တစ်ချိန်က အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ “အခမဲ့ကူလီထမ်းခြင်း၏ အကျိုး”
အခမဲ့ကူလီထမ်းခြင်း၏ အကျိုး (ဦးဖိုးကျား)
လွန်ခဲ့သောခြောက်နှစ်ခန့်က ကျွန်ုပ်သည် မြို့ငယ် တစ်ခုသို့ အမျိုးသားကျောင်းစစ်ရန် သွားရ၏။ ၎င်းမြို့သို့ မီးရထား ဆိုက်လျှင် ကျွန်ုပ်၏ သူငယ်ချင်း သပိတ်မှောက် ကျောင်းသားဟောင်း ဆရာကြီးသည် လာ၍ ကြိုနေသည်ကို တွေ့ရ၏။
ဘူတာအနီးတွင် ကပ်၍ ကျွန်ုပ်၏ ရင်းနှီးသော မိတ်ဆွေတစ်ယောက် နေသည်ကို ခဏမျှ တွေ့လိုသည်နှင့် သူငယ်ချင်း ဆရာကြီးအား ကျွန်ုပ်၏ ပစ္စည်းများနှင့် သွားနှင့်ရန် ပြောဆို လွှတ်လိုက်၏။ အဆိုပါ ဘူတာ အနီးရှိ မိတ်ဆွေနှင့် စကားစမြည် ပြော၍ အတန်ကြာပြီးနောက် ဆရာကြီးအိမ်သို့ သွားတော့မည်ဟု ဘူတာ အနီးကပင် ဖြတ်၍ လာခဲ့ရာ- ဘူတာရုံ အတွင်း၌ သပ်ရပ်စွာ ဝတ်ဆင်၍ သနားကမား သူငယ်ကျောင်းသား အရွယ် တစ်ယောက်ကို တွေ့မြင်ရ၏ ၎င်းမှာ တစ်ယောက်တည်း လိုပင် ကျန်ရစ်ခဲ့ရာ မျက်နှာ မကြည်မသာ တစ်စုံတစ်ယောက်ကို သို့မဟုတ် တစ်စုံတစ်ရာကို မကျေမချမ်း စိတ်လက် ဆိုးနေဟန် ရှိ၍ တဖျစ်တောက်တောက်နှင့် ဟိုလျှောက် သည်လျှောက် ပြုနေသည်ကို တွေ့ရ၏။ ကျွန်ုပ် သည်လည်း မနေတတ်သည်နှင့်-
“မောင်- ဘာဖြစ်လို့လဲ”
“ဟာ- မပြောပါနဲ့ဗျာ၊ ကောလိပ် ကျောင်းပိတ်လို့ ပြန်လာတယ်၊ အိမ်ကို စာရေးထားတာ ဘယ်သူမှလဲ လာမကြိုကြဘူး၊ အခု ဒီမှာ ခွကျနေတာပေါ့”
“နေပါဦး- မောင်ရဲ့၊ ဘယ်သူမှ လာမကြိုလဲ ဘာအပန်းကြီးသလဲ၊ အိမ်က ဘယ်လောက် ဝေးလို့လဲ”
“သိပ်မဝေးပါဘူး၊ ဟိုဈေးနားတွင်ပဲ”
“အဲဒါဖြင့်လဲ မောင်ရယ်၊ ကိုယ့်ဟာကိုယ် သွားလိုက်ကရော့ပေါ့၊ လူလာမကြိုကော၊ ကိုယ့်အိမ်ကိုယ် ပြန်တာပဲ”
“ဟာ- ခင်ဗျားကြီး၊ တယ်ခွကျတာကိုး၊ (ကျွန်ုပ်ကိုပါ ရော၍ စိတ်ဆိုးသွားဟန် တူသည်) အိမ်နီးပေမယ့် စီးသွားစရာ လာနေကျ မြင်းလှည်းကလေး တစ်စီးဟာလဲ မရလိုက်ဘူး၊ ပြီးတော့ ဒီမှာ သားရေအိတ် တစ်လုံးနဲ့၊ ကူလီတွေလဲ မရှိတော့ဘူး၊ ဘယ့်နှယ် လုပ်မလဲဗျ”
ကူလီလိုသည် ဆိုသော သားရေအိတ်ကို ကြည့်လိုက်ရာ အရှည် တစ်တောင် တစ်မိုက်ခန့်၊ အနံ တောင်ဆုပ်လောက်မျှသာ ရှိသော သားရေအိတ် ဖြစ်နေ၏။ ထိုအခါ ကျွန်ုပ်ကပင်-
“ကဲ- မောင်၊ ဒီသားရေအိတ် အတွက်ဖြင့် ဝန်လေး မနေပါနဲ့၊ ကျုပ်ပဲ ဆွဲခဲ့ပါမယ်၊ ကဲ- သွားသာ သွားပါတော့”
ထိုအခါမှ သူငယ်သည် အတန် မျက်နှာကြည် လာပြီးလျှင် “အဲဗျာ၊ သွားရင်းလာရင်း ဆွဲခဲ့ပါတော့၊ ကျွန်တော် ကူလီခ ပေးပါ့မယ်” ဟု ဆိုလေ၏။ ကျွန်ုပ်သည် ကူလီခ အကြောင်းကို တစ်စုံတစ်ရာ ပြန်မပြောဘဲ သားရေအိတ်ကိုသာ ကောက်ယူ၍ သက်သက်သာသာပင် ဆွဲကာ ထိုသူငယ်နှင့် မြို့တွင်းဘက်သို့ လျှောက်လာခဲ့ကြ၏။ စာဖတ်သူအား ပြောရန် ကျန်သေးသည်။ ကျွန်ုပ်သည် ခရီးသွားသည့်အခါ အေးအေးချမ်းချမ်း သွားတတ်သည်နှင့် ထိုအခါက ပိုးကြားပေါက် လုံချည်အနွမ်းကို ဝတ်၍ ပင်နီရှပ်အင်္ကျီ တစ်ပတ်နွမ်းကို လက်ပင့် လက်လိပ်၍ မျက်နှာသုတ်ပုဝါကို ခေါင်းတွင် ထူထူပတ်ကာ ဝတ်ဆင်လျက် ရှိ၏။ ဖိနပ်မှာလည်း ပိန်းတန်းဖိနပ်မျှသာ ဖြစ်၏။ သို့ကြောင့်လည်း ထိုသူငယ်သည် ကျွန်ုပ်အား “ကူလီ”ငှါးရန် အားမနာခြင်း ဖြစ်ဟန် တူသည်။ နှစ်ယောက်သား လာခဲ့ကြရာ ကျွန်ုပ်က စ၍-
“မောင်- ကောလိပ်ကျောင်းမှာ နေတာ ဘယ်အတန်း ရောက်ပြီလဲ”
