ပြင်ဦးလွင်မှာ ဂျင်းထည့်ပြီး ရောင်းစားထားတဲ့ သစ်တောမြေ ဧကပေါင်း ၃၀၀ ကျော်ရှိနေ
ပြင်ဦးလွင်မှာ ဂျင်းထည့်ပြီး ရောင်းစားထားတဲ့ သစ်တောမြေ ဧကပေါင်း ၃၀၀ ကျော်ရှိနေ
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်အတွင်းရှိ သစ်တော ကြိုးဝိုင်းများအတွင်း ကျူးကျော် မှုနှင့် အကွက်ရိုက်ရောင်းချသည့် မြေဧကပေါင်း ၃၀၀ ကျော်ရှိ ကြောင်း မန္တလေးတိုင်းသစ်တော ဦးစီးဌာနတိုင်းဦးစီးမှူး ဦးဇော်ဝင်း မြင့်က ပြောပါတယ်။
ပြင်ဦးလွင်ခရိုင်တွင် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်မှုနှင့် အကွက်ရိုက်ရောင်းချမှုများ ကြောင့် ၂၀၁၅-၁၆ မှ ၂၀၂၀-၂၁ အထိ တရားစွဲဆိုသည့် အမှု ၁၂၇ မှုရှိပြီး တရားစွဲဆိုခဲ့သူ ၂၁၀ ဦးရှိကာ တရားရုံး၌ လက်ရှိကျန်ရှိနေသေးသော အမှု ၃၈ ခုရှိပြီး ၈၃ ဦးကို တရားစွဲဆိုထားကြောင်း ဦးဇော်ဝင်းမြင့်က ပြောပါတယ်။
“ကျူးကတော့ ကိုင်တွယ်ရ ခက်တဲ့ အခြေအနေဖြစ်နေတာပေါ့။ စကျူးကတည်းက တားတယ်၊ တရားစွဲတယ်။ ဒါပေမဲ့ သူတို့က ဆက်လုပ်တယ်’’ဟု ဦးဇော်ဝင်းမြင့်က ဆိုပါတယ်။
သစ်တောကြိုးဝိုင်းနှင့် ထိစပ်နေသည့် နေရာများတွင် သစ်တောမြေဧရိယာဖြစ်ကြောင်း သတိပေးဆိုင်းဘုတ်များ စိုက်ထူနေပြီး ရောင်းမှားဝယ်မှားမဖြစ်အောင် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။ ပြင်ဦးလွင်ခရိုင်တွင် သစ်တောကြိုးဝိုင်း ၁၅ ခုရှိပြီး ဧက ပေါင်း ၁၈၀,၀၀၀ ကျော်ရှိကြောင်း သစ်တောဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထားပါတယ်။
သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်လုပ်ကိုင် အခြေကျနေ ထိုင်ခြင်းများကို ၂၀၁၇ ခုနှစ်အထိ ၁၉၉၁ ခုနှစ် သစ်တောဥပဒေအရ အရေးယူပြီး ၂၀၁၈ က စတင်ကာ ၂၀၁၈ ခုနှစ် သစ်တောဥပဒေ၊ ပုဒ်မ ၄၀ (က) အရ သစ်တောမြေ အတွင်း ကျူးကျော် နေထိုင်သူများကို တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသောဒဏ်ငွေကိုဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်စလုံးကိုလည်း ချမှတ်နိုင်ပြီး ပြစ်မှုထင်ရှား၍ တရားစီရင်ပြီးပါက ပြစ်မှုနှင့် သက်ဆိုင်သည့် လူ၊ တိရစ္ဆာန်၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို စီရင်ချက်ချမှတ် သည့်နေ့ကစ၍ ရက်ပေါင်း ၃၀ အတွင်း ဖယ်ရှားစေကာ သစ် တောမြေကို ဌာနသို့ လက်ရောက် ပေးအပ်ရမည်ဟု ဖော်ပြထားပါတယ်။
“ပြင်ဦးလွင်မှာ မြေယာ ပြဿနာက အများကြီးရှိတယ်။ ကျူးဆိုရင် ပုံစံအမျိုးမျိုးရှိတယ်။ ဒီဟာကလည်း တချို့က မသိလို့ ဝယ်တာ။ တချို့ကျတော့ သိသိနဲ့ ဝယ်တာ။ အရင်လူတွေလည်း ဒီ လိုလုပ်လို့ရတယ်ဆိုပြီး ဝယ်သွား တာ”ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးကိုကိုကြီးကဆိုသည်။