်နည်း၊ ဥယျာဉ်လုပ်နည်း၊ ဆပ်ပြာချက်အတတ် စတာတွေသင်ပေးပါတယ်။ အကျဉ်းသားတွေ ထဲက လေ့လာလိုသူတွေ ဗုဒ္ဓဘာသာစာပေ လေ့လာနိုင်စေရန် ရဟန်းတော်များ (အကျဉ်းသူတွေအတွက် သီလ ရှင်များ) ကို တနင်္ဂနွေနေ့တိုင်း စံပြထောင်တွေထဲသွားပြီးသင်ကြားစေပါတယ်။

မင်္ဂလာစာမေးပွဲတွေ ကျင်း ပပြီး အောင်မြင်သူကို ကျခံနေရတဲ့ထောင်ဒါဏ်ထဲက လျှော့ရက်တွေပေးပါတယ်။ အခြားဘာသာဝင် အကျဉ်းသားတွေအတွက်လဲ ခရစ်ယာန်ဘုန်းကြီး၊ သင်းအုပ်ဆရာ၊ မော်လဝီ၊ ဆွာမိကြီး စသူတွေ စံပြ ထောင်တွေထဲသွားပြီး သက်ဆိုင်ရာဘာသာအလိုက် ဟောပြောခွင့်၊ ဝတ်ပြုခွင့်တွေပေးပါတယ်။

ဦးနုဟာ ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်းသူဖြစ်ပြီး နိဗ္ဗာန်ရောက်ရေးမှာတောင် ရဟန္တာအဖြစ်နဲ့ မရောက် လိုပဲ ဘုရားဆုပန်ထားသူဖြစ်တယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားခဲ့သူပါ။ သားငါးမစားပဲ သက်သတ် လွတ်စားသူ၊ အရက်မသောက်သူလို့လည်း သတင်းကြီးပါတယ်။ ဦးနုဟာ သာသနာ့ဒါယကာဖြစ်လိုတာ ကြောင့် ဆဋ္ဌသင်္ဃာယနာတင်ပါတယ်။ စုစုပေါင်း အဲဒီခေတ်ကကျပ်ငွေတစ်ကုဋေ (အမေရိကန်ဒေါ်လာ နှစ်သန်း) ကုန်လို့ ပြည်တွင်းစစ်ဖြစ်နေဆဲမှာ ငွေဖြုန်းတယ်လို့ဝေဖန်သူတွေရှိခဲ့ပေမဲ့ လူများစု ဗုဒ္ဓဘာသာ ဝင်ရဟန်းရှင်လူတွေကတော့ သာဓုသုံးကြိမ်ခေါ်ပြီးထောက်ခံကြပါတယ်။

မြန်မာပြည်ဟာ လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်လို့ကျွဲနွားလိုတယ်ဆိုတဲ့အကြောင်းပြပြီး ကျွဲနွားသ-တ်ခွင့်၊ အမဲသားရောင်းခွင့်တို့ကို တရားဝင်ပိတ် ပင်ထားပါတယ်။ နှစ်စဉ် မူဆလင်ဗက္ကရီးအစ်ရောက်ခါနီးမှာ မူဆလင်တွေကလဲနွားသ-တ်ချင်၊ ဦးနုက လည်း သူ့အနေနဲ့ သတ္တဝါတွေကိုသ-တ်ပြီးပူဇော်တာကို ခွင့်မပြု လိုပေမဲ့ ဘာသာရေးပွဲတော်ဖြစ်လို့ ခွင့်ပြုပါမယ်။ ဒါပေမဲ့ ဗက္ကရီးဆိုတာ ကလားစကားမှာ ဆိတ်ကိုခေါ် တာဖြစ်လို့ ဆိတ်ကိုသာ သ-တ်ပြီးပူဇော်ကြပါ၊ နွားကိုတော့ မသ-တ်ကြပါနဲ့လိုတောင်းပန်၊ သူ့ကဲဘိနက် ထဲကဝန်ကြီး ဦးရာရှစ်နဲ့ ဦးခင်မောင်လတ် ခေါ် အဗ္ဗဒူလတစ် အပါအဝင်မူဆလင်တွေကလဲ နွားကိုသာ သ-တ်ချင်ကြတာကြောင့် တစ်ကြိမ်မှာ ဦးနုဟာ အစာငတ်ခံဆန္ဒပြခဲ့ပါတယ်။

နောက်ဆုံးမှာနှစ်ဘက်ညှိနှိုင်း ကြကာ လူဦးရေအလိုက် နွားကောင်ရေ ခွဲတမ်းချပေးပြီး သက်ဆိုင်ရာဗလီထဲမှာသာ သ-တ်ကြရန်၊ အခြား ဘာသာဝင်များ စိတ်အနှောက်အယှက် မဖြစ်စေရန် နွားတွေကို မြို့ထဲမှာ ကြိုးနဲ့ဆွဲပြီး မသွားကြဖို့၊ သွေး ပေနေတဲ့ အဝတ်အစားနဲ့ မြို့ထဲမှာ မသွားကြဖို့တွေ သဘောတူကြပါတယ်။