“အင်္ဂလိပ်လို၊ ဆီနီယာ-အိုင်အက်စီ (ISC) ခေါ်တယ်၊ ဗမာလိုတော့ ဟိုဒင်း … အဲ … ၁၂ တန်း ဆိုပါတော့ဗျာ”
“ဟင်- ရောက်လှပါပကော၊ နို့ နေပါဦး မောင်ရဲ့၊ အဲဒီ ၁၂ တန်း ရောက်တော့ ဘာတွေ သင်ရသလဲကွဲ့”
“အများကြီးပါဗျာ၊ အထူးကတော့ အက်ဒ်ဘန်းစ်ဒ်-အင်္ဂလိရှ် (Advance English) ဆိုတာ သင်ရတယ်ဗျ”
“မောင့်ဟာက အင်္ဂလိပ်လိုကိုး၊ ဗမာလိုလဲ ပြောဦးမှပေါ့”
“ဗမာလို မလွယ်ဘူးဗျ၊ နေဦး နေဦး၊ ဟိုဒင်း … အဲ၊ ရှေ့ရောက်သော … အဲ၊ ပိုမို၍ဖြစ်သော ဟာ- ဒါလဲ မဟုတ်သေးပါဘူးလေ၊ ဟိုဒင်း လွယ်လွယ် ဆိုကြပါစို့ဗျာ၊ သိပ်ခက်တဲ့ အင်္ဂလိပ်စာ ဆိုပါတော့”
“အင်း အင်း၊ ကောင်းပါရဲ့၊ နို့ မြန်မာစာများကော မသင်ရဘူးလားကွဲ့”
“ဘားမီး(ဆ်)လား၊ ခင်ဗျာ့ မြန်မာစာ ဘာခက်လို့လဲဗျ၊ ကျွန်တော်တို့ ကောလိပ်မှာ အရေးတကြီး မသင်ပါဘူး၊ စာမကြည့်ဘဲနဲ့ ပ(စ်) (pass) နိုင်ပါတယ်ဗျာ၊ အလကား အသုံးလဲ မကျလှပါဘူး”
“ဒါဖြင့် သည့်ပြင်ကော ဘာများ သင်ရသေးသလဲ”
“သည့်ပြင် တစ်ခုက ခယ်မစ်စတြီ (chemistry) ဆိုတာ သင်ရတယ်၊ အဲဒါက မြန်မာလို ရှိမယ် မထင်ပါဘူး၊ ဟိုဒင်း ဆိုပါတော့ဗျာ၊ ဓာတ်ခွဲပညာ ဆိုပါတော့၊ ဘယ်အရာ တစ်ခုဟာ ဘယ်ဓာတ် ဘယ်ဓာတ်များ ပေါင်းစပ်ပြီး ဖြစ်နေတယ် ဆိုတာတွေလဲ ပါတယ်ဗျ၊ ဥပမာဗျာ ရေဆိုတဲ့ ဓာတ်ဟာ ဘယ်ဓာတ် ဘယ်ဓာတ်များ ပေါင်းစပ်လို့ ဖြစ်တယ်ဆိုတာ သိရတယ်ဗျ”
“အို- တယ် နေရာကျ ပါကလား၊ ပြောစမ်းပါဦး မောင်ရယ်၊ ရေထဲမှာ ဘာတွေ ဘာတွေ ပါသတဲ့လဲ”
“ရေဆိုတာ။ အိတ်ခ်ျ-တူးအို (H2O) ဆိုတဲ့ ဓာတ်တွေကို ပေါင်းစပ်ထားတာဗျ”
“မောင့် (အိတ်ခ်ျ-တူးအို) ကို ဗမာလို ပြောဦးမှပေါ့ကွဲ့”
“ဟာ- ဘယ်မှာ အကုန်လုံးကို ခင်ဗျာ့ ဗမာစကားတွေနဲ့ ပြောနိုင်မလဲဗျ၊ ခင်ဗျာ့ ဗမာစကားကလဲ အင်မတန် ဆင်းရဲတယ်၊ ဒီလို အထက်တန်း စကားကြီးတွေကို ဘာသာပြန်ဖို့ ရှိမယ် မဟုတ်ဘူးဗျ။ ဒီတော့ အကြမ်းပဲ မှတ်ထား၊ အိတ်ခ်ျက နှစ်ဆ၊ အိုက တစ်ဆ၊ အဲဒါနှစ်ခု ရောရင် ရေ ဖြစ်တာပဲ”
“အဲလေ ဆိုပါတော့၊ ဒီတော့ ‘အိတ်ခ်ျ’ က ဘာ၊ ‘အို’ က ဘာ ဆိုတာလဲ ပြောဦးမှပေါ့”
“ဟာ- ခင်ဗျား တယ် အမေးအမြန်း ထူတဲ့ လူကြီးပဲ၊ ဒါတွေဟာ ဓာတ်သဘောတွေဗျ၊ ခင်ဗျားတို့ကို ပြောလို့လဲ နားလည်မှာ မဟုတ်ဘူး၊ အဲဒီတော့ အဲဒီ အင်္ဂလိပ်စာလုံး နှစ်လုံး ပေါင်းရင် ရေဖြစ်တယ် ဆိုတာသာ မှတ်ထားပါဗျ”
“နေပါဦး မောင်ရဲ့၊ မောင့် အင်္ဂလိပ်စာလုံးတွေ မပေါ်ခင်က ရေရှိနှင့်တယ် မဟုတ်လား၊ မောင့် အင်္ဂလိပ်စာလုံး နှစ်လုံးရှိမှပဲ ရေ ဖြစ်ရတော့မလား”
“ဪ- တယ်ခက်ပါကလား၊ ဒါက သင်္ကေတ အမှတ်အသားဗျ၊ အဲဒီစာနှစ်လုံးရဲ့ အရှည်အဓိပ္ပါယ် ရှိသေးတယ်၊ သိရဲ့လား၊ အဲဒီ အဓိပ္ပါယ် အရှည်ကို ကျွန်တော့်နုတ်ဘုတ် (note book) ထဲမှာ မှတ်ထားတယ်၊ အခု ပါးစပ်ထဲမှာတော့ မရဘူး၊ ပြီးတော့လဲဗျာ၊ ကျွန်တော်တို့ ဆရာက အဓိပ္ပါယ် ပြောတာ မရှင်းပါဘူး၊ ကျွန်တော်တို့ နားလည်အောင် မပြောတတ်ဘူးဗျ၊ ဒီဆရာတွေဟာ အလကားပါဗျာ” ဟု ဆရာကို လွှဲချပြီး သူ့ဇာတ်ကိုသူ မြန်မြန်သိမ်းလိုက် လေသတည်း။
“နို့ မောင်တို့ ကောလိပ်မှာ စားရပုံက ဘယ်လိုလဲကွဲ့”
“မှတ်ထား ဆရာကြီး၊ ကောလိပ် ဆိုတာကို ရောက်ဖူးမှ လူဖြစ်ကျိုး နပ်တာ၊ အနေအစား အကုန်လုံး အထက်တန်း အညွန့်စားချည်းပဲ မှတ်ထား၊ တစ်ခါထဲ နယူးလိုက်ဖ် (new life) ကို ရောက်သွားတာပဲ သိရဲ့လား”
