ပရိသတ်တို့ မျှော်လင့်နေတဲ့ အောင်လအန်ဆန်းပွဲ ပြန်လာပါပြီ (ပြိုင်ဖက်ဟောင်းနဲ့ တွေ့ရမှာပါ)

ဝမ်းချန်ပီယံရှစ် ရဲ့ မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဟောင်း နှစ်ဦးဖြစ်ကြသည့် အောင်လန်ဆန်းနှင့် ဗစ်တာလီဗစ်ဒက်ရှ်တို့ ထိုးသတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါပွဲစဉ်ကို စင်္ကာပူနိုင်ငံတွင် လာမည့် ၂၀၂၁ ဧပြီလ ၂၁ ရက်နေ့မှာ ကျင်းပသွားမည်ဖြစ်ပြီး အဓိက ပွဲစဉ်အဖြစ် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ ထိုပွဲစဉ်မှာ အောင်လအန်ဆန်းနှင့် ဗစ်လာလီဗစ်ဒက်ရှ်တို့ နှစ်ဦးအတွက် တတိယအကြိမ်မြောက် ပြန်လည်ဆုံတွေ့ခြင်းဖြစ်ပြီး အနိုင်ရသူက လက်ရှိကမ္ဘာ့ချန်ပီယံ ရေနီယာဒီရိုက်ဒါကို စိန်ခေါ်ထိုးသတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဗစ်တာလီဗစ်ဒက်ရှ်မှာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ၂၀၁၇၊ ဇန်နဝါရီလတွင် ရရှိခဲ့ပြီး ၎င်းအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် အောင်လအန်ဆန်းကို အနိုင်ယူခဲ့ခြင်းဖြစ်ပါတယ်။

ယင်းပွဲစဉ်အပြီးတွင် အောင်လအန်ဆန်းက ဗစ်တာလီဗစ်ဒက်ရှ်ကို ပြန်လည်စိန်ခေါ်ခွင့်ရရှိခဲ့သည့် အခွင့်အရေးကြောင့် အမိမြေပေါ်တွင် ပြန်လည်ထိုးသတ်ရန် စိန်ခေါ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ်ထပ်မံ ထိုးသတ်ခဲ့ကြပါတယ်။ အဆိုပါပွဲစဉ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံးအားကစားကွင်းတွင် ကျင်းပခဲ့ပြီး အောင်လန်အန်ဆန်းက လက်ရည်အသာဖြင့်ထိုးသတ် အနိုင်ယူခဲ့ခြင်းကြောင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇၊ ဇွန်လမှာ ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အောင်လအန်ဆန်းမှာ ပြီးခဲ့သည့် ၂၀၂၀၊ အောက်တိုဘာလတွင် နယ်သာလန်နိုင်ငံသား ရေနီယာဒီရိုက်ဒါကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ကမ္ဘာ့ချန်ပီယံဆုကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အောင်လအန်ဆန်းအနေဖြင့် ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ရန် ရည်မှန်းထားပြီး ရေနီယာဒီရိုက်ဒါကို ပြန်လည်စိန်ခေါ်ခွင့်ရရှိရန် ဗစ်တာလီဗစ်ဒက်ရှ်ကို အနိုင်ယူ‌ကျော်ဖြတ်ရန် လိုအပ်နေပါတယ်။

ဗစ်တာလီဗစ်ဒက်ရှ်မှာလည်း အောင်လအန်ဆန်းကဲ့သို့ ကမ္ဘာ့ချန်ပီယုံဆုကို ပြန်လည်ရယူနိုင်ရန် မျှော်လင့်နေပြီး အောင်လအန်ဆန်းကို အနိုင်ယူကျော်ဖြတ်ရန် လိုအပ်နေပါတယ်။

ချန်ပီယံပြိုင်ဘက်ဟောင်းများအနေဖြင့် တတိယအကြိမ်မြောက် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ပြီး ချန်ပီယံဆုပြန်လည်ရယူနိုင်ရေး အိပ်မက်များကို အကောင်အထည်ဖော်ရမည့်ပွဲစဉ် ဖြစ်သောကြောင့် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page