ရန်ကုန်ဘတ်စကား၊ ၁၉၅၅ ခုလောက်မှာ ဦးနုအစိုးရက ပြည်တော်သာစီမံကိန်းနဲ့ ဟန်ဂရီနိုင်ငံက Ikarus ဘတ်စကားကြီးတွေ တင်သွင်းပါတယ်။ ဂျပန်ကလည်း Hino နဲ့ Isuzu ဘတ်စကားကြီးတွေရောက်လာပါတယ်။ အဲဒီဘတ်စ ကားကြီးတွေကို ပြည်တော်သာကားလို့ခေါ်ပါတယ်။ ပြည်တော်သာကားတွေမှာ ယူနီဖောင်းဝတ် လက် မှတ်ရောင်းအမျိုးသမီးတွေစခန့်ပါတယ်။ တစ်ကားမှာနှစ်ယောက်စီပါပါတယ်။ ကားရှေ့ပေါက်က အတက် ဖြစ်ပြီးနောက်ပေါက်က ဆင်းရပါတယ်။

မောင်းသူ၊ရောင်းသူ၊ စီးသူအားလုံးစည်းကမ်းရှိကြပြီးကားကြီးတွေ ကလည်း သန့်ရှင်းကြပါတယ်။ အဲဒီခေတ်က”စပယ်ယာမ” လို့ မခေါ်ဘဲ “လက်မှတ်ရောင်းအမျိုးသမီး” လို့ သာခေါ်ကြပါတယ်။ ဘတ်စကားတွေမှာနံပါတ်မတတ်သေးပါဘူး။ ရုပ်ပုံတံဆိပ်တွေနဲ့ပါ။ ဗမာစာမတတ်သူ တွေအတွက်ပိုအဆင်ပြေပါတယ်။ ရွက်လှေတံဆိပ်နဲ့ကားက ကြည့်မြင်တိုင်ဆိပ်ကမ်းက ပုစွန်ထောင်ဆိပ် ကမ်းကိုအသွားအပြန်ဆွဲတဲ့လိုင်းပါ။” တောင်ပံကား” က သိမ်ကြီးဈေးနဲ့အင်းစိန် အသွားအပြန်လိုင်းပါ။ အင်းစိန်မော်တော်ယာဉ်ရုံးတံဆိပ်ကဗြဟ္မာရုပ်ပါ။ မီးရထားတံဆိပ်နဲ့ကားက ရန်ကုန်ဘူတာကြီး (ကွမ်းခြံ ဘူတာ)ကိုရောက်ပါတယ်။

၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရခေတ်မှာ အရုပ်နဲ့ဘတ်စကားလိုင်းတွေကို နံပတ်နဲ့ပြောင်းလိုက်ရာမှာ မြင်းဖြူ၊ မြင်းနီ၊ မြင်းကျားတို့က နံပတ် ၁ ၊ ၂ ၊ ၃ ဖြစ်သွားပြီး မီးရထားတံဆိပ် က နံပတ် ၄ ၊ ဆင်ဖြူ နဲ့ ဆင်မဲက ၅ နဲ့ ၆၊ နဂါးက ၇၊ တောင်ပံကား က ၈၊ ကြံ့ က ၉၊ ကျန်တဲ့ ညောင်ပင်၊ လေယာဉ်ပျံ၊ ခြင်္သေ့၊ ရွက်လှေ စတာတွေလည်း နံပတ်နဲ့ဖြစ်သွားပါတယ်။ စုစုပေါင်း ၁၅လိုင်း ရှိပါတယ်။ နံပါတ် ၁၆လိုင်းက ၁၉၆၀ လောက်မှပေါ်လာတာပါ။

ကမာရွတ်လှည်းတန်းဈေးက ဆင်မလိုက်၊ ကြည့်မြင် တိုင်၊ မြေနီကုန်း၊ ရွှေဂုံတိုင်တို့ကိုပတ်ပြီး တာမွေအထိသွားတဲ့ နံပတ် ၁၆ လိုင်းကတော့ ဘတ်စကားပုံ မဟုတ်ဘဲ လူ၁၆ယောက်သာဆန့်တဲ့ ဂျပန်လုပ် ဒတ်ဆန်း လိုက်ထရပ်လေးတွေပါ။

ဘတ်စ်ကားကျပ် တယ်ဆိုတာ ဘယ်လိုဟာလဲလို့ မေးယူရမည့်ခေတ်ပါ။ ဘတ်စ်ကားစပယ်ယာတွေကလဲ ယဉ်ကျေးကြပါတယ်။ အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေး၊ ဦးလေး၊ ဒေါ်ဒေါ် သင့်တော်သလိုခေါ်ပြီး “လာပါခင်ဗျ၊၊ ကားချောင်ပါတယ်ခင်ဗျ၊၊ စိန်အောင်မင်းတောင် ဝင်ကနိုင်လောက်အောင် နေရာရှိပါတယ် ခင်ဗျ၊” လို့အော်ခေါ်လေ့ရှိပါတယ်။