“အဲ အဲ … ဘာတဲ့၊ နရူး(နွားရူး) အလိုက်ခံရသလား၊ ဟိုရောက်ရင်”
“အောင်မယ်၊ ဗျို့ ဆရာကြီး၊ ဒါ သရော်စရာ မဟုတ်ပါဘူး၊ ခင်ဗျားကြီးတို့ဟာ ပညာလဲ မတတ်၊ ယဉ်ကျေးတဲ့ အင်္ဂလိပ်စကားတွေလဲ နားမလည်၊ ဒါကြောင့် ခင်ဗျားတို့ ဗမာတွေ ခွကျနေတာ သိရဲ့လား၊ နယူးလိုက်ဖ် ဆိုတာ အင်္ဂလိပ်စကားဗျ၊ အသစ်အသက်၊ အနေအစား အသစ်တစ်မျိုးလို့ ဆိုတယ်၊ ကြည့်လေ၊ နေရတာက ကျွန်တော် တောမြို့ကလေးမှာ ဆယ်တန်းမှာ နေရတုန်းက သူဆင်းရဲသား၊ ကုန်သည်သား၊ သူကြီးသား ဆိုသလို သာမည လူတွေနဲ့သာ တွေ့ရတာကလားဗျ၊ ဟို ကောလိပ်ကျတော့ အနည်းဆုံး မြို့အုပ်သား၊ ဝန်ထောက်သား၊ အရေးပိုင်သား၊ မင်းကြီးသား ဆိုသလို အထက်တန်းစားတွေချည်း ကလားဗျ၊ အဲလေ ဆင်းရဲသားရဲ့ သားသမီးလဲ နည်းနည်းပါးပါးတော့ ရှိတာပေါ့၊ ဘာဖြစ်ဖြစ် ကျွန်တော်တော့ အထက်တန်းစားနဲ့မှ ရွေးပေါင်းတာပဲ၊ ကုန်ကုန် ပြောမယ်ဗျာ၊ ဖိနပ်တောင် ကြည့်ပါလား၊ ကျွန်တော် တောမြို့ကလေးမှာ နေတုန်းက ၁၀ ကျပ်တန်၊ ၁၅ ကျပ်တန်အထက် ပိုမစီးရဘူး၊ ခုတော့ ဟော ၂၀ ကျပ်တန်အောက် မစီးရဘူးဗျ”
“နေပါဦး၊ ၂၀ ကျပ်တန်အောက် မစီးရတာက မောင်တို့ ကောလိပ်မှာ ဥပဒေ လုပ်ထားလို့လား”
“ဘယ်က ဥပဒေ လုပ်ထားရမှာလဲဗျ၊ ခင်ဗျားကြီးလဲ တော်တော် အ,တာပဲ၊ ဟိုမှာ အထက်တန်းစားတွေနဲ့ ပေါင်းရတာဗျ၊ ခင်ဗျား ၁၀ ကျပ်တန် အစုတ်တွေနဲ့ မဖြစ်ဘူးဗျ၊ လူထဲ မတိုးဘူးဗျ၊ သိရဲ့လား၊ အခု ကျွန်တော် စီးထားတဲ့ ၂၀ ကျပ် ၂၅ ကျပ်တန်တောင်မှ လူထဲဝင်နိုင်ရုံ ရှိသေးတယ်။ သိရဲ့လား၊ ၃၀ ကျပ်တန် ၄၀ ကျပ်တန် စီးနိုင်မှ ဖိနပ်ကို လူဝိုင်းကြည့်တာဗျ”
“ဟင်- မောင်တို့ကောလိပ်က လူအဖိုးတန်တာ အရေးမကြီး၊ ဖိနပ်အဖိုးတန်တာ အရေးကြီးသလို နေပါကလား”
“တယ်- ခင်ဗျားကြီး အင်မတန် နုံသေးတာကိုး၊ တော်ပါဗျာ၊ ကောလိပ်ဆိုတာ ကြွားဖို့ဗျ၊ ကြွားဖို့၊ လူပေါ်လုပ်ဖို့ သိရဲ့လား၊ အစစအရာရာ အထက်တန်းချည်းပဲ သွားရ၊ စားရ၊ နေရတယ်၊ ကြည့်ပါလား၊ ကျွန်တော်ဟာ ကောလိပ်ကို အသွားအပြန် စက်ကင်းကလပ်စ် ဆိုတဲ့ ဘိုစီးတွဲမှ စီးတယ်၊ ခင်ဗျားတို့ စီးတဲ့ တတိယတန်း ဆိုတဲ့ ဆင်းရဲသားတွဲကို ဘယ်တော့မှ မစီးဘူး၊ အဲဒီ စက်ကင်းကလပ်စ် ဆိုတာ ခင်ဗျားတို့ ဆင်းရဲသားတွဲတွေလို သစ်သားခုံနဲ့ ညစ်ပတ်ပြီး ကြမ်းပိုးကိုက်တာ မဟုတ်ဘူး၊ သိရဲ့လား၊ ဆိုဖာဆိုတဲ့ မွေ့ရာတစ်မျိုးကို ခင်းထားတယ်၊ အောက်က စပရိန် ထည့်ထားတယ်၊ ပြီးတော့ ဓာတ်မီးတွေ၊ ပန်ကာတွေ၊ မှန်တွေ၊ ရေတွေ စုံလို့ပါပဲဗျာ၊ တစ်ခါလောက် ခင်ဗျားတို့ကို စီးစေချင်တယ်၊ တစ်ခါတည်း လျှာလည် သွားမှာပဲ၊ ပြီးတော့ အဲဒီ ဘိုစီးတွဲ အခက ခင်ဗျားတို့ ဆင်းရဲသားတွဲ အခရဲ့ သုံးဆ ပေးရတယ်၊ သိရဲ့လား၊ အဲလေ တချို့ ပိုက်ဆံဝါလားတွေဟာ ပိုက်ဆံပေါလို့ စီးပေတဲ့ ဘိုစီးတွဲနဲ့ သူတို့နဲ့ တခြားစီပါဗျာ၊ ဟော-ကျုပ်တို့လို အင်္ဂလိပ်စာတတ်တဲ့ ကောလိပ်ကျောင်းသားလဲ ဖြစ်ရမယ်၊ စတိုင်ကျကျ လှလှပပ ဝတ်ဆင်ရမယ်၊ ကျွန်တော့် ဘိုဆံထောက်ကို ကြည့်စမ်း၊ လိမ်းထားတာ ဆီရိုးရိုး မဟုတ်ဘူး၊ ဟို ဘိလပ်တို့၊ အမေရိကန်တို့က လာတဲ့ ဆီမွှေးတို့ ကော့စမက်တစ်တို့ကိုသာ လိမ်းတယ်၊ ပြီးတော့ ပေါင်ဒါဆိုတဲ့ အမွှေးမှုန့်တို့၊ ကတ္တီပါရည်တို့ အဲဒါမျိုးတွေကို လိမ်းလို့၊ အဲဒီလို လှလှပပ ကျကျနနနဲ့မှ ဘိုစီးတွဲနဲ့ တော်တာဗျ၊ ခင်ဗျားတို့ တောသားကြီးတွေနဲ့တော့ အလကားပါဗျာ၊ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ ဆိုသလို မနေဘူးလား”
