မြန်မာနိုင်ငံမှာ ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး အယူအဆမှား (၆) ခု
“မြန်မာနိုင်ငံမှာ ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး အယူအဆမှား (၆) ခု”
၁။ ဆီးချိုနဲ့သွေးချိုမတူဘူး။
တကယ်တော့ ဆီးချိုနဲ့သွေးချိုဆိုတာ အတူတူပါပဲ။ ရောဂါတစ်မျိုးတည်းကိုခေါ်တာပါ။ သွေးတွင်းသကြားဓာတ်မြင့်တက်မယ်။ အဲဒီမြင့်တက်တဲ့သကြားဓာတ်တွေက ဆီးနဲ့အတူပါလာမယ်။ ဒါကို ဆီးချိုသွေးချိုလို့ခေါ်တာပါ။ ဒီအခေါ်အဝေါ်နှစ်ခုလုံးက အတူတူပါပဲ။
၂။ ဆီးချိုက အချိုစားလို့ဖြစ်တာ။
ကြားဖူးမှာပါ။ အချိုတွေအရမ်းမစားနဲ့ ဆီးချိုဖြစ်လိမ့်မယ်ဆိုတာမျိုး။ အချိုစားမှုနဲ့ ဆီးချိုဟာ တိုက်ရိုက်သက်ဆိုင်မှုရှိတာမဟုတ်ပါဘူး။ ဆီးချိုဖြစ်ရခြင်းက ကိုယ်အလေးချိန်၊ လှုပ်ရှားမှုနည်းပါးခြင်း၊ မိသားစုမျိုးရိုး၊ သွေးတိုးရှိမှု၊ ဆေးလိပ်သောက်မှု အစရှိတာတွေနဲ့ပိုပြီးတိုက်ရိုက်သက်ဆိုင်ပါတယ်။ အချိုစားရုံသပ်သပ်နဲ့ ဆီးချိုမဖြစ်နိုင်ဘူးဆိုပေမယ့် သွယ်ဝိုက်သက်ဆိုင်မှုက အချိုစားများတဲ့အခါ ဝလာမယ်။ အဆီတွေစုပုံလာမယ်။ ဒီစုပုံလာတဲ့အဆီတွေက အင်ဆူလင်ရဲ့ သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှု ဖြစ်စဉ်ကို အနှောက်အယှက်ဖြစ်စေပြီး သွေးတွင်းသကြားဓာတ်ကိုမြင့်တက်လာစေတယ်။ ဒီနည်းလမ်းနဲ့ ဆီးချိုဖြစ်လာနိုင်ပါတယ်။
၃။ ဆီးချိုသမားအတွက် သီးသန့်အစာကို စားမှရမယ်။ အဲဒီအစားအစာတွေကို ကြိုက်သလောက်စားလို့ရတယ်။
ဆီးချိုဆန်၊ ဆီးချိိုသကြား၊ ဆီးချိုအစားအသောက်တွေဆိုပြီး တွေ့နေကြဖြစ်မှာပါ။ ဒီအစားအစာတွေက ဆီးချိုသမားတွေအတွက် သိသာထူးခြားတဲ့အကျိုးရလဒ်တွေကို မပေးနိုင်ပါဘူး။ ဒီတော့ ဆီးချိုသမားတွေအတွက် သီးသန့်အစားအသောက်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိပါဘူး။ နောက်ပြီး ဆီးချိုအစားအသောက်ဖြစ်လို့ ကြိုက်သလောက် စားသောက်လို့ရမယ်ဆိုတာကလည်း မဟုတ်ပါဘူး။ ဆီးချိုသမားတွေဟာ ကိုယ်အလေးချိန်လျှော့ချဖို့ အဓိကအာရုံထားသင့်ပါတယ်။ ဆီးချိုသမားတွေအနေနဲ့ အသား၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နဲ့ အသီးတွေကို သမမျှတအောင်စားလို့ရပါတယ်။
၄။ ဆီးချိုသမား အချိုလုံးဝစားလို့မရဘူး။
ဆီးချိုသမားက အချိုလုံးဝစားလို့မရဘူးဆိုတာမဟုတ်ပါဘူး။ သင့်တင့်မျှတတဲ့ပမာဏနဲ့ အာသာပြေရုံလောက်စားလို့ရပါတယ်။ ကိုယ်ဒီနေ့ဘယ်လောက် ကယ်လိုရီပမာဏစားသုံးပြီးပြီလဲဆိုတာကိုတော့ သတိထားပါ။ သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်ထိန်းထားနိုင်တယ်ဆိုရင် အချိုအနည်းအကျဉ်းစားတာက ပြဿနာမဟုတ်ပါဘူး။
၅။ ဆီးချိုထိန်းဖို့အတွက် ဆေးသောက်ရင်လုံလောက်ပြီ။
ဆီးချိုသမားတွေက ဆီးချိုထိန်းဖို့အတွက် ဆေးသောက်ရုံနဲ့တင်လုံလောက်ပြီလို့ ထင်တတ်ကြပါတယ်။ ဆေးသောက်ရုံတစ်ခုတည်းပဲဆိုရင် ဆီးချိုကို ထိန်းချုပ်နိုင်ဖို့ခဲယဉ်းပါတယ်။ ဆီးချိုကို ထိန်းနိုင်ဖို့အတွက် အစားအသောက်ဆင်ခြင်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိစီးမှုကိုလျှော့ချနိုင်အောင်ကြိုးစားပါ။ ပုံမှန်ဆီးချိုတိုင်းပါ။ ဆေးလိပ်ဖြတ်ပါ။ အရက်ကို အလွန်အကျွံသောက်သုံးတာရှောင်ပါ။
၆။ ဆီးချိုဟာ သိပ်ကြောက်စရာကောင်းတဲ့ရောဂါမဟုတ်ဘူး။
ဆီးချိုကို ကိုယ့်အနီးအနားဝန်းကျင်မှာ အရမ်းအတွေ့များလာလို့ ဆီးချိုဟာသိပ်ကြောက်စရာကောင်းတဲ့ရောဂါမဟုတ်ပါဘူးလို့ ထင်မြင်ယူဆလာကြတယ်။ တကယ်က ဆီးချိုဟာ ထိန်းထားနိုင်တယ်ဆိုရင် လူကောင်းတစ်ယောက်လိုနေနိုင်ပေမယ့် နေချင်သလို စားချင်သလိုလုပ်ပြီး မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ ဆိုးရွားတဲ့နောက်ဆက်တွဲတွေဖြစ်စေနိုင်ပါတယ်။ အဲဒီမှာ ဆီးချိုကြောင့်သတိလစ်မေ့မြောပြီးအသက်ဆုံးရှုံးတာ၊ နှလုံးပျက်စီးတာ၊ လေဖြတ်တာ၊ အနာဖြစ်ပြီး ခြေချောင်းလက်ချောင်းတွေပုပ်ကုန်တာ၊ မျက်စိမမြင်တော့တာ အစရှိတဲ့ရောဂါဆိုးတွေအများကြီးဖြစ်နိုင်ပါတယ်။
(ဒေါက်တာသူရိန်လှိုင်ဝင်း)