ရန်ကုန်တက္ကသိုလ်နားကဖြတ်သွားတဲ့ဘတ်စ်ကားလိုင်းတွေ၊ နဂါးရုပ် (နောင် နံပါတ် ၇ လိုင်း)၊ တောင်ပံ ကားရုပ် (နောင် နံပါတ် ၈ ) ၊ ကြံ့ရုပ် (နောင် နံပါတ် ၉ ) စတဲ့လိုင်းတွေက ကားစပယ်ယာတွေဟာ ပိုပြီး ယဉ်ကျေးကြပါတယ်။ သူတို့ပြောလေ့ရှိတာက “ကျနော်တို့ဟာ နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်မဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ့ ဆက်ဆံနေရတာဆိုတော့ အထူးပိုပြီး ယဉ်ကျေးရပါမယ်” လို့ ပြောလေ့ရှိပါတယ်။

သူတို့ပြောတာလည်း မှန်ပါတယ်။ အဲဒီအချိန်က နိုင်ငံခေါင်းဆောင်ဖြစ်နေတဲ့ ဦးနုတို့ ဦးကျော်ငြိမ်းတို့၊ အ တိုက်အခံခေါင်းဆောင်ဖြစ်နေတဲ့ ဦးသိန်းဖေမြင့်တို့ဟာလည်း တက္ကသိုလ်ကျောင်း သားဟောင်းတွေပါ။ ဒါကြောင့်လဲ ရန်ကုန်တက္ကသိုလ်နားကိုဖြတ်သွားတဲ့ကားလိုင်းတွေက ယာဉ်မောင်း သူတွေ ၊ လက်မှတ်ရောင်းသူတွေက “ငါတို့ဟာ ဗမာပြည်ရဲ့ခေါင်းဆောင်လောင်းတွေကို အကြို အပို့့လုပ်နေရတာ” ဆိုပြီး တခြားလိုင်းတွေက ယာဉ်မောင်း ၊ လက်မှတ်ရောင်းတွေ အပေါ်မှာဂုဏ်ယူပြီး ပြောလေ့ရှိပါတယ်။

တကယ်လည်း မှန်ပါတယ်။ အဲဒီခေတ်က တက္ကသိုလ်ကျောင်းသားတွေကို လူတကာကလေးစားကြပါ တယ်။ စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်က သူ့ဝတ္တု တစ်ခုထဲမှာ ၁၉၄၉ ခု နှစ် ရန်ကုန်ကို သူပုန်တွေဝိုင်း ထားတုန်း တက္ကသိုလ်ကျောင်းသားတွေ အစိုးရတပ်ထဲဝင်ပြီး သူပုန်တွေကို တိုက်ဖို့လုပ်ရာမှာ အစိုးရစစ် သားတွေက “ညီလေးတို့ နောက်တန်းမှာဘဲနေပါ၊ သေစရာရှိရင် ဒို့အရင်အသေခံပါမယ်၊ ညီလေးတို့ က တစ်နေ့မှာတိုင်းပြည်ခေါင်းဆောင်လုပ်ရမဲ့လူတွေပါ၊ ဒို့စစ်သားတွေဆိုတာ စစ်ပွဲမှာသေတာမဆန်းဘူး၊ ညီလေးတို့အသက်က တိုင်းပြည်အတွက် တန်ဖိုးရှိပါတယ်လို့တကဲ့စစ်သားစိတ်ဓါတ်နဲ့ပြောခဲ့ဖူးကြောင်း အတိအကျရေးထားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဦးနုရဲ့ လူထုအောင်သံပြဇာတ်ထဲမှာလဲ “တကဲ့စစ်သားဆိုတာ စည်းစိမ်ခံဖို့မလိုဘူး၊ ဝီစကီကို သောက်ပြီးစည်းစိမ်ခံချင်တဲ့သူဟာ တကဲ့စစ်သားမဟုတ်ဘူး၊ ဝီစကီကို သောက်ပြီး မှိန်းနေတဲ့ သင်းထားတဲ့နွားနဲ့ ဘာမှ မထူးဘူး” ဆိုပြီး တကဲ့စစ်သားဝါဒကို ထုတ်ဖေါ်ပြခဲ့ ပါတယ်။

ပညာရေး၊ ကိုလိုနီခေတ်ပညာရေးကို ကျွန်ပညာရေးလို့ ခေါ်ခေါ် ဘာဘဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့အဆင့်ကို ကောင်းကောင်း မီခဲ့ဖူးပါတယ်။ ကိုလိုနီခေတ်က ဘွဲ့ရခဲ့သူများဟာ လွတ်လပ်ရေးရပြီးနောက် ရန်ကုန် တက္ကသိုလ်မှာဆရာများ ဖြစ်လာခဲ့ကြတယ်။ ၎င်းဆရာများရဲ့ သင်ကြားပေးခြင်း ခံခဲ့ရတဲ့ တပည့်များလဲ ကမ္ဘာ့အဆင့်ကို မီခဲ့ကြတယ်။