“မောင်ရယ်၊ မောင့် ဘိုစီးတွဲ မစီးရချင် နေပါစေတော့၊ ယောက်ျား ဖြစ်ရက်သားနဲ့ သနပ်ခါး မျက်နှာချေတွေတော့ မလိမ်း မဆင်ဝံ့ဘူး မောင်ရဲ့”
“အလို ခင်ဗျားကြီး အတော် လာပါကလား၊ ဒါလောက် ပြောနေတာတောင် သဘောမပေါက်သေးဘဲကို၊ ခင်ဗျားတို့ ဗမာတွေ မကြီးပွါးတာ အဲဒီလို ခေတ်မမီ ခေတ်မဆန်တာတွေကြောင့်ပဲ၊ နားလည်ရဲ့လား”
ကျွန်ုပ်သည်လည်း ပြုံးရယ်၍သာ နေလိုက်၏။ ထိုသို့ နှစ်ယောက်သား လာခဲ့ရာ အိမ်အနီးသို့ ရောက်လာလေ၏။ အိမ်ဝသို့ဝင်လျှင် ၎င်းသူငယ်၏ အမိ၊ အစ်မ၊ နှမများနှင့် တူသော မိန်းမတစ်စုက စုဝိုင်း၍ “ဟော-ငါ့သားကလေး ပြန်လာပြီ၊ ဟော- မောင်သောင်း ပြန်လာပြီ၊ ဟော-ကိုကို ပြန်လာပြီ၊ အမေလဲ အခုပဲ မင့်ဆီက စာကို ရတယ်၊ ရရခြင်း အဝတ်အစား လဲပြီး အခု ဘူတာ ဆင်းမလို့ပဲ၊ မင်းစာက နောက်ကျ နေတာကိုးကွဲ့” မောင်သောင်းမှာ များစွာ စိတ်ဆိုးသော မျက်နှာဖြင့် “ဟောဗျာ၊ ဒဲမစ် (damn it) ခင်ဗျားကြီးတို့ ဒီလိုချည်းပဲ၊ စာကို ကပျာကယာ ပေးရတာဗျ၊ ရရခြင်း ဆင်းလာ ပြီးရောပေါ့၊ ကတဲ- လှချင်လိုက်ကြတာ၊ တယ်” ထိုအခါ အစ်မကြီး ဖြစ်ပုံရသူက “မဟုတ်ဘူးကွဲ့ မောင်သောင်းရဲ့၊ မင်းပဲ လိုတယ်၊ သံကြိုးရိုက်လိုက်ပါလား၊ ကတဲ ပိုက်ဆံကလေး သုံးမတ် တစ်ကျပ်ကို ဂရုစိုက်လို့”
“မဟုတ်ဘူး မမရဲ့၊ တနင်္ဂနွေနေ့ ကျနေလို့၊ အားဂျင်းဖီးစ် နှစ်ဆ ပေးနေရမယ် သိရဲ့လား၊ ပြီးတော့ ပိုက်ဆံလဲ မပိုဘူး၊ ဟိုဒင်း ရွေးရ၊ ဒီဒင်း ရွေးရနဲ့” နှမငယ်က ဝင်တဲ့၍ “အဟုတ်သားပဲ ကိုကိုမှာ ဘယ်တော့မှ ပိုက်ဆံ ပိုပိုမိုမို မသုံးရဘူး၊ ပိုက်ဆံ မှာလိုက်ရင် ဟောဟို ဖေဖေက ဝင်ဝင်ပြီး များတယ် ဘာတယ်နဲ့၊ ကိုင်း ခုတော့ ဘယ့်နှယ် နေသေးလဲ၊ ကိုကို ခြေကျင်လျှောက် လာရတော့ ကောင်းသေးရဲ့လား” ဟု ဝမ်းနည်းပက်လက်နှင့် ငိုမဲ့မဲ့ ပြောလေသည်။
ခေါင်းရင်းခန်းတွင် ကုပ်၍ ထိုင်နေရှာသော အဘိုးကြီးက ၎င်း သားအမိ တစ်စုကို ကြည့်၍ မဲ့လိုက်သည်ကို ကျွန်ုပ် မြင်လိုက်ရသဖြင့် ၎င်းသားအတွက် အိမ်တွင် ရှေးရိုးအဘိုးကြီးက တစ်ဖက်၊ ခေတ်ဆန်သော သားအမိတို့က တစ်ဖက် ဖြစ်နေကြသည်ကို ကျွန်ုပ် ရိပ်မိလိုက်လေ၏။ ကျွန်ုပ်မှာလည်း ခေါင်းက မျက်နှာသုတ်ပုဝါကို ခပ်အုပ်အုပ် ပတ်ကာ သားရေအိတ်ကို အိမ်ပေါ်တွင် ချ၍ အမှတ်မဲ့ ထွက်သွားမည်ဟု လှည့်လိုက်ရာ အမယ်ကြီးက မြင်၍ “ဟဲ့- ကူလီခ ပေးကြဦးလေ” ဟု ဆိုမှ မောင်သောင်းသည် ပိုက်ဆံနှိုက်ကာ
“အို ဟုတ်ပါရဲ့၊ ဟောဒီဆရာကြီး ရှိလို့၊ နို့မဟုတ်ရင် အခက်ပဲ” ဆိုပြီး ပိုက်ဆံတစ်မူး ကျွန်ုပ်အား ပေးလေသည်။ ကျွန်ုပ်က “အို- နေပါစေ၊ ကျုပ်လဲ ခရီးကြုံတာနဲ့ ကူဆွဲ လာတာပါ၊ နေပါစေ” ဆိုပြီး ထွက်ခဲ့၏။ ထိုအခါ အစ်မကြီး ဆိုသူက “အို- ဒီမှာ ဦးကြီးရဲ့” (ထိုအခါ ကျွန်ုပ်က ပြုံး၍ ပြန်လှည့်ကြည့် လိုက်ရာ) ဟာ- ဟုတ်ပေါင် မောင်ကြီးရဲ့၊ ဟာ- ဟုတ်ပေါင် ဒီမှာ ကိုဟိုဒင်းရဲ့၊ ပိုက်ဆံ ယူသွားပါလေ” ဟု ဆိုကာ ပိုက်ဆံလိုက်၍ ပေး၏။ ကျွန်ုပ်ကား လွတ်အောင် သုတ်သုတ် ထွက်ခဲ့၏။
