နိုင်ငံကျော် ဇာတ်မင်းသား ဖိုးချစ်နဲ့ တေးရေး သျှန်ထွဏ်း (မြန်မာစာ) တို့ရဲ့ နောက်ဆုံးရ သတင်း
ပြည်သူတွေ ချစ်ကြတဲ့ နိုင်ငံကျော်ဇာတ်မင်းသား ဖိုးချစ်နဲ့ တေးရေး၊ တေးဆို သျှန်ထွဏ်း(မြန်မာစာ)တို့ကို စကစက ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်း မှန်ကုန်တယ်လို့ သိရပါတယ်။
ဖိုးချစ်ကို နိုဝင်ဘာလ ၃ဝ ရက်နေ့က နေအိမ်မှာ လာဖမ်းသွားတာဖြစ်ပြီး၊ သျှန်ထွဏ်း(မြန်မာစာ) ကိုတော့ ပုဂံကို ဘုရားဖူးအသွား သုညမိုင်ဂိတ်မှာ ဖမ်းလိုက်တာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ “အစစ အရာရာ အဆင်ပြေပါစေ သူတော်ကောင်းနဲ့ တွေ့ပါစေ” လို့ ဖိုးချစ်အဖမ်းခံရတဲ့နေ့မှာ အကိုဖြစ်သူက အွန်လိုင်းမှာ ရေးထားတာတွေ့ရပါတယ်။
မင်းသား ဖိုးချစ်နှင့် တေးရေး သျှန်ထွန်း (မြန်မာစာ) တို့ကို ပီဒီအက်ဖ်များအား ထောက်ပံ့သည်ဟု စွပ်စွဲကာ စကစဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ပြီး ညတွင်းချင်းပင် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မင်းသားဖိုးချစ်ဟာ အရင်က မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိဟု ဆိုကာ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
စကစ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များဟာ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ နာမည်ကြီးသူများနှင့် အနုပညာရှင်များကို ဖမ်းဆီးရန်နှင့် နေအိမ်ချိတ်ပိတ်ရန် အဓိက လှုံ့ဆော်နေပြီး သာမန်ပြည်သူများအနေဖြင့် လူမှုကွန်ရက်ပေါ်တွင် တော်လှန်ရေးနှင့်ပတ်သက်၍ လှုပ်ရှားခဲ့ပါက ၄င်းတို့ထံလာရောက်တိုင်ကြားနိုင်ကြောင်း ခြိမ်းခြောက်လှုံ့ဆော်ထားတာ ဖြစ်ပါတယ်။