ဦးနု အစိုးရက အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ စတဲ့နိုင်ငံတွေကို ပညာတော်သင်များ စေလွှတ်တယ်။ ပညာတော်သင်များ ရဲ့ ၉၉ ရာခိုင်နှုန်းကလဲ အမိနိုင်ငံကို ပြန်လာပြီး ကျရာတာ၀န်များကို ထမ်းရွက်ကြပါတယ်။ ဒါကြောင့်ပညာရေးအဆင့်အတန်းကလည်းမြင့်ပါ တယ်။ စာမေးပွဲတွေမှာ မတတ်ဘဲနဲ့မအောင်ပါဘူး။ အထူးသဖြင့် ၁၀တန်းစာမေးပွဲလို့ခေါ်တဲ့ တန်းမြင့် ကျောင်းထွက်နှင့်တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်သူ ၁၀% တောင်မရှိခဲ့ပါဘူး။ ၁၉၅၉ ခုနှစ်က ၃.၄% ဘဲရှိပါတယ်။ တရာဖြေမှ လေးယောက်တောင်မအောင်ခဲ့ပါဘူး။ အဲဒီနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးသြရသ အောင်ဆန်းဦးက ဂုဏ်ထူးနှစ်ခုနဲ့အောင်ခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်ကလည်း ကမ္ဘာအဆင့်မီခဲ့ပါတယ်။ အာဖရိကတိုက်ကတချို့ကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်မှာလာတက်ခဲ့ရ ပါတယ်။

ပညာရေးစနစ်မှာလဲ နိုင်ငံပိုင်ကျောင်းများသာမက အလွတ်ပညာသင်ကျောင်းများ၊ ခရစ်ယန် သာသနာပြု ကျောင်းများပါရှိလို့ကိုယ်ကြိုက်ရာကျောင်းမှာ သင်ကြားနိုင်ခဲ့ကြပါတယ်။ တက္ကသိုလ်၀င်တန်း အောင်ရင် တက္ကသိုလ်မှာ ကိုယ်ကြိုက်ရာ ဝါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ခွင့်ရှိပါတယ်။ ကိုယ်စိတ်မ၀င်စားတဲ့ ဘာသာရပ်ကို အတင်းသင်ယူရခြင်းမရှိပါ။

စာတော်သူအများစုကလဲ ကိုယ်စိတ်မပါရင် ဆရာ၀န်၊ အင်ဂျင် နီယာ ဘာသာရပ်များကို မသင်ကြဘဲ Honours ခေါ် ဂုဏ်ထူးတန်းကို ကိုယ့်စိတ်ကြိုက်ဘာသာရပ်နဲ့ တက်ရောက်သင်ကြားကြပါတယ်။ ဝိဇ္ဇာပညာရပ်များ သင်ကြားသူများလဲ ဂုဏ်မငယ်ကြပါ။ ဆေးပညာ အင်ဂျင်နီယာအတတ်တို့မှာလဲတကယ်စိတ်ပါသူများသာတက်ရောက်ဘွဲ့ယူခဲ့ကြပြီး တကယ်တတ်သူက တတ်လိုသူကို ပညာသင်ပေးတဲ့ ခေတ်နဲ့စနစ်ဖြစ်ခဲ့ပါတယ်။

ဆက်စပ်လို့ရယ်စရာတစ်ခုပြောရရင် ၁၉၅၉ ခုနှစ်မှာ တိဘက်ပြည်ကို တရုတ်ဝင်သိမ်းတယ်။ တိဘက် ရဟန်းမင်းကြီး ဒလိုင်းလားမား အိန္ဒိယကို ထွက်ပြေးရတယ်။ မြန်မာသတင်းစာတွေက တိဘက်ရဟန်း မင်းကြီး ဒလိုင်းလားမားကို “ခေတ်သစ်တရုတ်ပြေးမင်း” လို့ ရေးကြတယ်။ အဲဒီနှစ်မှာဘဲ သမိုင်းစာမေးပွဲ မှာ “တရုတ်ပြေးမင်း၏ ဘွဲ့အမည်ကိုရေးပါ” ဆိုတဲ့ မေးခွန်းပါလာတယ်။ အဖြေမှန်ကတော့ နရသီဟပတေ့ ပေါ့။ ဒါပေမဲ့ခပ်နောက်နောက်ကျောင်းသားတစ်ယောက်က “မေးခွန်းမှာ မရှင်းပါ၊ မတိကျပါ။ ပုဂံခေတ် က တရုတ်ပြေးမင်းဆိုလျှင် နရသီဟပတေ့ဖြစ်ပါသည်။ ယခုလက်ရှိ တရုတ်ပြေးမင်းဆိုလျှင် တိဘက် ရဟန်းမင်းကြီး ဒလိုင်းလားမားဖြစ်ပါသည်။ ၁၉၄၉ ခုနှစ်ကတရုတ်ပြေးမင်းဆိုလျှင် တရုပ်ဖြူ ချန်ကေရှိတ် ပါ” လို့ဖြေလိုက်ပါတယ်။ ဆရာတွေက သူ့ကို စိတ်မဆိုးဘဲ “အသေချာစဉ်းစားနိုင်ပါပေတယ်၊ တော်ပါပေ တယ်” လို့ ချီးမွမ်းကြပါတယ်။

ရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်တို့ဟာ ပညာရေးဝန်ကြီးရဲ့အောက်မှာမရှိဘဲ ကိုယ်ပိုင် အက် ဥပဒေတွေအရ တက္ကသိုလ်ဆီးနိတ်အဖွဲ့နဲ့တက္ကသိုလ် ကောင်စီတို့ကအုပ်ချုပ်ပါတယ်။ တက္ကသိုလ် ကောင်စီမှာကျောင်းသားကိုယ်စားလှယ်နှစ်ယောက်ပါပါတယ်။ ကိုယ်စားလှယ်နှစ်ယောက်ကို ကျောင်း သားတွေကမဲပေးစံနစ်နဲ့ရွေးချယ်ရပါတယ်။ ဝန်ကြီးချုပ်ဟာ မူအရ ရန်ကုန်တက္ကသိုလ်အဓိပတိ၊ ဒု ဝန်ကြီး ချုပ်ဟာ မူအရ မန္တလေးတက္ကသိုလ်အဓိပတိဖြစ်ပေမဲ့ ပညာရေး၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်စွက်လေ့ မရှိပါ။

ကျောင်းသားဆန္ဒပြပွဲများ မကြာခဏဖြစ်ပေါ်လေ့ရှိပေမဲ့ ဘယ်အာဏာပိုင်ပုဂ္ဂိုလ်ကမှ တိုင်းပြည်နောင်ရေး ဒုက္ခပေးမဲ့ ဘုန်းဘောလအော အအောင်ပေးတဲ့စနစ်၊ ကျောင်းသားအချင်းချင်း သွေးကွဲစေမဲ့စနစ်၊ ကျောင်းသားများ မဆူပူပြီးရော အစိုးရဆန့်ကျင်ရေးလုပ်တာကလွဲပြီး ကျန်ကိစ္စများကို ကြိုက်သလိုလုပ် ထားခွင့်၊ ဥပမာ ကျောင်းဆောင်များထဲ ဖဲရိုက်။ အရက်သောက်။ မူးယစ်ဆေးဝါး သုံးစွဲတာကို လျစ်လျူပြု ထားခြင်း စတာမျိုး ခွင့်မပြုခဲ့ကြပါဘူး။

ရန်ကုန်သင်္ကြန်၊ လွတ်လပ်ရေးရပြီး ပြည်တော်သာခေတ်မှာ လွတ်လပ်စွာရေးသားပြောဆိုပုံနှိပ်ခွင့်အနည်းဆုံး ၉၅% လောက်ပေးထားတဲ့အချိန်မို့ ရန်ကုန်သင်္ကြံမှာ မီးသတ်ပိုက်များသုံးပြီး အကြမ်းပတမ်း ရေပက်ခြင်း၊ နိုင်ငံရေးမကျေနပ်မှုများ ကို သရုပ်ဖေါ်ပြခြင်း၊ သံချပ်ထိုးခြင်းစတာတွေ ခေတ်စားလာပါတယ်။ ရေပက်အကြမ်း ဆုံးနေရာများကတော့ စမ်းချောင်း၊ ရှမ်းလမ်း (ယခုအခေါ် ဗဟိုလမ်း) ရှိ “နေဗီကွာတား” ခေါ် ရေတပ် အရာရှိများရိပ်သာ၊ ဦးဝိစာရလမ်းနဲ့ ပြည်လမ်းကြားရှိ ယခုခေတ် ပြည်သူ့ဥယျာဉ်ဖြစ်နေတဲ့ ပြည်ထောင်စု စစ်ရဲတပ်ဌာနချုပ်၊ ၀င်ဆာလမ်း ယခုယုဇနပလာဇာ နေရာမှာရှိခဲ့တဲ့ နေပြည်တော်စစ်ဌာနချုပ်တို့ ဖြစ်ပါ တယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မြို့တော်၀န်မဏ္ဍပ်မှာ ၀န်ကြီးချုပ်ဦးနုနဲ့ ၀န်ကြီးများ တစ်ခါတစ်ရံ နိုင်ငံတော် သမ္မတကြီး ဒေါက်တာဘဦးပါ ပါ၀င်ရေကစားပြီး သပြေခက်ဖြင့် ရေပက်ခြင်း၊ အလွန်ဆုံး ငွေဖလားဖြင့် ရေပက်ခြင်းတို့သာရှိပါတယ်။ ပိုက်ဖြင့်ပက်လေ့မရှိပါဘူး။

ရန်ကုန်လျှပ်စစ်ဓာတ်အား၊ အဲဒီအချိန်က ရန်ကုန်မြို့မှာ မီးပျက်တယ်ဆိုတာ ဘယ်လိုဟာလဲလို့ မေးယူရမည့်ခေတ်ပါ။ ညမှာ အိမ် တွေဟာမီးချောင်းတွေနဲ့ ထိန်လင်းနေပြီး လမ်းတွေကလည်း မာကျူရီမီးတွေ ထိန်ထိန်ညီးပြီး အပ်ကျ ရင်တောင် ကောက်လို့ရတယ်လို့ပြောနိုင်တဲ့ခေတ်ပါ။ သူခိုးဓားပြကလည်းနည်းပါတယ်။ တခါတလေ အဖော်တွေနဲ့ ည ၉ နာရီခွဲပွဲ ရုပ်ရှင်ဝင်ကြည့်ပြီး သန်းခေါင်ကျော်မှာ အိမ်ကို ညလေတဖြူးဖြူး နဲ့လမ်း လျှောက်ပြန်ရတာ အရသာတမျိုးပါဘဲ။

ရန်ကုန်မှာ ညကျောင်းတွေလည်း အများကြီးပါ။ နေ့မှာအလုပ်လုပ်နေတဲ့သူတွေဟာ မီးချောင်းတွေနဲ့ ထိန်လင်းနေတဲ့ညကျောင်းတွေမှာ ကျောင်းတက်နိုင်ပါတယ်။ ရန်ကုန်မှာ ညစျေးတန်းလဲ ရှိပါတယ်။ ည ၆ နာရီမှ ၁၀ နာရီအထိဖွင့်ပါတယ်။ အစားအစာ က အစ အဝတ်အထည်အလယ် ကားနဲ့လျှပ်စစ်ပစ္စည်း အဆုံးအားလုံးကို ညစျေးတန်းမှာ စျေးချို ချို နဲ့ရနိုင်ပါတယ်။

ရန်ကုန်ရေပေးစံနစ်၊ ရန်ကုန်မှာရေတော့ မကြာမကြာပျက်တတ်ပါတယ်။ ရန်ကုန်ကို လှော်ကားကန်၊ သာဓုကန် နဲ့ဂျိုးဖြူကန် တို့က သောက်သုံးရေပို့ပေးပါတယ်။ ဂျိုးဖြူ ကန်ဟာ ရန်ကုန်နဲ့မိုင် ၅၀ လောက်ဝေးတော့ လူတစ်ရပ် အမြင့်ကျော် အချင်း ၇ ပေလောက်ရှိတဲ့ရေပိုက်လုံးကြီးတွေနဲ့ရေပို့ပါတယ်။ အဲဒီပိုက်လုံးကို သောင်းကျန်း သူတွေက မကြာခဏမိုင်းခွဲဖျက်ဆီးတတ်ပါတယ်။ မိုင်းခွဲလိုက်ရင် ရန်ကုန်မှာ ရေမလောက်တော့ဘဲ အင်မတန်ဒုက္ခရောက်ကြပါတယ်။

အစိုးရဝန်ကြီးများနေတဲ့ဝင်ဒါမီယာ၊ အရာရှိကြီးများနေတဲ့ပြည်ထောင် စုရိပ်သာနဲ့ အခြားအစိုးရဌာနများ ဖြစ်တဲ့ မီးရထား ၊ စစ်တပ်၊ စစ်ရဲ ၊ ရဲ ၊ အကျဉ်းထောင် စတဲ့ဌာနတွေမှာ တော့ ကိုယ်ပိုင်အဝီစိတွင်းတွေနဲ့ရေစုပ်စက်၊ ရေပေးစက်တွေရှိလို့ ဂျိုးဖြူရေကိုမသုံးတာကြောင့် သူတို့ တော့ ဒုက္ခမရောက်ဘဲ သာမာန်ပြည်သူပြည်သားတွေဘဲ ဒုက္ခရောက်ပါတယ်။ အဲဒါကြောင့်လည်း သောင်းကျန်းသူတွေဆန့်ကျင်ရေးအစိုးရရဲ့ဝါဒဖြန့်မှုဟာ ပိုပြီးအောင်မြင်သွားပါတယ်။ လူစီးရထားတွေကို မိုင်းဗုံးခွဲတာ၊ ခရီးသည်တင်ကားတွေကို ဓားပြတိုက်တာ၊ လူသတ်တာ စတဲ့လုပ်ရပ်တွေဟာ သောင်းကျန်းသူတွေကို အကြီးအကျယ် နံမည်ပျက်စေခဲ့ပါတယ်။

ပြည်တော်သာခေတ်ကအမှားများ၊ ပြည်တော်သာခေတ်အရသာကို ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာစံစားနိုင်ပေမဲ့ နယ်တွေမှာတော့ နီးရာဓားကြောက်နေရပါတယ်။ ရောင်စုံသူပုန်ကတစ်မျိုး အစိုးရတပ်တွေကတစ်ဖုံပါ။ ရှမ်းပြည်မှာ တရုတ် ဖြူကျူးကျော်မှုကို အကြောင်းပြကာ ဗမာစစ်သား များ တပ်စွဲပြီး ဗိုလ်ကျနေကြပါတယ်။ ဖဆပလ အစိုးရ အဖွဲ့၀င်ဆိုရှယ်လစ်ပါတီရဲ့ ခါးပိုက်ဆောင်တပ်များ လို့ နာမည်ကြီးတဲ့ စစ်ရဲတပ်များနဲ့ပြူစောထီးတပ်တွေ ကလဲ နယ်တွေမှာထင်ရာစိုင်းကြတယ်။ နာမည်ကျော် သယာဝတီခရိုင် မင်းလှလူသ-တ်မူတို့ မြိတ်မပို ဘယ်ရောက်သွားမှန်းမသိပျောက်သွားတာတို့ဟာ ဂါတ်တဲနားမှာဖြစ်ခဲ့ပေမဲ့ ပုလိပ်တွေဘာမှမလုပ်ရဲကြ ဘူး။