ထိုအခါ ညီမငယ်က ရယ်၍ “မမက လောလိုက်တာ၊ ဦးကြီးရဲ့တဲ့၊ လူကြည့်တော့ဖြင့် မမနဲ့ ရွယ်တူလောက် ရှိတယ်၊ ပြီးတော့ ကိုဟိုဒင်းတဲ့၊ ဟိုက ပြုံးသွားတာ မြင်လိုက်ကဲ့လား” ဆိုသည်တွင် အစ်မကြီးက “ဘာလဲ ကောင်မလေးက တော်တော်ရွှန်း၊ နင် တယ် ထတယ်” ဟု ကြိမ်းမောင်းသံကို သန့်သန့် ကြားလိုက်ရလေ၏။ ကျွန်ုပ်၏ သူငယ်ချင်း ဆရာကြီးအိမ်သို့ ရောက်၊ ညစာစား၊ နောက်နေ့ ကျောင်းစစ်ရ၏။ ၎င်းညနေတွင် ဆရာကြီးက ကျောင်းဥက္ကဌအိမ်တွင် ထမင်းစား ဖိတ်ထားကြောင်း အခြားကော်မတီ သုံးလေးယောက် ကိုလည်း ဖိတ်ထားကြောင်း ပြောဆို၍ နှစ်ယောက်သား ရေမိုးချိုး အဝတ်အစား လဲကာ ထွက်ခဲ့ကြ၏။
ကျွန်ုပ်မှာ ယခုသော် ပိုးသားလုံချည် အင်္ကျီနှင့်တကွ ခေါင်းပေါင်း ပေါင်း၍ အတန် သပ်သပ်ရပ်ရပ် ရှိသွားလေ၏။ ယခုအနေ မောင်သောင်းသာ မြင်ရပါလျှင် “ကူလီ” ငှါးရန် အားနာဖွယ် ရှိ၏။ လာခဲ့ကြရာ မောင်သောင်းတို့အိမ် လမ်းသို့ ရောက်လေသဖြင့် ထိတ်ခနဲ ဖြစ်သွား၏။ စိတ်မလုံသည်နှင့် “အခုသွားမှာ ဘယ်အိမ်ကိုလဲ” ဟု ဆရာကြီးအား မေးရာ ခပ်လှမ်းလှမ်းရှိ မောင်သောင်းတို့ အိမ်ကိုပင် ပြလေသတည်း။ ကျွန်ုပ်က “ဟိုက်- ခွကျကုန်ပြီ” ဟု လွှတ်ခနဲ ဆိုမိ၏။ ဆရာကြီးက လှည့်ကြည့်၍ “ဟေ့လူ ဘာဖြစ်တာလဲမင် …”
“ဟာ- ဘာမှ မဖြစ်ပါဘူး၊ သွားသာ သွားပါကွယ်” ဆို၍ ဘာဖြစ်ဖြစ်ဟု စိတ်တင်း၍ လိုက်ခဲ့ရ၏။
အိမ်သို့ ရောက်ကြလျှင် လှမ်းကြည့်လိုက်ရာ မောင်သောင်းကို ရုတ်တရက် မြင်လိုက်ရ၏။ မောင်သောင်းသည် ကျွန်ုပ်ကို မှတ်မိပုံရ၏။ ရုတ်တရက် အခန်းတွင်းသို့ ခပ်သုတ်သုတ် ဝင်သွားလေ၏။ မောင်သောင်း၏ အမိ၊ အဖ၊ အစ်မ စသည်တို့ကား ကျွန်ုပ်ကို မှတ်မိပုံ မရချေ။ ကျွန်ုပ် “ကူလီ” ဘဝနှင့် ရောက်စဉ်က အဝတ်အစား ညစ်ထပ်ထပ်နှင့် မျက်နှာကို မျက်နှာသုတ်ပဝါဖြင့် ခပ်အုပ်အုပ် ပတ်စည်း ထားသောကြောင့် လည်းကောင်း၊ အိမ်သား အားလုံးတို့မှာ မောင်သောင်းကိုသာ ဝိုင်း၍ ဂရုစိုက်ကြသောကြောင့် လည်းကောင်း ကျွန်ုပ်ကို မမှတ်မိခြင်း ဖြစ်ရ၏။
ကျွန်ုပ်သည်လည်း ဣန္ဒြေမပျက် နေ၏။ မောင်သောင်းတို့ အိမ်သားများက ပျူပျူငှါငှါ ဧည့်ခံကြလေ၏။ အတန်ကြာလျှင် အဘိုးကြီးက “ဟဲ့-မောင်သောင်း တစ်ယောက်ကော၊ ဒီမှာ ပညာဝန်များ လာကြတယ်၊ စကားစမြည် ပြောရအောင် လာလကွယ်” ဟု အိမ်တွင်းဆီသို့ လှမ်း၍ ခေါ်လိုက်၏။
ထိုအခါ သမီးအငယ်က “ဖေဖေ၊ ကိုကိုရယ် ဟိုဦးလေးကြီး အိမ်ကိုတဲ့၊ အရေးကြီးလို့တဲ့၊ ခုပဲ ဆင်းသွားတယ်၊ တော်တော်ကြာမယ်လို့လဲ ပြောသွားတယ် ဖေဖေ” ထိုအခါ အဘိုးကြီးမှာ ကျေနပ်ပုံ မရချေ၊ “တယ် ခက်သကို၊ ဧည့်တွေ စောင်တွေ ရောက်မှ ထွက်သွား ရသတဲ့လား (ကျွန်ုပ်ဘက်သို့ လှည့်၍) မောင်ရေ့၊ သားတစ်ယောက် ကောလိပ်ကျောင်းမှာ ထားရတယ်၊ သူတို့ကောလိပ် ဆိုတာက အင်မတန် …” ထိုအခါ အမယ်ကြီးက အဓိပ္ပါယ်ပါသော မျက်နှာဖြင့် အဘိုးကြီးကို ကြည့်လိုက်ရာ “အဲ အဲ သူတို့ကောလိပ် ဆိုတာက အင်မတန် ကြီးကျယ်ဆိုပဲ မောင်ရဲ့” ဟု အစသတ် လိုက်လေ၏။ ကျွန်ုပ်ကား အဓိပ္ပါယ်ကို နားလည်လိုက်ပါ၏။
ကျွန်ုပ်တို့လည်း စားသောက် စကားစမြည်ပြောပြီး ပြန်ခဲ့ကြ၏။ ၎င်းနောက် အခြား နှစ်မြို့သုံးမြို့တွင် ကျောင်းစစ်ပြီးနောက် ရန်ကုန်သို့ ပြန်ခဲ့၏။
၎င်းနောက် ငါးလ ခြောက်လခန့် ကြာသောအခါ ကျွန်ုပ်သည် မောင်သောင်းကို မေ့၍ နေချေပြီ။ တစ်နေ့၌ ထူးထူးခြားခြား စာတစ်စောင် ရောက်လာ၏။ စာအိတ်မှာ စာရင်း စာအုပ်ဟောင်း တစ်ခုမှ ဆုတ်ယူအပ်သော မျဉ်းကြောင်းနှင့် စာရွက်ကို အိမ်တွင် ကတ်ကျေးဖြင့် ကိုက်ညှပ်၍ ထမင်းလုံး ကော်ဖြင့် ကပ်ထားသော အိမ်လုပ်စာအိတ် ဖြစ်၏။ အပေါ်က လိပ်စာမှာ ရှေးလက်ရေး ဘုန်းကြီးကျောင်း လက်ရေးရိုးကြီးဖြင့် သေသပ်လှပစွာ ရေးထား၏။ ထူးခြားလှ၏ဟု ဖောက်၍ကြည့်ရာ အောက်ပါစာကို တွေ့ရလေ၏။
“… မြို့နေ မောင်သောင်း၏ ဖခင်က စာအားဖြင့် အကြောင်းကြားပါသည် မောင်ဖိုးကျား။ ။ စေတနာရိုးရိုးဖြင့် ပို့အပ်သော မေတ္တာကို ခံယူပါ၊ မောင့်အကြောင်းကို မောင်သောင်းက ဖွင့်ပြော၍ သိရပါပြီ၊ ဟို ထမင်းကျွေးတဲ့ နေ့က သူ့ဦးလေးအိမ်ကို သွားတယ်ဆိုတာ ရိုးရိုးမဟုတ်ဘူး၊ ပြေးတာ၊ သူ့ကိုယ်သူ ရှက်၍ မောင်နဲ့ မျက်နှာ မဆိုင်ဝံ့လို့ ပြေးခြင်းပါ၊ မောင်နဲ့ တွေ့ရကြုံရ ကတည်းက အလွန် နောင်တရပြီး ယခု အလွန်ပြောင်းလဲ သွားပါပြီ၊ မောင့်ကြောင့် ကျုပ်သား အဖိုးတန် လာလေသဖြင့် မောင့်အား မည်မျှ ကျေးဇူးတင်သည်ကို မပြောတတ်သလောက် ရှိရပါသည်။
မောင်နှင့် မတွေ့မီက ကျုပ်သားဖြင့် ပစ်ရပြီ၊ ဒီသားကလေး တစ်ယောက်ကို ဘယ်လိုပြုပြင် ကယ်ဆယ် ရပါမည်လဲဟု တကြောင့်ကြကြနှင့် နေရပါသည်။ ယခု မောင်မင်းကြီးသား ကယ်ပေလို့ ကျုပ်သား ကျွတ်ပါလေပြီ၊ အဖြစ်ကို ပြောပါရစေဦး၊ ကျုပ်သား ပျက်တာဟာ သူ့အမေ၊ အစ်မ၊ ညီမတွေ ကြောင့်ပဲ၊ ကြည့်ပါဦး မောင်ရယ်၊ သားက ကောလိပ်က နေပြီး ငွေမှာရင် ၃၀ ကျပ်မှာရင် အနည်းဆုံး ၄၀ ကျပ်လောက် ပို့ကြတယ်၊ ကျုပ်က ပိုမပို့ဘဲ လျှော့ပို့ဖို့ ပြောရင် သူ့အမေက ရှင်က ဘာသိလို့လဲတဲ့၊ ဟိုမှာ လူထဲ နေရတာ၊ လူလို နေရတာတဲ့ မောင်ရယ်၊ အဲဒီလို မအေလုပ်စားတဲ့လူက စ,လိုက်ရင်ပဲ အစ်မတွေ ညီမတွေက တစ်ခါတည်း ဝိုင်းဆူကြတာပဲ၊ ကျုပ် ဘယ့်နှယ် နိုင်နိုင်မလဲ၊ သူတို့က ဝိုင်းဆူတော့ ကျုပ်က ဘာလုပ်သလဲ သိလား၊ ကျုပ် ဘုန်းကြီးကျောင်းကို ထွက်သွား လိုက်တာပေါ့၊ ကျုပ်မှာလဲ အားကိုးနဲ့ကလား မောင်ရဲ့။ တစ်ခါကလဲ ကြည့်ပါ့ မောင်ရယ်၊ မောင်သောင်း ကောလိပ်က ပြန်လာလို့ ထမင်းဝိုင်းစားကြတော့ မောင်သောင်းက ဟင်းချို မချိုဘူးတဲ့၊ သူတို့ ကောလိပ်မှာ ၁၂ မျိုး ဆိုလား၊ ၁၃ မျိုး ဆိုလား၊ အဲဒီဟင်းချိုမှ ချိုသတဲ့၊ ဒီတော့ ကျုပ်က မောင်သောင်းရယ်၊ ဟင်းချို ဆိုတာဟာ ပူရင် ချိုတာပေါ့ကွဲ့လို့ ပြောမိတာနဲ့ သားကလဲ စိတ်ဆိုးပြီး ထ,သွားတယ်၊ သူ့အမေကလဲ ကျုပ်ကို လက်ညှိုး ကောက်ကောက် ထိုးလို့၊ ရှင့် ကိုအောင်ဘန်းရဲ့တဲ့၊ ရှင်တို့သာ ဟင်းရွက်ပြုတ်ရေကို ဆားခတ်ပြီး ခပ်ပူပူ လုပ်သောက်ကြ၊ ကျုပ်သားကိုတော့ အတင်းမတိုက်ပါနဲ့ ဆိုပြီး သူ့သားကလေးကို တရုတ် ခေါက်ဆွဲဆိုင် ခေါ်သွားပြီး အဲဟိုမျိုးစုံ ဟင်းချိုကို ဝယ်တိုက်သတဲ့၊ ကျုပ်က ဟင်းချိုဟာ ပူရင်ချိုတာပဲ ဆိုတာ လွန်သလား မောင်ရယ်၊ ဟုတ်ကော မဟုတ်ဘူးလား မောင်ရယ်၊ ကျုပ်တို့ ခေတ်တုန်းကတော့ ဟုတ်တာပဲ၊ အခု သူတို့ ခေတ်တော့ မပြောတတ်ဘူး”
