ပုဂံခေတ်က အရည်းကြီးတွေနဲ့ ပတ်သက်ပြီး ကျောင်းစာအုပ်တွေထဲမှာ ဂျင်းထည့်ခဲ့တဲ့ သမိုင်းအမှား

အနော်ရထာမင်းလက်ထက်မှာ အရည်းကြီးတွေကိုနှိမ်နင်းပြီးဗုဒ္ဓသာသနာကိုသန့်စင်ခဲ့တယ်။ သူ၏ လက်ထက်မှာမှ ဗုဒ္ဓဘာသာစတင်ထွန်းကားလာတယ်ဆိုပြီး ကျောင်းစာအုပ်ထဲမှာရော၊ သမိုင်းစာအုပ်အမှားတွေမှာပါ ကျတော်တို့ဖတ်မှတ်သင်ကြားခံခဲ့ရပါတယ်။

ဒါပေမယ့် အနော်ရထာက အရည်းကြီးတွေကို နှိမ်နင်းခဲ့ပါတယ်ဆိုပြီး သူကိုယ်တိုင်ရေးထိုးတဲ့ကျောက်စာမရှိသလို သူ့နောက်မှ နန်းတက်ခဲ့ကြသော ပုဂံဘုရင်အဆက်ဆက်ရေးထိုးခဲ့‌တဲ့ ကျောက်စာတွေမှာလည်း အနော်ရထာက အရည်းကြီးတွေကိုနှိမ်နင်းပြီး သာသနာသန့်စင်ခဲ့တယ်လို့ဘယ်ကျောက်စာမှာမှ မပါရှိခဲ့ပါဘူး။ ခေတ်ပြိုင်မှတ်တမ်းလည်းမရှိပါဘူး။

အနော်ရထာဆိုတာ အုတ်ခွက်ဘုရားလေးတစ်ဆူပြုလုပ်ခဲ့ရင်တောင် ❝အနိရုဒ္ဓဆိုပြီး သူရဲ့အမည်ကို ပါဠိဘာသာဖြင့်ရေးထိုးကာ မှတ်တမ်းတင်လေ့ရှိတဲ့ ဘုရင်တစ်ပါးဖြစ်တယ်။ အကယ်၍ သူသည် သာသနာအတွက်ကြီးမားပြီး အထောက်အကူပြုတဲ့ အဲ့ဒီလိုကိစ္စရပ်ကြီးကို အမှန်တကယ်ပြုလုပ်ခဲ့မယ်ဆိုရင် ကျောက်စာထက်မှာ တခမ်းတနားရေးထိုးပြီး မှတ်တမ်းတင်ခဲ့မှာ အသေအချာပင်ဖြစ်ပါတယ်။

ပြီးတော့ ယနေ့ခေတ်လူတွေပြော‌နေသလို အရည်းကြီးတွေဟာ ပန်းဦးလွှတ်တယ်၊ နတ်နဂါးကိုးကွယ်၊ တုံးခုန်၊ဇယ်ခုတ်စတဲ့ မကောင်းမှုလုပ်ရပ်တွေကို ကျင့်သုံးပါတယ်ဆိုပြီး မှတ်တမ်းတင်ထားခဲ့တဲ့ ကျောက်စာမျိုးလည်း ပုဂံခေတ်မှာလုံးဝမတွေ့ရှိရပါဘူး။

အရည်းကြီးဆိုတဲ့စကားလုံးကလည်း ❝အရညဝါသ❞ ဆိုတဲ့ ပါဠိစကားလုံးမှဆင်းသက်လာခြင်း ဖြစ်ပါတယ်။ အဓိပ္ပာယ်မှာ တောကျောင်းတို့၌ နေထိုင်သောသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပုဂံခေတ်အရည်းကြီးတို့သည် တောကျောင်းမှီရဟန်းများ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရမိပါတယ်။

သက္ကရာဇ် (၅၇၅) အေဒီ(၁၂၁၃)၊ ပုဂံဘုရင် နားတောင်းများမင်း လက်ထက်မှာ ရေးထိုးတဲ့ ❝သင်လျင်အိုကပ်သင်ချင်❞ကျောက်စာမှာ “ငွေဘုရား ၁၅ ဆူပြု၏။ သပိတ် ၁၀၀ ဝယ်၍ ထမင်းထက်ပြည့်ထည့်၍ အရည်းအားလှူ၏။
ငွေဘုရားလည်း(သင်)အရည်းတို့ ရိုခိုးစေ့ဟူ၍ ပေးလိုက်၏” ဆိုပြီး ကျောက်စာမှတ်တမ်းရေးထိုးထားပါတယ်။

ထိုကျောက်စာကို ကြည့်ခြင်းအားဖြင့် အနော်ရထာနတ်ရွာစံပြီးသည့်တိုင်အောင် ပုဂံပြည်မှာ အရည်းကြီးတွေရှိ‌ေနခဲ့ကြောင်း သိရပါလိမ့်မယ်။

ဒါဆို သမိုင်းအမှားတွေမှာ အမြဲတွေ့ရလေ့ရှိတဲ့ အရည်းကြီးတွေကို အနော်ရထာက နှိမ်နင်းခဲ့ပါတယ်ဆိုသောအချက်သည် မှားယွင်းနေကြောင်းတွေ့ရပါလိမ့်မယ်။ ကျောက်စာပါအကြောင်းအရာမှာလည်း အရည်းကြီးတွေကို သပိတ်လှူ၊ ထမင်းလှူ၍ ငွေဘုရားကိုလည်း ရှိခိုးစေဆိုပြီး ပေးလိုက်၏ လို့ပါသည့်အတွက်ကြောင့် ယနေ့ခေတ်လူအများပြောကြသလို အရည်းကြီးတွေဟာ ယုတ်ညံ့တဲ့ အယူဝါဒတွေကို ကျင့်သုံးတဲ့ဒိဌိတွေ မဟုတ်ကြောင်းကို သိရပါလိမ့်မယ်။

ပြီးတော့ ပုဂံဘုရင် နားတောင်းများမင်းလက်ထက်မှာလည်း ဗုဒ္ဓသာသနာဟာ အရှိန်အဝါကြီးစွာထွန်းကားခဲ့ကြောင်း နားတောင်းများမင်းတည်ခဲ့တဲ့ ❝ထီးလိုမင်းလို❞ဘုရားကြီးက သက်သေပါပဲ။ နားတောင်းများမင်းသည်လည်း ဗုဒ္ဓဘာသာ ဘုရင်တစ်ပါးပင်ဖြစ်ပါတယ်။။ သူ၏ လက်ထက်မှာ အရည်းကြီးများကို လွတ်လွတ်လပ်လပ် ကိုးကွယ်မှုပေးထားပုံထောက်ရင် အရည်းကြီးတွေက ယနေ့ခေတ်လူတွေဝါဒဖြန့်သလို ထင်သလောက်မဆိုးနိုင်ပေဖြစ်ကြောင်းသိနိုင်သည်။

ဒါ့ကြောင့် အနော်ရထာမင်းသည် အရည်းကြီးဂိုဏ်းတွေကိုနှိမ်နင်းခဲ့တယ်၊ အရည်းကြီးတွေဟာ ပန်းဦးလွှတ်တယ်၊ နတ်နဂါးကိုးကွယ်တယ် စသော အချက်လက်‌များသည် သမိုင်းအမှားတွေသာဖြစ်ကြောင်း ထောက်ပြလိုက်ရပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page