နောက်ဆုံးသိပ်လွန်လာပြီး မြိတ်နားကပင်လယ်ပြင်ထဲမှာ “အောင်ကြီးသာ” ဆိုတဲ့စက်လှေကို ဓားပြတိုက်၊ ခရီးသည်တွေသ-တ်ပြီး စက်လှေကိုပင်လယ်ကြောမျှောထားတဲ့ကိစ္စကျမှ ပြူစောထီးတွေကို အရေးယူရပြီး တရားခံပြူစောထီးဗိုလ် ချစ်လှိုင်နဲ့ထွန်းဝိုင်းတို့ကို တရားရုံးက ‌ေ-သဒါဏ်ချမှတ်လိုက်တယ်။

ကွန်မြူနစ်တစ္ဆေနဲ့ ဖက်ဆစ်သရဲ၊ ၁၉၅၇ ခုနှစ် အိမ်နီးချင်းယိုးဒယားနိုင်ငံမှာ ဖီးမာရှယ်ဆရစ်တာနာရပ်ခေါင်းဆောင်တဲ့စစ်တပ်က အာဏာ သိမ်းလိုက်လို့ ၀န်ကြီးချုပ် ပီဘူဆွန်ဂယမ်ဟာ ရန်သူ ကမ္ဘောဒီးယားနိုင်ငံကို မိုးကြိုးငှက် (Thunder Bird) အမည်ရှိကားနဲ့ထွက်ပြေးရတဲ့ဓာတ်ပုံ “မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်” ခေါင်းစဉ် နဲ့မြန်မာသတင်းစာ တွေမှာ ပါလာပါတယ်။

နောက်တစ်ရက်နှစ်ရက်အကြာမှာ၀န်ကြီးချုပ်ဦးနုက “ကွန်မြူနစ်တစ္ဆေနဲ့ဖက်ဆစ် သရဲ”ဆိုတဲ့မိန့်ခွန်းပြောပါတယ်။ သူက ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးရ လာကြောင်း၊ လွတ်လပ်ခါစနိုင်ငံ အများစု က လက်ဝဲဝါဒဘက်ကို ယိမ်းကြကြောင်း၊ ဒါပေမဲ့ လုံး၀ လက်ဝဲနိုင်ငံအဖြစ်မရောက်မခြင်း လက်ဝဲအုပ်စုကမကြေနပ်လို့ ကွန်မြူနစ်သူပုန်တွေပေါ်လာကြောင်း၊ အမေရိကန်ခေါင်းဆောင်တဲ့ အခြားအုပ်စုကလဲ ကွန်မြူနစ်မဖြစ်ပြီးရော လို့သဘောထားကာ ကွန်မြူနစ် ဆန့်ကျင်သူဆိုရင် ဘယ်သူ့ကိုမဆိုထောက်ခံ အားပေးကြောင်း၊ ဒါကြောင့် အမေရိကန်အကူအညီယူတဲ့ ဖွံ့ဖြိုးစနိုင်ငံတချို့မှာဒီမိုကရေစီ ဆိပ်သုဉ်းသွားပြီး စစ်အာဏာရှင်၊ ဖက်ဆစ် အာဏာရှင်စံနစ်များပေါ် လာကြောင်းကိုပြောပြီး တောင်အမေရိကနိုင်ငံများ၊ ယိုးဒယား၊ တောင်ကိုးရီးယား၊ ပါကစ္စတန်စတဲ့နိုင်ငံ တွေကိုဥပမာပေးသွားပါတယ်။

ဦးနုက တချို့ ဒီမို ကရေစီအစိုးရတွေဟာ ကွန်မြူနစ်ကို အကြောက်လွန် ပြီး စစ်တပ်ကိုချဲ့ထွင်ကြကြောင်း၊ ဒီကိစ္စဟာ တစ္ဆေကြောက်ပြီးသရဲမွေးတဲ့လူနဲ့တူကြောင်း၊ တစ်နေ့မှာ ယိုးဒယားပြည်ကပြသွားတဲ့ဥပမာအတိုင်း ကွန်မြူနစ်တစ္ဆေကိုဟန့်တားနိုင်ပေမဲ့ စစ်ဖက်ဆစ်သရဲက ဂုတ်-ျိုးတာခံလိုက်ရမှာဖြစ်ကြောင်း စကားပြောတရားဟောကောင်းသူပြီပြီ၊ ဥပမာ၊ ဥပမေယျအစုံစုံ နဲ့ပြောသွားခဲ့ပါတယ်။

ဦးနုဟာ ဗေဒင်ယုံသူ၊ နတ်ယုံသူ၊ အယူသည်းသူအဖြစ်နာမည်ကြီးခဲ့ပေမဲ့ သူကိုယ်တိုင်နဲ့မြန်မာပြည်သူ ပြည်သားတွေဟာ သူပေးတဲ့ဥပမာအတိုင်းမကြာခင် သရဲဂုတ်-ချိုး ခံရတော့မယ်လို့ ဘယ်ဗေဒင်ဆရာ၊ဘယ်နတ်ကတော်၊ ဘယ်ပုဏ္ဏား ကမှ ကြိုတင်ဟောကိန်းထုတ်ခြင်း၊ နိမိတ်ဖတ်ခြင်းတို့မပြုခဲ့ကြတာ အံ့ဩစရာပါ။