“မောင့်တော့ ပြောရဦးမယ်၊ တစ်ခါကလဲ သူတို့ ဘောလုံးရိုက် ကစားတဲ့ လက်ရိုက် တစ်ခုတဲ့ ဝယ်လာတယ်၊ ကျုပ်က မနေတတ်လို့ ဘယ့်လောက် ပေးရသလဲလို့ မေးကြည့်တော့ ကြည့်ပါဦး မောင်ရယ် ၃၅ ကျပ်တဲ့၊ ဘုရား ဘုရား၊ ကစားစရာ လက်ရိုက် တစ်ခုကို ၃၅ ကျပ်တဲ့ မောင်ရယ်၊ ကြားဖူးပါစ၊ ဒီတော့ ကျုပ်မလဲ အံ့အားသင့်ပြီး မောင်သောင်းရယ်၊ ငါ့သား ဒီလောက် မိုက်သလားကွယ်၊ ၃၅ ကျပ်ဆိုတဲ့ ငွေဟာ နည်းတာ မဟုတ်ပါကလား၊ ဟိုဒင်း နွားမ တစ်ကောင်ဖိုးလောက် ရှိနေပါပြီလားလို့ ပြောမိပါတယ် မောင်ရယ်၊ သူ့အစ်မက အခန်းထဲက ကြားတော့ ထွက်လာပြီး ဖေဖေကလဲ တွေ့ကရာ လိုက်ပြီး ဟန့်နေတာကိုး၊ စာမသင်တဲ့လူ ဆိုတာ ညောင်းတယ်၊ ကိုယ်ဆန့် လက်ဆန့်လုပ်မှ ကျန်းမာတယ်တဲ့၊ ဒီတော့ ကစားစရာ ဆိုတာ ဝယ်ရတာပဲ ဖေဖေရဲ့တဲ့၊ ဒီတော့ ကျုပ်က အေးလကွယ်၊ ကိုယ်ဆန့် လက်ဆန့် ဖြစ်ဖို့ နင်တို့ ၃၅ ကျပ်တန် လက်ရိုက်ရမှ မဟုတ်ပါဘူးဟဲ့ မယ်ခရဲ့၊ ထုပ်ဆီးတမ်း ဖန်ခုန်တမ်း ကစား ပါလားကွဲ့၊ လမ်းလျှောက် ပါလားကွဲ့၊ ပြေး ပါလားကွဲ့၊ အပုံပါ သမီးရယ်၊ နင်တို့ ၃၅ ကျပ်တန်ရမှ မဟုတ်ပါဘူးလို့ ကျုပ်က ပြန်ပြောတယ်၊ ပြောနေရင်း သူ့အမေ ပေါက်လာပြီး ကိုအောင်ဘန်း ရှင် ဝင်ရှုပ်ပြန်ပလားတဲ့၊ ရှင်သာ နွားမ တစ်ကောင်ကို ၃၅ ကျပ် ပေးဝယ်ပြီး နို့ညှစ် ရောင်းစားပေတော့၊ ကျုပ်သားကတော့ ကောလိပ်ကျောင်းသား အင်္ဂလိပ်စာတတ်မို့ ဝယ်ချင်တာ ဝယ်ပစေ၊ ကုန်ကုန် ဘာဖြစ်သေးလဲတဲ့၊ အဲဒီတော့ ကျုပ်က ဘာလုပ်လိုက်သလဲ သိရဲ့လား၊ ကျုပ်က ဘုန်းကြီးကျောင်းကို ထွက်သွား လိုက်တာပေါ့”
“ပြီးတော့လဲ သူ့သားဆီက စာရောက်မှဖြင့် သူ့အမေမှာ အိမ်တကာ၊ ဈေးဆိုင်တကာ လိုက်ပြီး ပြောနေတာပဲ၊ သူ့သား ဘယ်အတန်း ရောက်ပြီ၊ တစ်လတစ်လ ငွေဘယ်လောက် ပို့ရတာကလားနဲ့ စုံပါရော မောင်ရယ်၊ ထမင်းစားတောင် လိုက်ခေါ်ယူရတယ်”
“ကျောင်းပိတ်လို့ ပြန်လာတဲ့ အခါ၊ အိမ်က အလုပ်ကလေးများ ခိုင်းလိုက်လျှင် ဟော- သူ့အမေတွေ အစ်မတွေက ရှေ့က ကာဆီး ကာဆီးနှင့် လာပါရော၊ အင်္ဂလိပ် ကျောင်းသား ကောလိပ် ကျောင်းသားများဟာ လက်အလုပ်တွေ၊ အလုပ်ကြမ်းတွေ မလုပ်ရဘူးတဲ့၊ ခိုင်းစရာရှိလျှင် သူတို့ကိုသာ ခိုင်းပါတဲ့၊ ကျုပ်လဲပဲ မင်္ဂလသုတ်၊ ပရိတ်ကြီး၊ သဒ္ဒါ၊ သင်္ဂြိုဟ်မှစ၍ မြန်မာစာ အတော်အတန် သင်ခဲ့ဖူးပါတယ်၊ အင်္ဂလိပ် ကျောင်းသားများ လက်အလုပ် အလုပ်ကြမ်း မလုပ်ရဘူး ဆိုတာ ဘယ်စာထဲမှာမှ မတွေ့ဖူးပါဘူး မောင်ရယ်၊ လူရဲ့ ဉာဏ်ရိုးရိုးနဲ့ စဉ်းစားကြည့်လျှင်လည်း မရပါဘူး မောင်ရယ်။ တစ်ခါတုန်းကလဲ မောင့်ကို ပြချင်တယ်၊ မောင်သောင်းကို ဘူတာရုံကို လိုက်ပို့ကြတယ်၊ လမ်းမှာ မိုးရွာထားလို့ ရွှံ့ဗွက်ကလေး နည်းနည်း ရှိတာကို အမေနှင့် အစ်မက မောင်သောင်းကို ပွေ့ချီပြီးတော့ ကူးကြသတဲ့၊ ကျုပ် ကြားတော့ ရှက်လိုက်တာ မောင်ရယ်၊ ကျုပ်ဘာလုပ်သလဲ သိလား၊ ကျုပ်က ဘုန်းကြီးကျောင်း ထွက်သွား လိုက်တာပေါ့။ အဲဒီလို မောင်သောင်း ပျက်စီးနေတာ မောင်က ကူလီပုံစံနှင့် ဆုံးမခဲ့တဲ့နေ့က စပြီး အတန် ပြောင်းလွဲပါပြီ၊ အရင်က တစ်လ ၁၀၀ ကျပ် ပို့ရတယ်၊ အခု ၅၀ ကျပ်သာ ပို့ရတယ်၊ တစ်ခါတစ်ခါ သူ့အမေများ အစ်မများက ပိုမိုပို့လျှင်လဲ ငွေကို မသုံးဘဲ အိမ်ကို ပြန်ယူခဲ့တယ်၊ ယူခဲ့တဲ့အပြင် သူ့အမေနှင့် အစ်မတို့ကို အပြစ်လဲ တင်၊ တရားလဲ ဟော၊ လားလား၊ သူတို့ ကောလိပ် ကျောင်းသားက ပြောတော့ တုတ်တုတ် မလှုပ်ဘူး၊ ငြိမ်နေ ကြတာပေါ့၊ ကျုပ်က တစ်ထောင့်က ပြုံးပြုံးကြီး နားထောင် နေလိုက်တာပေါ့၊ အင်း