အရာရှိဖြစ်တယ်ဆိုပြီး ဘဝင်တွေ မမြင့်လိုက်ပါနဲ့ ဒါလေးတော့ သိထားပေးပါ
အရာရှိဖြစ်တယ်ဆိုပြီး ဘဝင်တွေ မမြင့်လိုက်နဲ့။ မင်းထက် လုပ်သက်ရင့်ပြီး ကံအကြောင်းမလှလို့ အရာရှိ ဖြစ်ခွင့်မရလိုက်တဲ့ လူတွေ အများကြီး ရှိတယ်။ မင်းမှာ မရှိတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ သူတို့မှာ အများကြီး ရှိတယ်။
ဒီလိုပြောလို့ အရာရှိဖြစ်နေတဲ့ မင်းကို စော်ကားတာတော့ မဟုတ်ဘူး။ မင်းလည်း ဒီရာထူးကို မင်းကြိုးစားမှု၊ မင်းရဲ့ကံ၊ ဉာဏ်၊ ဝီရိယနဲ့ ရလာတာဖြစ်တဲ့အတွက် ဂုဏ်ယူ ချီးကျူးပါတယ်။
ဒါပေမဲ့.. အရာရှိစားပွဲပေါ်ထိုင်ပြီး အောက်ကလူတွေ လုပ်သမျှ Initial(လက်မှတ်တို) တို့ဖို့ မဟုတ်ဘူး။ အရာရှိဆိုတဲ့ နေရာကနေ အောက်ကလူတွေကို ဟောက်စား၊ ငေါက်စား လုပ်ဖို့လည်း မဟုတ်ဘူး။ အောက်ကလူတွေကို အပေါ်စီးကနေ ဆက်ဆံပြောဆိုဖို့လည်း မဟုတ် ဘူး။
ဖြစ်သင့်တာက.. အရာရှိဆိုတာ.. အောက်ကလူတွေရဲ့ လုပ်မှားကိုင်မှားကို တာဝန်ခံနိုင်မှ၊ အောက်ကလူတွေကို လမ်းညွှန်ပြသပေးနိုင်မှ၊ အောက်ကလူတွေရဲ့ အခက်အခဲကို ဝင်ခံစားနိုင်မှ၊ သူတို့ပြဿနာကို ကိုယ့်ပြဿနာလို သဘောထားနိုင်မှ၊ ကိုယ်ချင်းစာတတ်မှ၊ အရာရှိဆိုတဲ့ မာန်မာနတွေအစား တာဝန်ရှိတဲ့သူတစ်ယောက်လို တွေးတတ်ခေါ်တတ်မှ အရာရှိဆိုတဲ့ဂုဏ်က ပိုပြည့်စုံမယ် ထင်တယ်၊ ညီလေး။
လူတစ်ယောက်မှာ အဓိက ပါဝါနှစ်ခု ရှိတယ်တဲ့။ Personal Power (ပုဂ္ဂလိကပါဝါ) နဲ့ Positional Power (ရာထူးအာဏာ) တဲ့။ ဒီနှစ်ခုမှာ ရာထူးအရ ရလာတဲ့ Positional Power က ရာထူးတိုးစာမေးပွဲတွေ ဖြေဆိုအောင်မြင်ရင် ရလာနိုင်ပေမဲ့ Personal Power ကတော့ ဘယ်စာမေးပွဲနဲ့မှ အကဲဖြတ်လို့ မရဘူး ညီလေး။ ပုဂ္ဂလိကပါဝါက သူများအပေါ် မေတ္တာ၊ ဂရုဏာ၊ စာနာမှု၊ နားလည်မှု၊ သည်းခံမှုတွေနဲ့ ရင်းပြီးမှ ရလာတဲ့ ပါဝါပါ။ မင်းလည်း တွေ့ဖူးမှာပါ။ တခါတလေ ရာထူးအာဏာ မရှိပေမဲ့ သူ ပြောလိုက်ရင် လူတွေက လိုက်လုပ်ပေးချင်တာ။ ဒီပါဝါကတော့ လွယ်လွယ်မရဘူး ညီလေး။ အချိန်ယူပြီး တည်ဆောက်ရတယ်။
လိုရင်းကတော့ အရာရှိဖြစ်လာပြီဆိုရင် Positional Power နဲ့ အကုန်လုံး လုပ်နိုင်မယ်လို့ တထစ်ချ မတွေးထားလေနဲ့။ တချို့အပိုင်းတွေမှာ Personal Power နဲ့ လုပ်မှ အောင်မြင်တဲ့ အရာတွေ လောကမှာ အများကြီး ရှိပါတယ်။
ဒါကြောင့်.. အရာရှိဖြစ်ပြီဆိုတိုင်း ဘဝင်မမြင့်နဲ့၊ မာနမကြီးနဲ့။ မင်း ပတ်ဝန်းကျင်က သင်ယူလို့ ရသမျှ သင်ယူပါ။ ကိုယ်မသိရင် ဟိုးအောက်ဆုံးက လူဆီမှာ တပည့်ခံဖို့လည်း မရှက်ပါနဲ့။ တစ်နေရာမှာ တပည့်ခံရင် ဆယ်နေရာမှာ ဆရာ လုပ်လို့ရတယ်ဆိုတဲ့ ဆိုရိုးစကား မင်း ကြားဖူးမှာပါ။
မင်းရဲ့ လက်အောက်ငယ်သားတွေကို လုပ်ဖော်ကိုင်ဖက်လို သဘောထားပြီး ကြင်နာပါ။ တာဝန်ယူပါ၊ တာဝန်ခံပါ။ သူတို့ခံစားချက်တွေကို အလေးထားပါ။ သူတို့ အခက်အခဲ ဝင်ခံစားတတ်အောင် ကြိုးစားကြည့်ပါ။ စေတနာဆိုတာ ကိုယ်က စပေးရင် ရောင်ပြန်ဟပ်ပါတယ်။
တကယ်တော့ ဘဝဆိုတာ တိုတိုလေးပါ။ ပျော်ရွင်တဲ့ အလုပ်ဝန်းကျင်မှာ မိသားစုဆန်ဆန် ပျော်ပျော်ရွင်ရွင် ဖြတ်သန်းတတ်ဖို့ပဲ အရေးကြီးပါတယ်။ အတ္တတံဆိပ်တွေ၊ မာနတံဆိပ်တွေ တပ်ပြီး လုပ်နေရင်တော့ အလုပ်ခွင်မှာ မင်း ပျော်လာမှာ မဟုတ်ဘူး။
ဒါကတော့ ကိုလေးရဲ့ အတွေ့အကြုံတွေကို ဝေမျှတာပါ…
သားညိုထွေး