တစ္ဆေကြောက်တဲ့ ဖဆပလအစိုးရဟာ သရဲမွေးမိလို့ ဂုတ်-ျိုးခံလိုက်ရတယ်။ သရဲကို ငယ်နိုင်လို့ ကိုယ့်ကိုယ်ကိုကိုယ်အထင်ရှိခဲ့ကြတဲ့ ဦးဗဆွေ (ကျားကြီး)၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်က လေး၊ စတဲ့ဆိုရှယ်လစ်ခေါင်းဆောင်တွေဟာလဲ သရဲက ဆရာကိုကာပြန်ပြီး ဂုတ်-ျိုးပြတော့မှ “ဆရာမနိုင် နှစ်ဆောင်ပြိုင်” ဇာတ်ကနေရမှန်း သိသွားရပါတော့တယ်။ သူတို့ချည်းခံရရုံဆိုရင် တော်ပါသေးတယ်။ အခုတော့ မဆီမဆိုင်ပြည်သူကြီးခမျာမြေဇာပင်ဖြစ်ခဲ့ရတာ အနှစ်ငါးဆယ်ကျော်ခဲ့ပါပြီ။ ဦးနုကြီး ဒီမိန့်ခွန်း ကိုပြောခဲ့တဲ့အချိန်က မမွေးဖွားခဲ့သေးသူများရဲ့ သားမြေးများတောင် အခုအထိ သရဲဂုတ်-ျိုးခံနေရဆဲပါ။

နိဂုံး၊ မြန်မာပြည်ဟာ စစ်အစိုးရအဆက်ဆက်အာဏာရူးပြီး အနှစ် ၅၀ လောက်နှိပ်စက်လိုက်လို့ ဗိုလ်ချုပ် အောင်ဆန်းနိမိတ်ဖတ်ခဲ့တဲ့ “ဟိုနိုင်ငံ”ဖြစ်လုနီးဘဝရောက်သွားရတာပါ။ ၁၉၆၂ ခု ဗိုလ်နေဝင်းတို့ အာ ဏာမသိမ်းခင် ဦးနုခေတ် မြန်မာပြည်အခြေအနေဟာ တောင်ကိုရီးယားအောက်မှာမရှိပါဘူး။ ကျွန်းဆွယ် ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပပေးနိုင်တာ ယိုးဒယားနဲ့ မြန်မာဘဲရှိပါသေးတယ်။

၁၉၆၃ ခု ကျွန်းဆွယ်ပွဲ ကိုအိမ်ရှင်လုပ်ရမဲ့ သီဟာနုခေတ်ကမ္ဘောဒီးယားက သပိတ်မှောက်လိုက်တော့ အခုချမ်းသာနေတဲ့ မလေးရှားကတောင် သူအိမ်ရှင်အဖြစ်လက်မခံနိုင်သေးပါဘူး၊ ၁၉၆၅ ခုနှစ်မှလက်ခံပါရစေ ၁၉၆၃ ခု ကျွန်းဆွယ် ပွဲကို ယိုးဒယားနဲ့မြန်မာတစ်ပြည်ပြည်က အိမ်ရှင်ပြန်လုပ်ပေးပါလို့ပြောနေရတဲ့အချိန်ပါ။

အဲဒီအချိန်က တရုတ်ကျွန်းလို့အခေါ်ခံခဲ့ရတဲ့ စင်္ကာပူဟာ မလေးရှားပြည်ထောင်စုထဲက ခွဲမထွက်ရသေးပါဘူး။ ယိုးဒယားက ပြည်တွင်းရေးကိစ္စကြောင့်လက်မခံနိုင်၊ မြန်မာပြည်ကဗိုလ်နေဝင်းကလည်း အာဏာသိမ်းအပြီး ဂျူလိုင် လ ၇ ရက်မှာကျောင်းသားတွေ ပစ်သ-တ်ခဲ့တဲ့ကိစ္စကစလို့ နိုင်ငံရေးမတည်ငြိမ်တော့ လက်မခံနိုင်ဘူး။ ဒီလို နဲ့တတိယအကြိမ်ကျွန်းဆွယ်ပွဲကို ၁၉၆၅ ခုနှစ်မှာမှ မလေးရှားမှာကျင်းပပေးနိုင်ပါတယ်။

“မြန်မာပြည် ခုလိုဒုက္ခရောက်ရတာ ကျွန်တော်တို့တော်လှန်ရေးကောင်စီဝင်တွေရဲ့ အပြစ်ပါ”လို့ ဗိုလ် အောင်ကြီးက ၁၉၈၈ မှာ ဝန်ခံခဲ့ပါတယ်။ ဗိုလ်နေဝင်းနဲ့မဆလ ဗဟိုကော်မတီဝင်တွေဆီပို့တဲ့ ဗိုလ်အောင် ကြီးရဲ့အိတ်ဖွင့်ပေးစာမှာ အကြောင်းစုံပါပါတယ်။ DCreativeMyanmar၊ နော်ဂဲလယ်ထူး(စာပေပရဟိတ) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page