သူတို့တော့ ငါ့ဝဋ်လည်တာပဲလို့ ကျိတ်ပြီး ဝမ်းသာ လိုက်တာပေါ့ မောင်ရဲ့၊ အိမ်မှာ လုပ်စရာ ကိုင်စရာ ရှိလျှင်လဲ အခိုင်းကို စောင့်မနေဘူး၊ သူ့ဟာသူ ကောက်လုပ်တာပဲ၊ တံမြက်စည်းလှည်း ရေခပ်ကစပြီး အကုန်လုပ်တာပဲ၊ ရထားတို့ သင်္ဘောတို့မှာလဲ တတိယတန်းက ပိုမစီးဘူး၊ ဖိနပ်များလဲ ငါးကျပ်တန် ခြောက်ကျပ်တန်က ပိုမစီးဘူး၊ အများအားဖြင့်တော့ ခုံဖိနပ်တို့ ပိန်းတန်းတို့ကို စီးတာ များပါတယ်။ ကျုပ်သည် ကျောင်းကန်ဇရပ် ဆောက်လုပ်ခြင်း၊ သီလအမြဲ စောင့်ရှောက်ခြင်း စသည်ဖြင့် ဒါန၊ သီလ၊ ဘာဝနာများစွာ ပြုကျင့်ပါသည်၊ ပြုအပ်သော ကုသိုလ်ကောင်းမှု အလုံးစုံ၏ အဖို့ကို ခံယူပါ၊ ညအခါ မေတ္တာပို့လျှင် တရားကျမ်းဂန် အရ အဟံ အဝေရော ဟောမိဟု မိမိကိုယ်ကို ရှေးဦးစွာ မေတ္တာပို့ပြီးနောက် မောင်၏နာမည်ကို တပ်၍ မေတ္တာပို့ပါသည်၊ ပြီးမှ သားမယား၊ အိမ်သူအိမ်သား စသည်ဖြင့် အများအတွက် မေတ္တာပို့ပါသည်၊ ကျွန်ုပ်၏ လေးနက်သော မေတ္တာ ရိုးရိုးကြီးကို ခံယူပါလေ၊ မောင်၏ကျေးဇူး ကြီးလှပါ၏”
“ဪ ကောင်းစွ၊ ကောင်းစွ၊ ချမ်းသာစွ၊ ချမ်းသာစွ၊ ငါသည် အမှတ်မထင် ပြုအပ်သော အမှုတစ်ခုသည် အလွန် တာသွားလေစွတကား” ဟု နှစ်ခြိုက်စွာ မြည်ကျူးမိ၏။
ဤသို့ ကောင်းမှု တစ်ခု၏ အရသာကို ခံစားနေ၍ လေးငါးရက် မြောက်သော တစ်နေ့နံနက်၌ ကျွန်ုပ်သည် အိမ်ပြတင်းပေါက်မှ ရပ်ကြည့်နေစဉ် ခပ်လှမ်းလှမ်းမှ သူငယ် တစ်ယောက်သည် ငှက်ပျောခိုင် တစ်ခိုင်ကို ထမ်းကာ ကျွန်ုပ်ထံသို့ လာသည်ကို မြင်ရ၏။ အနီးသို့ ရောက်သော် အခြားသူ မဟုတ် မောင်သောင်းပင် ဖြစ်နေလေ၏။ ကျွန်ုပ်ကပင် ဆီး၍- “အလို မောင်သောင်း ပါကလား၊ ဘယ့်နှယ် မောင်ရယ်၊ ငှက်ပျောခိုင်ကြီးကို တပင်တပန်းကြီး ထမ်းလာရသလဲ၊ လန်ချားနဲ့ ဖြစ်ဖြစ်၊ ကူလီနဲ့ ဖြစ်ဖြစ် လာရောပေါ့”
“ကိစ္စမရှိပါဘူး ဦးရယ်၊ ကျွန်တော် အခု ကူလီကို တယ် မသုံးတော့ပါဘူး” ဟု ပြုံး၍ ပြော၏။
ကျွန်ုပ်သည်လည်း ယခင်က အကြောင်းကို သတိရသည်နှင့် “အေး- ဒါလဲ ဟုတ်ပါရဲ့၊ နို့ပေမဲ့ ကာလဌာန ကြည့်လုပ်ရပါတယ်၊ ကိုယ်တိုင် ပြုအပ်တဲ့ အခါလဲ ရှိတယ်၊ ကူလီလိုတဲ့ အခါလဲ ရှိတယ်၊ နေရာတကာတိုင်းကို မဆိုလိုပါဘူး၊ ခုနေရာမျိုးတော့ ကူလီငှါးကောင်း ပါတယ်ကွဲ့”
“ဦးကို ကျွန်တော် တောင်းပန်ရအောင် လာပါတယ်”
“မင်း တောင်းပန်စရာ မလိုဘူး၊ ငါ့မှာ ကူလီခ ရပြီ၊ ရသင့်သည် ထက်တောင် အများကြီး ပိုရတယ်၊ ရော့ ဟောဒီမှာ ကြည့်စမ်း” ဆို၍ သူ့ဖခင်ထံမှ စာကို ထုတ်ပြလိုက်၏။
စာကို ဆုံးအောင် ဖတ်ပြီးနောက် အတန်ကြာ တွေ၍နေ၏။ အမှန်မုချ ထူးခြား မွန်မြတ်လှသော အရသာကို ခံစားနေသည်ကို ကျွန်ုပ် သိ၏။ ထိုသူငယ်၏ နှလုံး၌ မွန်မြတ်သော စိတ်ဓာတ်တို့ တဖွားဖွား ဖြစ်နေသည်ကို ကျွန်ုပ် သိ၏။
ထိုသည့်နောက် အလာပ သလ္လာပ စကားပြောကြ၍ “ကိုင်း မောင်၊ မောင်လဲ ကျောင်းတက်ရဦးမယ် ပြန်ပေတော့၊ အချိန်လဲ နည်းနည်းသာ ရှိတယ်၊ ခရီးကလဲ အတန်ဝေးတယ်၊ အဲဒီတော့ ဒီလိုနေရာ ဒီလိုအခါမျိုးမှာ မြင်းရထား ကလေးတောင် မကဘူး၊ မော်တော်ကားနဲ့ပဲ သွားရလိမ့်မယ်” ဟု ကျွန်ုပ်က ဆို၍ ထိုသူငယ်က ငြင်းဆန်နေစဉ် တွန်းတွန်းပို့ပို့နှင့် ကားတွင်းသို့ ထည့်ကာ မော်တော်ကားဖြင့် သွားစေ လိုက်ပါသတည်း။
ဦးဖိုးကျား (ကိုယ်တွေ့ဝတ္ထုတိုများ)